မြန်မာနိုင်ငံ၏ ပထဝီဝင်ဆိုင်ရာ အချက်အလက်များ
***********************************************
ပထဝီဝင်အနေအထား
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက်၏အရှေ့တောင်ဘက် အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အနောက်ဘက်ဆုံးအပိုင်းတွင်ရှိသည်။ ဧရိယာစတုန်းမိုင်ပေါင်း (၂၆၁၂၂၈) စတုရန်းမိုင် ကျယ်ဝန်းသည်။ တောင်နှင့်မြောက်(၁၃၆၄) မိုင်နှင့် အရှေ့နှင့်အနောက်(၅၈၉)မိုင် ရှည်လျာသည်။ ပုံသဏ္ဍန်သည် အရှေ့နှင့်အနောက် ကျဉ်းမြောင်း၍ တောင်နှင့်မြောက်ရှည်လျားသည်။ ယေဘုယျအားဖြင့် အချိုးညီသော ပုံသဏ္ဍန်ရှိသော်လည်း တနင်္သာရီကမ်းရိုးတမ်းသည် တောင်ဘက်သို့ သီးခြား ထိုးဆင်းလျှက်ရှိသဖြင့် ရှည်းလျားသောကမ်းရိုးတမ်းရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် လူဦးရေ သန်း(၁၅၀၀) ခန့်ရှိသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရှေ့ဘက်တွင် လူဦးရေ (၆) သန်းကျော်ရှိသော လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် လူဦးရေ (၇၀)သန်းကျော်ရှိသော ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လူဦးရေ သန်း(၂၀၀)ခန့်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် လူဦးရေး သန်း(၁၃၀၀)ကျော်ရှိသော အန္ဒိယနိုင်ငံ တို့ရှိသည်။ မြန်မာနိုင်ငံတည်နေရာသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသနှင့် တောင်အာရှဒေသကို ဆက်စပ်ပေးရန်အတွက်၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသောအနေအထားတွင်တည်ရှိသည်။ ထို့ပြင် တရုတ်ပြည်၏ အနောက်ပိုင်းကုန်းတွင်းပိတ်ပြည်နယ်များအတွက် တောင်ဘက် အန္ဒိယ သမုဒ္ဒယာသို့ အနီးဆုံးထွက်ပေါက်အဖြစ်တည်ရှိသည့်အပြင် အမေရိကန်နိုင်ငံ၏ တရုတ်ပြည်ကို ဝိုင်းရံထိန်းချုပ်ရေးပေါ်လစီ China Containment Policy အရ တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အတွက် စစ်ရေး။ စီးပွားရေး၊ နိုင်ငံရေးအရ အချက်အချာကျသည့် အနေအထားရှိပါသည်။နယ်နိမိတ်
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေမှုများမှာ-
-ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၁၂၃ မိုင်
-အိန္ဒိယနိုင်ငံ ၈၅၂ မိုင်
-တရုတ်နိုင်ငံ ၁၃၅၅.၃ မိုင်
- ထိုင်းနိုင်ငံ ၁၃၀၄ မိုင်
- လာအိုနိုင်ငံ ၁၂၈.၅ မိုင်
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတမ်းနယ်နိမိတ်သည် ဘင်္ဂလားပင်လယ်အော် မုတ္တမကွေးနှင့် ကပ္ပလီပင်လယ်အော်တစ်လျှောက် (၁၃၈၅) မိုင်၊(၂၂၃၄) ကီလိုမီတာ ရှည်လျားသည်။ ကမ်းရိုးတမ်းနယ်မိမိတ်ကို မြောက်ဘက်အစွန်းဆုံးနယ်မြေမှ တောင်ဘက်အစွန်ဆုံးနယ်မြေ၊ ကော့သောင်းအငူအထိ သတ်မှတ်ပါသည်။ ကမ်းရိုးတမ်းအရှည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ရခိုင်ကမ်းရိုးတန်း (၄၄၃) (၇၁၅) ကီလိုမီတာ
- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ၂၇၂မိုင် (၄၃၉) ကီလိုမီတာ
- တနင်္သာရီကမ်းရိုးတမ်း ၆၇၈ မိုင် (၁၀၈၀) ကီလိုမီတာ
မြေမျက်နှာသွင်ပြင်အနေအထား
တရုတ်နိုင်ငံနှင့် ဆက်စပ်နေသော မြေအနေအထား
မြန်မာနိုင်ငံ၏ မြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့ပိုင်းတို့ပါဝင်သည်။ တိဘက် ကုန်းပြင်မြင့်နှင့် တစ်ဆက်တည်းဖြစ်သော တောင်တန်းတောင်စွယ်များသည် မြောက်မှတောင်သို့၊ ဒေါင်လိုက်သွယ်တန်းလျှက်ရှိပြီး ဆီးနှင်းအမြဲဖုံးလွှမ်းလျှက်ရှိသော အမြင့်ပေ (၁၉၃၁၅) ပေရှိသည့် ခါကာဘိုရာဇီတောင်နှင့် အမြင့်ပေ (၁၉၁၂၄)ပေရှိသည့် ဂလန်ရာဇီတောင်များရှိသည်။ မေခနှင့်မလိခမြစ်များအကြားတွင် ပေ (၈၀၀၀) ကျော်မြင့်သည့် ရှန်ဝေါတောင်တန်းရှိသည်။ မေခနှင့်မလိခမြစ်သည် မြစ်ကြီးနားမြို့ မြောက်ဘက်တွင် ပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ် တောင်ဘက်သို့ စီးဆင်းလာသည်။ မြစ်ကြီးနားမြို့နှင့် ဗန်းမော်တဝိုက်တွင် မြစ်ရှည်လွင်ပြင်များဖြစ်သည်။ အရှေ့ မြောက်ဘက်တွင် တပိန်မြစ်နှင့်ရွှေလီမြစ်များ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စီးဆင်းလာပြီး ဧရာဝတီမြစ်သို့ စီးဝင်သည်။ သံလွင်မြစ်သည် မြောက်ဘက် ကုန်းပြင်မြင့်မှ မြစ်ဖျားခံစီးဆင်းလာပြီး ရှမ်းပြည်နယ်ကို ဖြတ်သန်း၍ တောင်ဘက်ကို စီးဆင်းသွားသည်။ သံလွင်မြစ်စီးဆင်းရာဒေသတစ်လျှောက်တွင် ကျောက်တောင် ထူထပ်၍ ကမ်းပါးမတ်စောက်ပြီး ရေစီးသန်သည်။ ဧရာဝတီမြစ်နှင့်သံလွင်မြစ် ရေဝေတောင်တန်းများသည် တရုတ်-မြန်မာနယ်စပ်ကို ပိုင်းခြားထားကြသည်။ နယ်စပ်ဒေသတစ်လျှောက် သဘာဝပေါက်ပင်များဖုံးလွှမ်းလျှက်ရှိသည်။ အရှေ့ မြောက်ဒေသတစ်လျှောက် လာအိုနှင့် ကျိုင်းတုံချိုင့်ဝှမ်းများသည် လွင်ပြင်ဒေသများဖြစ် သည်။ တရုတ်နိုငံသို့ ဒီမူလာခါတောင်ကြားလမ်း၊ ဖဝါးတောင်ကြားလမ်း၊ လောင်ဂူချက်တောင်ကြားလမ်း၊ ပနဝါတောင်ကြားလမ်း၊ ကံပိုက်တီးတောင်ကြား လမ်းနှင့် တပိန်မြစ်ကြောင်းလမ်း၊ ရွှေလီလမ်းကြောင်းတို့မှ သွားရောက်နိုင်သည်။ အဓိကအသုံးပြုနိုင်သော လမ်းမကြီးများမှာ မူဆယ်၊ ကြူကုတ်၊ ကူမင်းလမ်း၊ကွမ်းလုံ- ချင်းရွှေဟော်-ဝိန်းထိန်လမ်း၊ ကျိုင်းတုံ-မိုင်းလား-ပိန်းဝိုင်လမ်းတို့ဖြစ်သည်။
ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသော မြေအနေအထား
