အသက်အရွယ်ကြီးသူများမှာ သနားစရာကောင်းပါသည်။ အကျပိုင်းဖြစ်၍ ဘဝနေညိုချိန်သို့ ရောက်လေပြီ။ ပျော်စရာ နည်းသွားပြီ။ တက်ကြွစရာ မရှိသလောက်ဖြစ်နေပြီ။ တစ်ချိန်က သူတို့လည်း အရွယ်ကောင်းခဲ့ ပေးသည်။ ဘသူ့ခေတ်နှငါ့ သူ့အခါ တက်ကြွစရာ ဂုဏ်ယူစရာတို့ ရှိခဲ့ကြပေသည်။ ထိုအကြောင်းများကို ပြောပြရလျှင် ငယ်မူငယ်ဟန်များပင် ပြန်ပေါ်လာအောင် စိတ်အားထက်သန်ကြသည်။ လေး‌‌လေးစားစားနှင့် စိတ်ပါဝင်စားစွာ နားထောင်မည့်သူကို လွန်စွာ အလိုရှိကြသည်။


        "အမေကြီး၊ အမေကြီး အပျိုတုန်း လှမှာပဲနော်"

        ကျွန်တော်က အားလပ်သည့်အခါများတွင် အမေကြီးငယ်ဘဝကို ပြန်ပို့ပေးသည်။

        "လှပါ့တော်...ကျုပ်တို့ အသားမဖြူပေမယ့် ညိုချောပါ"
        ကျွန်တော် ရယ်ချင်သော်လည်း မရယ်မိအောင် ထိန်းထားသည်။ သားနှင့် သမီးကတော့ ရယ်သည်။
        "အမေကြီး အပျိုတုန်းက အဖေကြီးပေးခဲ့တဲ့ စာကလေးကို ပြန်ဆို ပြပါဦး၊ ကျွန်တော် မေ့သွားလို့ပါ"
        "အင်း...ငါ့မြေးက မှတ်မှ မထားဘဲကိုး..."
   အမေကြီးက အပြစ်တင်သလို ပြော်သော်လည်း အမှန်ကတော့ ဆိုပြချင်နေပြီ"
        "သေသေချာချာ မှတ်ထား ငါ့မြေးရဲ့၊ အမေကြီးတို့ ခေတ်က ခုခေတ်လို မဟုတ်ဘူး၊ ရည်းစားစာ‌ပေးရင် စာစပ်ပြီး ပေးရတာ၊ အင်း...မင့်အဖေကြီးရေးတဲ့စာက ဒီလို ငါ့မြေးရဲ့၊ အဟမ်း...ကိုယ့်စိတ်ကထင်၊ ခုတင်နန်းသာပ၊ အရင်လူစိတ်က မှန်းတာဖြင့် စိတ်တမ်းလေး နှစ်မြွာရှိသူရဲ့၊ ငါ သိအောင်မှု မဆွေးပါနဲ့၊ လေးနှမခင်ခင့်ကိုကွယ် မေးပါရစေ၊ မောင့်စိတ်က တည်ပါသည်။ နှမ စိတ်ဘယ်လို ယူရပါ့၊ ဘယ်လိုလူ မင်းစိတ်ကူးတယ်ကွယ် တစ်ဘက်နားသာ ထောင်ပါ့ကွယ်၊ လှအသဝါ စာလွှာပေးလိုက်မယ်၊ ညအခါ ထကာရေးတယ်၊ နှမရေ...မငါးက အရင်း"
        အမေကြီးက အသံနေ အသံထားဖြင့် ဆိုပြသည်။ အမှန်စင်စစ်တော့ ဤစာကလေးကို ကြားဖူးသည့် အကြိမ်များ၍ ကျွန်တော် အလွတ်ရနေပါပြီ။ ကျွန်တော်သာမက ဆယ်နှစ်အရွယ်ရှိသည့် သားနှင့် ခုနစ်နှစ်အရွယ်ရှိသည့် သမီးလည်း ရနေပါပြီ။

