ဘုန်းဘုန်း အသဲ ကွဲတယ်
အညာက ရွာတရွာမှာ အပျော်ကြိုက်တဲ့ဆရာတော် တပါး ရှိပါတယ်။ အဟော အပြော ကောင်းသလို စိတ်ထား ကောင်းကိုလည်း ပိုင်ဆိုင်ထား၏။ ဆရာတော် တရားဟောရင် ဒကာ၊ ဒကာမတွေ မပြောနဲ့ သံဃာ အချင်းချင်း ပင် တဟားဟားနဲ့ ပွဲကျတော့တာပဲ ။
ကိုယ်တော်တပါးက FB ပေါ်လာတာ သိပ် မကောင်းလှဘူး ၊ ဘယ်ကမှန်း မသိ ၊ ဘာမှန်းမသိနဲ့ ခုယူ ခုကွဲ၊ မင်္ဂလာတရား ဟောရတာတောင် မျက်စိလည်လှပြီလို့ ပြောတော့ ဆရာတော်က-
“ ကိုယ်တော်ရယ်၊ အ-လိုက် ပါဘိ၊ FB က ကိုယ်တော်တို့၊ တပည့်တော်တို့ရဲ့ကျေးဇူးရှင်ပါဗျ”
“ ဘယ်လို၊ ဘယ်လို ဆရာတော်၊ FBက တပည့်တော်တို့ရဲ့ကျေးဇူးရှင် ၊ ဟုတ်စ”
“ ဟုတ်တယ်လေ၊ သူ့ကောင်းမှုကြောင့် ကိုယ်တော်တို့ တပည့်တော်တို့ မင်္ဂလာဆွမ်း မကြာ
မကြာ စားနေရတာ ၊ တစ်ယောက်ထဲ မင်္ဂလာဆွမ်း နှစ်ကြိမ် သုံးကြိမ်တောင် ပါလိုက်သေး“
အလှူပွဲတစ်ခုတွင် ရင်းနီးသော ဒကာ တစ်ယောက်က ဆရာတော်ကို စသလို နောက်သလို အတည်လိုလိုနဲ့ လျှောက်တယ်-
“ ဆရာတော် ဘုရား၊ ‘တရားဆို တိုမှ ၊ ဟင်းဆို ချို မှ’ ၊ တပည့်တော် တို့က အလုပ်များတယ်”
တရားနာချိန်လည်းရောက်ရော ဆရာတော်က တရားတော်ကို အမည်ပေး၊ ဘုရားရှိခိုးပြီးတာနဲ့ “ တရားဟော ရတာလည်း ဒကာအကြိုက်၊ ဘုန်းကြီးအကြိုက် ဆိုတာရှိတယ်”ဟု စကား နိဒါန်း စပါလေတော့၏။
“ ဒကာတွေအကြိုက်က တရားတိုတာပဲ၊ တရားများရှည်ပြီဆို "တီ"ဆားတို့ထားသလို ဟိုတွန့် ဒီလိမ်နဲ့ ဂနာကို မငြိမ်တော့ဘူး၊ မင်းတို့အကြိုက်က ဒီလို မဟုတ်လား၊ နောက်က လိုက်ဆိုကြ”
📷 တရား ရှည်ကြာ
📷 ခါးတွေ နာ
📷 စိတ်ပါတိုတယ် ဘုရား။
📷 တရား တိုမှ
📷 ဟင်း ချိုမှ
📷 လူများ သဘောကျ။
“ ပြောတော့ တရားဆို တိုမှ ၊ ဟင်းဆို ချိုမှတဲ့၊ ငါတို့ကို ကပ်တာတော့ အချဉ်ဟင်း”
တရားနာ ပရိသတ်မှာ တဝါးဝါး ဖြစ်ကုန်တယ်။
