မိဖုရားဖွားစော

 
 နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပုံပြင်ဆန်ဆန်လက်ခံထားကြတဲ့ သမိုင်း ဖြစ်ရပ်များရှိပါတယ်။ သမိုင်းအနေနဲ့ ရာစုနှစ် တစ်ခု၊ တစ်ခုကို ကြာလှတယ်လို့ မတွက်ဆကြပေမယ့် အချိန်ကြာလေလေ အဖြစ်မှန်နဲ့ ပုံပြင်ကြားမှာ ရှိတဲ့ ကွာဟချက်ကို ပေါင်းစပ် အဖြေရှာရတာခက်လေလေဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် ခေတ်အဆက်ဆက်က လူအများရဲ့ နှလုံးသားမှာ နှစ်နှစ်သက်သက် လက်ခံထားကြတဲ့ အကြောင်းအရာများကို ချေဖျက်လို့ ချေဖျက်ဖို့ ကြိုးစားလို့ မရတတ်ပါဘူး။ ရသည့်တိုင်အောင် ရသအနေနဲ့ တော့ ပျက်ပြားသွားတတ်ပါတယ်။
  ပုဂံသမိုင်းမှာ ပုံပြင်ဆန်လှတဲ့ မိဖုရားတစ်ပါး ရှိပါတယ်။ အဲဒီပုံပြင် ဟာ မြန်မာအများနဲ့ ရင်းနှီးလှသူ မိဖုရားစော ခေါ် ဖွားစောနဲ့ သက်ဆိုင်တဲ့ ပုံပြင်ဖြစ်ပါတယ်။ ပုံပြင်လို့ ပြောရတာကတော့ ခေတ်ပြိုင်အထောက်အထားဖြစ်တဲ့ ကျောက်စာများမှာပါတဲ့ မိဖုရားစောနဲ့ အများသိရှိ လက်ခံထားတဲ့ မိဖုရားစောတို့ဟာ တစ်ယောက်တည်းဖြစ်လျက်နဲ့ အကြောင်းအရာ ကွဲပြားနေလို့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လှပတဲ့ ပုံပြင်တစ်ခုကိုတော့ အရင်ပြောပြလိုပါတယ်။
  ပုဂံခေတ်သက္ကရာဇ် ၁၂၄၀ မှာ နန်းတက်တဲ့ ဥဇနာမင်းလက်ထက်မှာ ဆိပ်ထိန်းကမ်းဖြူရာက တောင်သူကြီးတစ်ဦးမှာ သမီးမိန်းကလေးတစ်ယောက် မွေးဖွားခဲ့ပါသည်။ ကလေးမ ငယ်စဉ်ကတည်းက ထူးခြားတဲ့ အဖြစ်များနဲ့ ကြုံခဲ့ရပါတယ်။ ပထမအဖြစ်ကတော့ လယ်ထွန်ရာ လိုက်သွားတဲ့ သူငယ်မကို မြွေငန်းတစ်ကောင်က အခွေတွေနဲ့ ရစ်ပြီး ပါးပျဉ်းနဲ့ မိုးထားဖူးပါတယ်။ ဒုတိယအဖြစ်ကတော့ သူငယ်မစိုက်ပျိုးတဲ့ မြတ်လေးပင်က ပုန်းညက်၊ ချရား၊ စကားစတဲ့ ပန်းတွေပါပွင့်တယ်။ အဲဒီလောက် ထူးခြားနေတဲ့ အဖြစ်များကြောင့် ဥဇနာမင်းကြီးက သူငယ်မကို စိတ်၀င်စားပါတယ်။
  နတ်တော်လတိုင်းမှာ ဥဇနာမင်းကြီးဟာ ပုပ္ပါးတောင်ကို တက်ပြီး မဟာဂီရိ နတ်မောင်နှမကို ပူဇော်လေ့ရှိပါတယ်။ သူငယ်မကလေးအရွယ်ရောက်စအချိန်မှာ မင်းကြီးဟာ ပုပ္ပါးကို သွားရင် ဆိပ်ကမ်းးဖြူရွာကို ၀င်ပါတယ်။ အဲဒီအခါမှာ ပန်းသီနေတဲ့ သူငယ်မကို မြင်ပြီး တော်ကောက်ခဲ့ပါတော့တယ်။ သူငယ်မဟာ မင်းကြီးအနားမှနေပြီး ပြုစုလုပ်ကျွေးတဲ့အခါမှာ ပါးနပ်လိမ္မာလို့ မင်းကြီးက ကိုယ်လုပ်တော်ကြီးအရာနဲ့ ချီးမြှင့်ခဲ့ပါတယ်။