      အမေကြီးက စာလဲမတတ်ဘဲနဲ့ ဒါကျတော့ ဘယ်လိုလုပ်ပြီးဖတ်လဲ"

        ဤမေးခွန်းကိုလည်း ကျွန်တော် အကြိမ်ကြိမ် မေးဖူးပါပြီ။

        "အိုး...ငါ့မြေးကလဲ အောင်သွယ်တွေက ဖတ်ပြတာပေါ့"

        ကြားနေကျ အ‌ဖြေဖြစ်ပါသည်။

        "အမေကြီးက စာသင်လို့တော့ မတတ်ဘူး၊ ဒါကျတော့ အလွတ်ရသားပဲ"
        "အိုး...ဒါကတော့ သူတို့က ခဏခဏ ဖတ်ပြနေကြတာကိုး၊ ကိုယ်လဲ စိတ်ဝင်စားတော့ ရတာပေါ့"
        ကျွန်တော်တို့ ရယ်ကြသည်။ ထိုကဗျာလေးကို အမေကြီးအား အသံနေ အသံထားဖြင့် ဆိုစေ၍ ကက်ဆက်နှင့် အသံဖမ်းထားသည်။ အမေကြီးမရှိတော့သည့် အခါတွင် အလွမ်းပြေဖွင့်ရန် ရည်ရွယ်ပါသည်။ အမေကြီးသည် သူတို့၏ ရှင်ပြုအလှူပွဲကြီးအကြောင်းကိုလည်း အလွန်ပြောချင်သည်။ သူ့ခေတ်နှင့် သူတော့ အလွန်ကြီးကျယ်ခဲ့သော အလှူပွဲဖြစ်ဟန်တူသည်။ ယခုခေတ်တိုင်အောင်လည်း ကျွန်တော်တို့ရွာတွင် အဖေကြီးနှင့် အမေကြီးတို့ အလှူလောက် ကြီးကျယ်သော အလှူမရှိသေးပါ။ ဆိုင်းပွဲပါသည်။ ခြင်းပွဲပါသည်။ ရုပ်သေးခေတ်မို့ ရုပ်သေးပါသည်။ ရုပ်ရှင်ပေါ်ခါစပင် ဖြစ်သော်လည်း ရုပ်ရှင်ပါ ပြသည်။ ရှင်လောင်းလှည့်ရာတွင်လည်း ကျွန်တော်တို့၏ ရွာမှာသာမက လေးမိုင်ခန့် ဝေးသော အမေကြီး၏ ဇာတိရွာအထိ သွားလှည့်သည်။ ထိုအလှူကို အမေကြီး သိပ်ဂုဏ်ယူသည်။ ထိုအလှူအကြောင်းကို ပြောရမည်ဆိုလျှင် မမောနိုင်ပါ။ ဘာမျှ နားထောင်မည့်သူ မရှိလျှင် သားနှင့် သမီးကို ပိုက်ဆံပေးပြီးပြောသည်။ ကလေးနှစ်ယောက်လည်း နားထောင်ရလွန်း၍ အလွတ်ရနေကြပြီ။ အချို့ သောနေရာများတွင် အမေကြီးမေ့ကျန်နေခဲ့သော အကြောင်းများကို ကလေးများက ထောက်ပေးကြသည်။ နားထောင်သူများအားလုံး သိပြီဖြစ်၍ ထောက်ပေးနေသော်လည်း အမေကြီးအတွက် အကြောင်းမဟုတ်။