“အေး - ဒကာတွေ အကြိုက် ပြောပြီးရင် ဘုန်းဘုန်းတွေ အကြိုက် ပြောရသေးတာပေါ့၊ မင်းတို့ဒကာတွေ လှူလို့ ရှိရင်လည်း ပစ္စည်းပဲ မလှူနဲ့၊ ဆီလည်းဖြစ် ဆန်လည်းဖြစ်မယ့် ပိုက်ပိုက်လည်း ထည့်ကြအုန်း၊ အလှူကြွပြီ ဆိုရင် ခေတ်အနေအထားအရ မော်တော်ကားနဲ့ကြွရတာ၊ ရေထည့်မောင်းလို့ရတာမဟုတ်ဘူး၊ ဆီအကြွေး ထည့်လာတယ်၊ အလှူအပြန်မှပေးမယ်ပြောခဲ့ပြီး အလှူက ပစ္စည်းပစ္စယပဲပါတယ်၊ ပိုက်ပိုက်မပါတဲ့ အခါဆို အဲဒီမှာ ဘုန်းဘုန်း ရွာလည်ရော၊ ကဲ - လိုက်ဆိုကြ”
📷ပစ္စည်းသာ ပါ
📷 ငွေ မပါ
📷ဘုန်းဘုန်း ရွာလည်မှာ
ပရိသတ်များမှာ တဝါးဝါး ဖြစ်ရပြန်တယ်။ ဆရာတော်က ဆက်ပြောတယ်။
“ ပစ္စည်းလည်း လှူပေါ့၊ ငွေလည်း ထည့်ရတယ်၊ ဒါမှ ဘုန်းဘုန်းတွေက သဘောကျတာ၊ နောက်က လိုက်ဆိုကြအုန်း”
📷ပစ္စည်း များမှ
📷ငွေ များမှ
📷ဘုန်းဘုန်း သဘောကျ
ပရိသတ်တွေက ရယ်တာမှ အူတွေ ပေါက်ကုန်တယ်။
“ အေး... တစ်ခါ အလှူကြွရင် ပစ္စည်းကပါလေကာ၊ ငွေက မဖြစ်သလောက်နဲ့ ဘုန်းဘုန်းတွေ အသဲကွဲတာ လည်းရှိတယ်၊ လိုက်ဆိုကြ ”
📷 ပစ္စည်း နည်းနည်း
📷 ငွေ နည်းနည်း
📷 ဘုန်းဘုန်း အသဲကွဲ
ဒကာတွေ တဝေါဝေါ တဝါးဝါး ဖြစ်ကုန်ပါလေရော။
“ ဘုန်းဘုန်း အကြိုက်သိသွားအောင်၊ အစကနေတိုင်ပေးမယ်၊ နောက်က လိုက်ဆိုကြ”
📷 ပစ္စည်းသာ ပါ
📷 ငွေ မပါ
📷 ဘုန်းကြီး ရွာလည်မှာ
📷 ပစ္စည်း များမှ
📷 ငွေ များမှ
📷ဘုန်းဘုန်း သဘောကျ
📷 ပစ္စည်း နည်းနည်း
📷 ငွေ နည်းနည်း
📷 ဘုန်းဘုန်း အသဲကွဲ
''ဘယ့်နှယ်ကွာ၊ မင့်တို့ရွာ အလှူကြွရတာ အရသာ မရှိပါဘူး။ ဒါနဲ့ ဟိုတနေ့ ဆွမ်းစားပင့်တာ စာအိတ်လေး ဖောင်းဖောင်းမြင်တော့ ငါ့ဖြင့် တရားသား ရှည်ရှည်လေး ဟောလိုက်ရတယ်၊ ဘယ်မလဲ ကျောင်းရောက်မှ ဖွင့်ကြည့်တော့ အသစ်ထွက်တဲ့ ငါးရာတန်တွေ ထပ်ထားတာ၊ သုံးထောင်ကျပ်တည်းရယ် ၊ ကား ဆီထည့်တာ ငါးထောင်ဆိုတော့ နှစ်ထောင်တောင် စိုက်လိုက်ရသေးတယ် ၊ ရွာလည်သွားတာ မပြောချင်ဘူး''
“ ဝတ္ထုငွေ ကပ်ရင်လည်း အနေအထား ကြည့်ကပ်၊ များလေ မမှားလေပဲ၊ အသဲကွဲအောင်တော့ မလုပ်ကြနဲ့''
တရားနာ ပရိသတ်မှာ မျက်ရည်ထွက်အောင် ရယ်မောရလေတော့၏။
-
Credit - Ashin Thu Min Gal