  ဥဇနာမင်းဟာ နန်းသက် ၅နှစ်အရမှာ ကွယ်လွန်ခဲ့ပါတယ်။ သူရဲ့ အရိုက်အရာကို မင်းခွေးချေးလို့ ငယ်ငယ်ကအခေါ်ခံခဲ့ရတဲ့ မထင်မရှား မိဖုရားက ဖွားမြင်သူ သားတော်ငယ်တစ်ပါးက ဆက်ခံပါတယ်။ အဲဒီလို ဆက်ခံခွင့်ရအောင် အမတ်ကြီးဖြစ်သူ ရာဇသင်္ကြန်က အကူအညီပေးခဲ့ပါတယ်။ ရာဇသင်္ကြန်က သားတော်အကြီး သီဟသူအပေါ်မှာ အမျက်ရှလို့ သားတော်အငယ် မင်းဖြစ်အောင် ကူညီခဲ့တာဖြစ်ပါတယ်။ မင်းခွေးချေး ဟာ မင်းဖြစ်လာတဲ့အခါမှာ နရသီဟပတေ့ဆိုတဲ့ ဘွဲ့ကို ယူခဲ့ပါတယ်။
  နရသီဟပတေ့မင်းနဲ့ ပတ်သတ်လို့ ပြောစရာအများကြီးရှိပေမယ့် မိဖုရားစောနဲ့ပတ်သတ်တာကိုပဲ အထူးပြုပြောလိုပါတယ်။ နရသီဟပတေ့ဟာ အလွန်လောဘကြီးပါတယ်။ ပွဲတော်တည်ရင် ဟင်းခွက်သုံးရာပါမှ ဆိုသလိုပဲ မောင်းမများဆိုရင် အရေအတွက် သုံးထောင်တောင်မှ ရှိပါသတဲ့။ မိဖုရားကြီးအနေနဲ့ကတော့ မိဖုရားစောတစ်ပါးပဲ ထားပါသတဲ့။
  နရသီဟပတေ့နဲ့ ပတ်သတ်တဲ့အကြောင်းတစ်ခုကတော့ ဥာဏ်ပညာနည်းပါးခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ဥာဏ်ပညာနည်းပါးလို့ မှားတဲ့ခါတိုင်းမှာ မိဖုရားဖွားစော ဖျောင်းဖျဆုံးမတတ်တယ်လို့ ရာဇ၀င်မှာ ပါပါတယ်။
  ဥပမာ ပြောရရင် နရသီဟပတေ့က ကိုယ်တိုင်ကျန်းမာလွန်း၊ အနာကင်းလွန်းလို့ သူတစ်ပါးချေဆတ်တာကို မြင်ရင် အမျက်ထွက်တတ်ပါသတဲ့။ နောက်တော့ မိဖုရားစောက ချေဆတ်တာဟာ လူအများမှာ ဖြစ်လေ့ရှိတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်လို့ တင်လျှောက်ရတယ်လုိ့ ဆိုပါတယ်။ အဲဒီတော့မှ နရသီဟပတေ့က နောင်တရပါသတဲ့။
  ပြီးတော့လည်း မင်းကြီးအိပ်ရာကနိုးရင် အနားမှာရှိတဲ့ ပစ္စည်းများနဲ့ တွေ့ကရာလူကို ကောက်ကောက်ပေါက်တတ်လွန်းလို့ မိဖုရားစောကပဲ အနားမှာ အန္တရာယ်ဖြစ်စေတဲ့ ဓား၊လှံ စတာတွေကို ဖယ်ရှားပြီး အသီးများကို ထားရပါသတဲ့။
  ပုဂံသမိုင်းလို ကြီးကျယ်ထွန်းကားတဲ့ သမိုင်းမှာ နရသီဟပတေ့လို မင်းမျိုးပါနေတာ သူနဲ့ပတ်သတ်တဲ့ ပညာဥာဏ် ကင်းမဲ့တဲ့အကြောင်းတွေကို ပြောနေရတာဟာ ပုံပြင်ဖြစ်သည့်တိုင် မနှစ်မြို့စရာကောင်းလှပါတယ်။ အဲဒီလို မနှစ်မြို့စရာ ကောင်းတဲ့ သူလက်ထက်မှာ ပိုပြီးမနှစ်မြို့စရာ ကောင်းတဲ့အဖြစ်နဲ့ ကြုံခဲ့ပါတော့တယ်။