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် ဆက်စပ်လျက်ရှိသည်။ ရှမ်းပြည်နယ်တွင် နယ်စပ်ဒေသတစ်လျှောက် တောတောင်ထူထပ်ပြီး တောင်များဖြင့် ကာရံထားသကဲ့သို့ဖြစ်သည်။ သစ်တောများဖုံးလွှမ်းလျက်ရှိပြီး နက်ရှိုင်းသော လျှိုမြောင်ချိုင့်ဝှမ်းများ ပေါများသည်။ ကယားပြည်နယ်ရှိတောင်တန်းများမှာ ဖက်တော် ကြီးတောင်ကတုံးများမှ အစပြုသည်။ ကရင်ပြည်နယ်တွင် ဒေါနတောင်တန်းနှင့် တနင်္သာရီကမ်းမြောင် ဒေသတွင် တနင်္သာရီတောင်တန်းတို့သည် သွယ်တန်းလျက်ရှိပြီး အလွယ်တကူ မဝင်ရောက်နိုင်စေရန် တံတိုင်းကာရံသကဲ့သို့ဖြစ်သည်။ သံလွင်မြစ်သည် ရှမ်းပြည်နယ်မှတစ်ဆင့် ကယားပြည်နယ်ကိုဖြတ်သန်းလျက် ကရင်ပြည်နယ်တွင် ထိုင်းနိုင်ငံနယ်နိမိတ်အဖြစ် တည်ရှိပြီး မုတ္တမ ကွေ့သို့ စိမ့်ဝင်သွားသည်။ ထိုင်းနိုင်ငံသို့ ဘုရားသုံးဆူတောင်ကြားလမ်း၊ အမရာတောင်ကြားလမ်း၊ ကုလားမတောင်ကြားလမ်းများရှိသည်။ ထိုင်းနိုင်ငံနှင့် အဓိကဆက်သွယ်နိုင်သော လမ်းကြောင်းများ အဖြစ် ကျိုင်းတုံ-တာချီလိတ်-မယ်ဆိုင်လမ်း၊ မိုင်းတုံ-ပုံပါကျင်-ချင်ဒို-ဇင်းမယ်လမ်း၊ မဲစဲနံ-လွိုင်ကော်- မြဝတီ- မဲဆောက်လမ်း၊ သံဖြူဇရပ်-ဘုရားသုံးဆူ-ဝင်းကလမ်း၊ ရေး-နတ်အိမ်တောင်-ဘားခမ်းလမ်း များအား အသုံးပြနိုင်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော မြေအနေအထား
ရခိုင်ပြည်နယ် မြောက်ပိုင်း ချင်းပြည်နယ်တို့နှင့် ဆက်စပ်လျှက်ရှိသည်။ နယ်စပ်တစ်လျှောက်၊ မြောက်ဘက်တောင်ထွဋ် ရခိုင်ရိုးမ တောင်စွယ်များကာရံထားပြီး တောင်ဘက်တွင် နတ်မြစ်သ်ည တံတိုင်းခြားအဖြစ်တည်ရှိသည်။ မြန်မာပြည် အလယ်ပိုင်းဒေသများသို့ မဝင်ရောက်နိုင်စေရန် ရခိုင်ရိုးမတောင်တန်းက ကာဆီးထားသည်။ မေယုမြစ်၊ လေးမြို့မြစ်နှင့် ကစ္ဆပနဒီမြစ်များသည် မြောက်မှ တောင်သို့စီးဆင်းလျှက်ရှိသည်။ ရခိုင်ပြည်နယ်တွင် မြေပြန့်လွှင်ပြင်နည်းပါးသည်။ မေယုတောင်တန်း၊ ဝိုင်းတင်တောင်တန်း၊ မင်းကြီးတောင်တန်းများရှိသည်။ တောင်တန်းများကြားမှ မြစ်ချောင်းများစီးဆင်းရသဖြင့် မြစ်ဝှမ်းဒေသတွင်သာ မြေပြန့်လွင်ပြင်အချို့ကို တွေ့နိုင်သည်။ မြစ်ချောင်းများသည် သဘာဝအတား အဆီးများအဖြစ် တည်ရှိပြီး ဖြတ်သန်းဝင်ရောက်ရန် ခက်ခဲသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အဓိကဆက်သွယ်နိုင်သော လမ်းများအဖြစ် နတ်မြစ်အားဖြတ်ကူး ရသော မောင်းတော- တက္ကနပ်လမ်းနှင့် မောင်းတော-ခမောင်းဆိပ်-ဆာရာဝတ် လမ်းများအတိုင်း ဆက်သွယ်နိုင်သည်။ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းမှ ရခိုင်ရိုးမအား ဖြတ်သန်းသွားရောက်ရန် တောင်ကုတ်တောင်ကြားလမ်းများလည်း ရှိသည်။
အိန္ဒိယနိုင်ငံနှင့်ဆက်စပ်နေသောမြေအနေအထား