        "အေး...အေး၊ ဟုတ်တယ်" ဆို၍ ထောက်ပေးသော အကြောင်းကိုပင် ထပ်ပြီး ပြောပြနေပြန်သည်။ သာမန်အားဖြင့်ဆိုလျှင် အသက်ကြီးသူတို့မှာ စိတ်မရှည်စရာဖြစ်သော်လည်း အသေအချာ ကြည့်လျှင်တော့ သနားစရာကောင်းပါသည်။နောက်တစ်လဆိုလျှင် အမေကြီးရော ကျွန်တော်တို့ပါ မိသားတစ်စုလုံး ရွာသို့ ပြန်ကြမည်။ ရွာမှာရှိသော ကျွန်နော့ညီက လှူမည်။ အမေကြီးရှိစဉ် လှူချင်၍ဟု ဆိုသည်။ သူက ဟန်ကျသွားပြီး ကျွန်တော့်မှာလည်း ထိုစိတ်ကူးရှိပါ၏။ သို့သော် မလှူနိုင်သေး။ အမေကြီးကို ကျွန်တော် လှူနိုင်သည်အထိ အသက်ရှည်ရှည် နေပါဦးဟုသာ တောင်းပန်ထားရသည်။ ညီ၏အလှူတွင် ကျွန်တော့်သားနှင့် သမီးလည်းပါ၏။ အမေကြီး အလွန်ဝမ်းသာနေ၏။ မြစ်များကို ရှင်လောင်းအသွင်း ကိုရင်လေးများအသွင်နှင့် မြင်ချင်နေသည်။ အလှူရက်ကို လက်ချိုးရေတွက်နေသည်။ ဤအလှူပြီးလျှင်တော့ အမေကြီး အသက်ကြီးပြီ ဖြစ်၍ ရွာမှာသာ နေရစ်ခဲ့တော့မည်ဟု ဆိုသည်။ အမေကြီး၏အသက် ၈၄ နှစ်ရှိပြီ။ စား၍ကောင်းဆဲ၊ အိပ်၍ကောင်းဆဲ၊ ကျန်းမာရေးကောင်းဆဲ ဖြစ်သည်။ ဖျားသည် နာသည် မရှိ။ တစ်အိမ်လုံး တုတ်ကွေးဖြစ် သည်ပင် အမေကြီးက မဖြစ်။
အမေကြီးသည် ညစောစောအိပ်၍ မနက်စောစောထသည်။ အိမ်ဝိုင်းထဲမှာ အမှိုက်လှည်းသည်။ ပြီးလျှင် အမှိုက်တောင်းကို ခါးစောင်းတင်၍ သွားပစ်မည်။ မနက်စောစော ရေတစ်ခါ ချိုးသည်။ ပြီးလျှင် ဆွမ်းတော်ကပ်သည်။ မနက်စာ စားမည်။ သီတင်းနေ့တိုင်း ဥပုသ်စောင့်မည်။ ဤအလုပ်များမှာ ပုံမှန်ဖြစ်သည်။ ရေကတော့ နွေရာသီဆိုလျှင် တစ်နေ့ ခြောက်ခါလောက် ချိုးသည်။ အိမ်မှာ ရေတွင်းရှိ၍ စက်သီးကြိုးနှင့် ရေငင်ပေးရသည်။ 

         "ရေကလဲ ဆေးတစ်ပါး" ဆိုသည်မှာ အမေကြီး၏ လက်သုံး စကား၊ တစ်ခါတစ်ရံတွင် စာရေးနေစဉ် ရေအငင်ခိုင်း၍ ကျွန်တော် မကျေနပ်။

         "အမေကြီးကလဲဗျာ၊ စာရေးနေရင် ရေအငင်ခိုင်းပြီ"

        ကျွန်တော် ငြူစူမိပါ၏။ သို့သော် ငင်တော့ ငင်ပေးပါသည်။ အမေကြီးခိုင်းသည်ကို လုပ်မပေးပဲ ကျွန်တော် မနေဝံ့ပါ။ ထို့သို့နေလျှင် အပြစ်ရှိသလိုပင် စိတ်ထဲမှာ ထငါသည်။

        တစ်နေ့တော့ မနက်စောစော ရေချိုးပြီး အမေကြီး မူးသည်။ အန်သည်။ အပေါ့အလေး မထိန်းနိုင် ဖြစ်သည်။ ကျွန်တော်တို့က မရှိ၊ ထိုနေ့က ရုံးပိတ်ရက်ဖြစ်၍ မင်္ဂလာဆောင်တစ်ခုသို့ သွားနေသည်။ အိမ်ပြန်ရောက်မှ ကလေးများပြော၍ သိရသည်။