  အဲဒီအဖြစ်ကတော့ ပုံပြင်မဟုတ်ပါဘူး။ ၁၃အုပ်စုမှာ အင်အားကြီးမားထွန်းကားလာတဲ့ မွန်ဂိုတာတာခေါ် လူမျိုးများဟာ ပထမဆုံးတရုတ်နိုင်ငံ ကို တိုက်ခိုက်သိမ်းပိုက်ပါတယ်။ စစ်ရေးမှာ အထူးကျွမ်းကျင်တဲ့ မွန်ဂိုများဟာ တရုတ်နိုင်ငံကို ရတဲ့အခါ တရုတ်လူမျိုးတို့ရဲ့ အဆင့်မြင့်တဲ့ ယဉ်ကေးမှု ကို ဆက်ခံခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ နေရာအနှံ့သွားပြီး ရှိရှိသမျှနိုင်ငံများကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်တော့တာပါပဲ။
  အဲဒီ မွန်ဂိုတာတာများဟာ ပုဂံခေတ် နရသီဟပတေ့ လက်ထက်မှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကိုကျူးကျော်၀င်ရောက်ခဲ့ပါတယ်။ မွန်ဂို တာတာများကို ပုဂံခေတ်ကတော့ တရုတ်တရက်လို့ခေါ်ပါတယ်။ နရသီဟပတေ့ဟာ ပုံပြင်ဆန်ဆန်ပြောပြခဲ့တဲ့ အကြောင်းများကို ထောက်တဲ့အခါမှာလည်း လူတော်မဟုတ်ပါဘူး။ သမိုင်းအဖြစ်အပျက်ကို ပြောတဲ့အခါမှာ လည်း လူတော်မဟုတ်ဘူးဆိုတာ သိရပါတယ်။ သူဟာ ပုဂံကို မကာကွယ်နိုင်ခဲ့ပါဘူး။ နိုင်ငံပျက်တော့မယ့်အခါမှာ သူလုပ်တတ်တာကတော့ ဘေးလွတ်အောင် ကိုယ်လွတ်ရုန်းပြေးတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်းသူ့ကို အဲဒီခေတ်က အခုထိ တရုတ်ပြေးမင်းလို့ လူအများက ခေါ်နေကြတာပဲ ဖြစ်ပါတယ်။
  မွန်ဂိုတာတာများဟာ ပုဂံမှာအကြာကြီး တပ်စွဲမထားနိုင်ပါဘူး။ အစကတည်းက မြန်မတို့ဟာ ပူပြင်းခြောက်သွေ့တဲ့ အရပ်မှာ အခြေချတာဟာ အဲဒီလိုအေးတဲ့အရပ်က ရန်သူများ ကြာရှည်မနေနိုင်အောင်စဉ်းစားပြီး အခြေချခဲ့တာ ဖြစ်နိုင်ချေရှိပါတယ်။
  နရသီဟတေ့ဟာ မွန်ဂိုများပြန်လည်ဆုတ်ခွာချိန်ကို ဒလမှာ နေရင်းစောင့်နေါတယ်။ အဲဒီအချိန်မှာ ပုဂံတုန်းကလို ဟင်းခွက်သုံးရာနဲ့ ပွဲတော်မတည်နိုင်လို့ မျက်နှာကို အကီင်္ျလက်နဲ့ဖုံးပြီး ငိုသတဲ့။ အဲဒီအခါမှာ လည်း မိဖုရားဖွားစောကပဲ သူ့ကိုတရားပြပြီး ချော့ရတယ်လို့ ဆိုပါတယ်။