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကချင်ပြည်နယ် အနောက်မြောက်ပိုင်းတို့နှင့် ဆက်စပ်လျှက်ရှိသည်။ တောင်တန်းများက အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တံတိုင်းများကာရံ ထား သကဲ့သို့ရှိသည်။ ချင်းတောင်တန်း၊ ပတ်ကွိုင်တောင်တန်းများရှိသည်။ ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့စီးဆင်းလျှက်ရှိသည်။ ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်း၊ တမူးမြို့နယ်ရှိ ကဘော်ချိုင့်ဝှမ်းနှင့် ကလေးလွင်ပြင်တို့သည် မြေပြန့်လွင်ပြင်များဖြစ်သည်။ တောင်တန်းများတွင် သဘာဝသစ်တောများထူထပ်စွာ ပေါက်ရောက်လျှက်ရှိသည်။ အိန္ဒိယသို့ ချင်းတွင်းမြစ်ဖျားဖြစ်သော တနိုင်းမှတဆင့် ပတ်ကွိုင်တောင်တန်းပေါ်ရှိ ပန်ဆောက်တောင်ကြားကို ဖြတ်သန်းသွားရသော လီဒိုလမ်းမကြီးနှင့်တမူးမြို့ကိုဖြတ်သွားသော တမူး-အင်ဖာလမ်းမကြီးများအတိုင်း သွားနိုင်သည်။
မြေမျက်နှာသွင်ပြင်အနေအထားအရ တရုတ်-အန္ဒိယ-မြန်မာနိုင်ငံတို့သည် အာရှ တိုက်တွင် ရှေးနှစ်ပေါင်းများစွာကပင် နယ်နိမိတ်ချင်းဆက်စပ်၍ တည်ရှိခဲ့ကြပြီး ခိုင်မာသော နောက်ခံသမိုင်းကြောင်းများနှင့် သမိုင်းကြောင်းကမှစ၍ အတူရပ်တည် ခဲ့ကြသည့် အိမ်နီးချင်း(၃) နိုင်ငံဖြစ်ပါသည်။ ပထဝီ နိုင်ငံရေးအရ အတူယှဉ်တွဲနေထိုင် ခဲ့ကြရာတွင် သမိုငးကြောင်းကမှစ၍ မြန်မာနိုင်ငံအပေါ် ကောင်းကျိုး၊ ဆိုးကျိုး၊ သက်ရောက်မှု များရှိခဲ့ပါသည်။ သာဓကအားဖြင့် မြန်မာနိုင်ငံသို့ ကူမင်တန်တပ်ဖွဲ့များ ကျူးကျော်ခဲ့ခြင်း၊ အိန္ဒိယ ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုကြောင့် အရှေ့မြောက်ဒေသ ဗကပ ပေါ်ပေါက်လာခဲ့ပြီး မြန်မာနိုင်ငံ ပြည်တွင်းသောင်းကျန်းမှု သက်ဆိုးရှည်ခဲ့ရခြင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသားများက မြန်မာ့စီးပွားရေးကို လွှမ်းမိုးခဲ့ခြင်း၊ ခေတ်အဆက်ဆက် တရုတ်နှင့် အိန္ဒိယလူမျိုးများ မြန်မာနိုင်ငံသို့ စိမ့်ဝင်နေထိုင်ခဲ့ခြင်း၊ တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ်အငြင်းဖွားမှုများကြောင့် (၃)နိုင်ငံဆုံရာ နယ်နိမိတ်ကို ယနေ့ထက်တိုင် သတ်မှတ်၍ မရသေးခြင်းတို့ဖြစ်ပါသည်။
တရုတ်၊ အိန္ဒိယနှင့်မြန်မာနိုင်ငံတို့၏ ပထဝီနိုင်ငံရေးအရ တည်ရှိပုံ အနေအထားသည် မဟာဗျူဟာအရ ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့ကြသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အတွက်လည်းကောင်း။ တရုတ်နိုင်ငံကို ထိန်းချုပ်ရေးမူဝါဒ ကျင့်သုံး လိုသော အမေရိကန်အတွက်လည်းကောင်း၊ တောင် အာရှနှင့် အရှေ့တောင် အာရှဒေသ၏ တည်ငြိမ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တို့အတွက် လည်းကောင်း၊မဟာဗျူဟာအရအရေးပါနေပြီ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးသက်ရောက်မှု ရှိနေပါ သည်။