  မွန်ဂိုများ ထွက်ခွာ သွားပြီးလို့ ကြားရတဲ့အခါမှာနရသီဟပတေ့ ဟာ ပုဂံကိုပြန်ချင်ပါတယ်။ ပြန်ရရင် ကောင်း၊ မကောင်း ကို မိဖုရားစောနဲ့ တိုင်ပင်ပါတယ်။ အဲဒီတော့ မိဖုရားဖွားစောက အလောင်းမင်း၊ ဆန်အံ့သည်ကားလွယ်စွ၊ ပြည်ထဲအရေး ခက်လှသည်။ ကျွန်သင်းခြွေရံနည်းက ရန်သူတို့ က လူစားရာဖြစ်တော့မည်။ မင်းကြီးသည် ပြည်၀မ်းကိုဖောက်သည်နှင့်အတူ ပြည်၀မ်းမည်သော သူဌေးသူကြွယ် တို့ကို အပြစ်ရှာပြီးဖျက်ဆီးပြီး လျှင် ဥစ္စာကို ယူသည်။ သူဌေးသူကြွယ်သေလျှင် သားမြေးကို အရာမပေး၊ ဥစ္စာကို သိမ်းယူလေသည်။ ပြည်မျက်စိကိုထုတ်သည်နှင့်တူ သူ့မယား သူ့သမီးကိုယူသည်။ ပြည်စွယ်ကို ချိုးသည်နှင့်တူ သူရဲကောင်းတို့ကို သတ်ဖြစ်သည်လို့ မိဖုရာစောက မင်းကြီးရဲ့ အပြစ်များကို စုံအောင်လျှောက်ပါသတဲ့။
  နရသီဟပတေ့ကတော့ ထုံးစံအတိုင်း နောင်တချည်းရနေပါတော့တယ်။ ဒါပေမယ့် ပုဂံကိုတော့ ပြန်လာခဲ့ပါတယ်။ ပြည်မြို့ကို ရောက်တဲ့အခါမှာ သားတော်သီဟသူက ဖောင်တောင်ကိုတားပြီး အဆိပ်ခပ်တဲ့ အစား အစာကို ဆက်ပါတယ်။ နရသီဟတေ့က အဆိပ်ပါတာကို သိတော့မစားဘဲနေပါတယ်။ အဲဒီတော့ သီဟသူရဲ့ လူများက ဖောင်တော်ပေါ်ကို ဓားလှံများကိုင်ပြီး တက်လာကြပါတယ်။ လုပ်ကြံကြဖို့ပေါ့။ အဲဒီတော့ မိဖုရားစောက ဓားဘေး၊လှံဘေးနဲ့ သေရာတာထက်စာရင် အဆိပ်ထည့်ထားတာကိုစားပြီး သေရတာက တော်သေးတယ်လို့ ပြောတာနဲ့ နရသီဟပတေ့လည်း အဆိပ်ပါတဲ့ အစာစားပြီး ကွယ်လွန်သွားပါတော့တယ်။
  သီဟသူဟာဖခင်ကို လုပ်ကြံနိုင်ခဲ့ပေမယ့် ပုဂံမှာ မင်းမပြုနိုင်ခင်ပဲခူးကိုတိုက်ရင်း ကျဆုံးသွားခဲ့ပါတယ်။ ပုဂံမှာ မင်းပြုဖို့ ကျော်စွာကို မိဖုရားစောနဲ့ မှူးကြီးမတ်ရာများတိုင်ပင်ပြီး နန်းတင်ခဲ့ပါတယ်။
  ကျော်စွာမင်းဟာ မိဖုရားစော နန်းတင်လို့ မင်းဖြစ်ပေမယ့် မိဖုရားစောကို အရေးတယူမပြုဘဲ နေတဲ့အတွက် မိဖုရားစောက မြင်စိုင်းက ရှမ်းမြန်မာညီနောင်သုံးဦးနဲ့ ပူးပေါင်းပြီး ကျော်စွာကို မြင်းစိုင်းရောက်အောင် ဥပါယ်တံမျဉ်နဲ့ ခေါ်ပါတယ်။ မြင်စိုင်းရောက်မှ ဖမ်းဆီးပြီ ရဟန်း၀တ်စေခဲ့ပါသတဲ့။
   မိဖုရားစောဟာ ပုဂံမှာ ပဲဆက်ပြီး ရှိနေခဲ့ပါတယ်။ သူဟာ အသက်အရွယ်ထောက်လာခဲ့ပြီ ဖြစ်ပါတယ်။ မြင်စိုင်းရှမ်းမြန်မာညီနောင် သုံးဦးအနက် အငယ်ဆုံး သီဟသူက ပင်းယမြို့ကို တည်ပါတယ်။ သီဟသူတို့ဖခင်က ရှမ်း မိခင်က မြန်မာနန်းတွင်းသူ ဖြစ်ပါသည်။ သီဟသူ ကိုယ်တိုင် ပင်းယမြို့ တည်နန်းတည်မင်း ဖြစ်လာတဲ့အခါမှာ မြန်မာ့ထီးနန်းဓလေ့ကို သုံးပြီး နန်းတက်လိုပါတယ်။ ဒါပေမယ့် မြန်မာ့နန်းဓလေ့ကို သူမသိပါဘူး။ အဲဒိအခါမှာ ပုဂံမှာရှိတဲ့ မိဖုရားစော အဲဒီအချိန်မှာတော့ ဖွားစောပေါ့လေ။ အဲဒီဖွားစောကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဖွားစောက ပထမတော့ စိတ်ကောက်ပြီး ပင်းယကို မသွားပါဘူး။ အကြိမ်ကြိမ်ခေါ်မှ သွားပါတယ်။
   ပင်းယကို ရေကြောင်းက ရောက်လာတဲ့ ဖွားစောကို သီဟသူကရေထဲဆင်းပြီး ကြိုတဲ့အထိ အလေးအမြတ် ပြုပါတယ်။ ပြီးတော့ ဖွားစော ရဲ့ အစီအမံ အကြံဥာဏ်များနဲ့အညီ ပင်းယထီးနန်းသိမ်းပိုက်တဲ့ပွဲကို ကျင်းပခဲ့ပါတယ်။
   ဖွားစောက နန်းစဉ်သုံးသောက်ရေရွှေဖလားနဲ့ ခေါင်းစည်းကြိုးကို လက်ဆောင်ပေးပါတယ်။ ပင်းယမင်း သီဟသူကလည်း မိဖုရားစောကို မင်းခမ်းမင်းနားနဲ့ ကန်တော့ခဲ့ပါတယ်လို့ ဆိုပါတယ်။
   အခု ပြောပြခဲ့တဲ့ အကြောင်းတွေထဲမှာ သမိုင်းအချက်အလက်များပါသလို ပုံပြင်ဆန်တဲ့အကြောင်းများလည်း မနည်းလှပါဘူး။ မြန်မာများအဖို့တော့ သာမန် အရပ်သူ မိန်းကလေးတစ်ယောက်ဘဝက မင်းအဆက်ဆက် အလေးထားရတဲ့ မိဖုရားဘဝရောက်လာသူ ဖွားစောကို ပုံပြင်ဆန်ဆန်လက်ခံထားကြတာ ကြာပါပြီ။ နေသားတကျတောင် ဖြစ်နေပါပြီ။
   မင်းဆိုတာ အာဏာရှင် ရေမြေ့သနင်း ဖြစ်ပါတယ်။ အဲဒီလို လူများကို ဖျောင်းဖျဆုံးမနိုင်တဲ့ သူဆိုတော့လည်း လူအများက နှစ်လိုကြစမြဲပေါ့လေ။
   ဒါပေမယ့် သမိုင်းဆိုတော့ အထောက်အထား ရှိ့ပါတယ်။ အထောက်အထားနဲ့ ပြောကြစို့လို့ ဆိုတဲ့အခါမှာ မိဖုရားစောဟာ ပုံပြင်ထဲကလောက်တော့ စိတ်နှလုံး ကို ယူကြုံးနိုင်စွမ်း ရှိချင်မှ ရှိမယ် ဖြစ်ပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့အတိုင်း သမိုင်း ဆိုတာ အထောက်အထားရှိရပါမယ်။
   မိဖုရားစော အကြောင်းကိုသမိုင်းအထောက်အထားနဲ့ ပြောဖို့ရာ ရှာတဲ့အခါမှာ တွေ့ရတဲ့ စောအမည်ခံ ပုဂံခေတ်က မင်းသမီး အရေအတွက်ဟာ အတော်များပါတယ်။ နော်က မိဖုရားစောအမည်ခံသူများကို တွက်စစ်တဲ့အခါမှာလည်း လေးပါးတောင်မှ ရှိပါတယ်။ ဖွားစောလို့ အမည်တွင်တဲ့ မိဖုရားများကို စစ်ထုတ်လိုက်တဲ့အခါမှာ သုံးပါးကျန်ပါတယ်။