မြန်မာနိုင်ငံ၏တည်နေရာအပေါ်မူတည်၍ တရုတ်နိုင်ငံအတွက် Back door အဖြစ်လည်းကောင်း၊ အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှဒေသသို့ Land bridge အဖြစ်လည်းကောင်း ရှုမြင်ကြရပါသည်။ ၎င်းဗျူဟာအမြင်အပေါ်မူတည်၍ ပြောင်းလဲဆက်ဆံကြပါသည်။ ထို့ကြောင့် နိုင်ငံကြီး(၂)နိုင်ငံအကြားတွင် တည်ရှိနေသော မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ National Interest အပေါ်မူတည်၍ (၂)နိုင်ငံလုံးက စည်းရုံးဆွဲဆောင်လာကြရာ မည်သည့် နိုင်ငံဘက်ကိုမှ ဘက်မလိုက်ဘဲလွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါကို ကိုင်ဆွဲ၍ မှန်မှန်ကန်ကန်ရပ်တည်ပြီး ရရှိလာသမျှ သက်ရောက်မှုတို့ကိုမျှတအောင် ချိန်ခွင်လျှာ ညီမျှအောင် ဆောင်ရွက်ရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးပါသည်။
တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ။ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ (၃) နိုင်ငံလုံးသည် မက္ကင်းဒါး၏ Heartland Theory အရ Heartland ကို ဝန်းရံနေသော အတွင်းစည်း အချက်အခြာဒေသတွင်တည်ရှိပြီး စပိုက်မင်း၏ Rimland Theory အရ အနားစွန်းနယ်မြေတွင် တည်ရှိနေပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်အလျား ၂၂၂၆ ကီလိုမီတာ(၁၃၅၅.၃ မိုင်)၊ အိန္ဒိယနိုင်ငံနှင့် ၁၄၅၂ ကီလိုမီတာ(၈၅၂ မိုင်) ဆက်စပ်လျှက်ရှိပါသည်။ တည်နေရာအရ မြန်မာနိုင်ငံသည် အောက်ဖော်ပြပါအတိုင်း မဟာဗျူဟာအရ အရေးပါမှုရှိနေပါသည်-
- မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့တွင် လည်းကောင်း၊ အရှေ့တောင်အာရှဒေသနှင့် တောင်ကြားဒေသ အကြားတွင် လည်းကောင်း Land bridge သဖွယ်တည်ရှိနေပြီး သယံဇာတပေါကြွယ်ဝလျက် ရှိပါသည်။
- အိန္ဒိယသမုဒ္ဒရာ၏ ဝန်းကျင်ရှိနိုင်ငံဖြစ်ပြီး ပင်လယ်ကမ်းရိုးတမ်း ၂၂၂၈ ကီလိုမီတာ(၁၃၈၅) မိုင်ကို ပိုင်ဆိုင်ထားသည်။ မဟာဗျူဟာကျသော ကျွန်ပေါင်းများစွာရှိသည့်အနက် ရမ်းဗြဲကျွန်း၊ ဟိုင်းကြီးကျွန်း၊ ပါလီပါလက် ကျွန်း၊ ကိုကိုးကျွန်းနှင့် ဇာဒက်ကြီးကျွန်းတို့သည် ပို၍အချက်အခြာကျပြီး အိန္ဒိယနိုင်ငံမှ မလက္ကာ ရေလက်ကြားသို့သော ပင်လယ်ရေကြောင်း လမ်းများကို ထိန်းချုပ်ထားနိုင်သည့်အပြင် ရေသယံ ဇာတလည်း ကြွယ်ဝလျက်ရှိပါသည်။
- အဓိကအချက်မှာ တရုတ်နိုင်ငံ၏ အနောက်ဘက်ထွက်ပေါက်( သို့မဟုတ်) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှေးသည့် ကုန်းတွင်းပိတ်ပြည်နယ်များ၏ အနောက်ဘက်စီးပွားရေးတံခါးထွက်ပေါက်သဖွယ်ရှိနေပါသည်။၎င်းအပြင် ဈေးကွက်စီးပွားရေးအရ လူဦးရေသန်းပေါင်း (၆၅၆) ရှိသည့် အနောက်တောင်အာရှနှင့် လူဦးရေသန်းပေါင်း (၈၃၃) ရှိသည့် အရှေ့တောင်အာရှဈေးကွက်ကြီးအကြား အလယ်ဗဟိုကျသည့် မဟာဗျူဟာ၊ နည်းဗျူဟာအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေလျက်ရှိပါသည်။