   အဲဒီ သုံးပါးအနက်က ဒုတိယမြောက် မိဖုရားစောခေါ် ဖွားစောသာလျှင် နရသီဟပတေ့ရဲ့ မိဖုရားဖြစ်တယ်လို့ ကျောက်စာအထောက်အထားများအရ သိရပါတယ်။
   ကျောက်စာများအရ သိရတဲ့ ဖွားစော ဟာ ပုံပြင်ဆန်သော ဖွားစောလို သာမန်အရပ်သူ မဟုတ်ပါဘူး။ ပုဂံက ကျစွာမင်းကြီးရဲ့ မြေး တော်ပါတယ်။ သူ့ရဲ့မိခင်၊ ဖခင်တို့အကြောင်းကို ကျောက်စာမှာ မတွေ့ရပေမယ့် မိခင်ရဲ့ ညီအမရင်းဖြစ်သူဟာ ဥဇနာမင်းကြီးရဲ့ မိဖုရာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်းသုံးမျိုးပွင့်တဲ့ အပင်ကိုစိုက်သူ ဆိပ်ထိန်းကမ်းဖြူက သူငယ်မတော့ဖြင့် မဟုတ်ပေဘူးလို့ ဆိုရမယ် ဖြစ်ပါတယ်။
   နရသီဟပတေ့မင်းကြီးရဲ့ မိဖုရားဖွားစောဟာ နရသီဟပတေ့မင်း ကွယ်လွန်တဲ့အခါမှာ သားတော် ကျော်စွာက ဆက်လက်ပြီး မိဖုရားမြှောက် တာ ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျော်စွာနန်းမတက်မှီမှာ ကွယ်လွန်ခဲ့တယ်လုိ့ ကျောက်စာများအရ ယူဆရပါတယ်။
   မိဖုရားဖွားစောဟာ နရသီဟပတေ့နဲ့ ရာဇသူလို့ခေါ်တဲ့ သားတစ်ယောက် ရခဲ့ပါတယ်။ သူ့ရဲ့သားဟာ သူ့အရင် ကွယ်လွန်ခဲ့ပါတယ်။ ချစ်လှစွာသောသားလည်း ကွယ်လွန်ခဲ့တဲ့အပြင် လောကဓံကို အဖန်ဖန်ခံရပြီးဖြစ်လို့ ရှိတဲ့ပစ္စည်းများကို အကုန်စွန့်ပြီး လှူခဲ့ပါတယ်။ ပြီးတော့မှ သူဘယ်လိုသံဝေဂရပြီး ဘာတွေလှူခဲ့တယ်ဆိုတာကိုလည်း ကျောက်စာ ရေးထိုးထားခဲ့ပါတယ်။ အဲဒီကျောက်စာ များကို စောလှ၀န်းကျောက်စာများလို့ခေါ်တဲ့အတွက် အဲဒီဖွားစောကို စောလှ၀န်းဖွားစောလို့လည်း ခေါ်ကြပါတယ်။ 
   မိဖုရားစောအကြောင်းကို လေ့လာရတဲ့ ရသစုံပါတယ်။ အတွေးလည်း နက်စေနိုင်ပါတယ်။ သမိုင်းကို တိတိကျကျ လိုက်ပြီး လေ့လာရင် အထောက်အထား လိုပါတယ်။ အထောက်အထားနဲ့ ပြောရင် မှားစရာ အကြောင်းနည်းပါးပါတယ်။ နို့မဟုတ်ရင်တော့ သမိုင်းရေးသူများဟာ (လောကီသားများပေမို့) လိုရာ ဆွဲရေးတတ်ကြပါတယ်။ ဆွဲပြီးရေးဖို့လည်း အကြောင်းတရားများက ရှိနေပါလိမ့်မယ်။
   ဘာပဲဖြစ်ဖြစ် မိဖုရားစောအကြောင်း လေ့လာရတာ စဉ်းစားစရာ ခံစားစရာ များပါတယ်လို့ဆိုရင် ငြင်းကြမယ်လို့မထင်ပါဘူး။

မြားနတ်မောင် - စက်တင်ဘာ ၉၁ 
🙏ဆရာမကြီးဒေါက်တာမတင်ဝင်း🙏