        "အမေကြီး ဘယ်လိုဖြစ်တာလဲ"

        ကျွန်တော်က မေးတော့ အမေကြီး လက်ကာပြသည်။

        "ဘာမှ မဖြစ်ပါဘူး ငါ့မြေူရယ်၊ ဘာမှ မဖြစ်ပါဘူး"

        အိမ်ပေါ်တွင် ဝမ်းမထိန်းနိုင် ဖြစ်သည်ကို အပြစ်တင်မှာ စိုးနေသည်။
အမေကြီးသည် အိမ်ပေါက်နားတွင် ထိုင်နေသည်။ ကြမ်းပေါ်မှ မီးခြစ်ကို ကောက်ယူသည်။ လွတ်ကျသည်။ နောက်တစ်ကြိမ်ကောက်သည်။ ပြန်ကျသည်။ ကျွန်တော် သတိထား၍ လှမ်းကြည့်နေမိသည်။ အမေကြီး၏ လက်ညှိုးနှင့် လက်မသည် မီးခြစ်ကို မြဲအောင် မကိုင်နိုင်တော့ပါ။

        "အမေကြီး"

        ကျွန်တော်က လှမ်းခေါ်လိုက်တော့ အမေကြီး ကျွန်တော့်ဘက်ကို လှမ်းကြည့်သည်။

         "အို..."

        ကျွန်တော် တုန်လှုပ်သွားမိသည်။ အမေကြီး၏ ပါးတစ်ခြမ်း ရွဲ့နေရှာပြီ။ အမေကြီး၏ ကိုယ်တစ်ခြမ်းကို လေဖြတ်စပြူလေပြီ။

        "မမြင့်ရေ... သားနဲ့သမီး အားလုံး ဒီကိုလာကြဦးဟေ့"

        ကျွန်တော်က အလျင်စလို ခေါ်လိုက်၍ မိသားစုအားလုံး အထိတ်တလန့်နှင့် ရောက်လာကြသည်။

        "ဒီမှာ အမေကြီးကို ကြည့်ကြစမ်း၊ ကိုယ်တစ်ခြမ်း လေဖြတ်သွားပြီ၊ ဒီကနေ့ကစပြီး အမေကြီးခိုင်းတာကို ချက်ချင်းလုပ်ပေးကြ၊ အမေကြီးခေါ်ရင် တစ်ခါတည်းနဲ့ လာကြ၊ နှစ်ခါ မခေါ်ရစေနဲ့ ကုသိုလ်ရပါတယ်ကွာ၊ အမေကြီးကို သနားလိုက်တာ"

        အိမ်သားအားလုံး အမေကြီးကိုကြည့်၍ စိတ်မကောင်းဖြစ်ကြသည်။ အမေကြီးက‌တော့ ကလေးတစ်ယောက်လိုပင် ကျွန်တော်တို့ တစ်ယောက်စီကို ကြည့်နေရှာသည်။ ပြီးတော့ မီးခြစ်ကလေးကို ကြိုးစား၍ ကောက်နေပြန်၏။ ကျွန်တော်တို့ ကြည့်နေကြသည်။ မီးခြစ်ကလေးသည် ကြွပါလာပြီးမှ ပြန်ကျသည်။ ကျွန်တော့်သား စိတ်မကောင်းဖြစ်သွားဟန်တူသည်။ မီးခြစ်ကို အမြန်ကောက်ယူပေးသည်။ သားနှင့်သမီးက သူတို့အမေ ပြပေးသည့်အတိုင်း အမေကြီး၏ ပါးနှင့်လက်ကို သံပုရာသီးဖြင့် လှိမ့်ကြသည်။ မမြင့်က ဆေးမြစ်စုံ သွေး၍ လိမ်းပေးသည်။ ကျွန်တော်က ဆရာဝန် ခေါ်၍ ပြသည်။ ဆေးထိုးသည်။ ပားဆေးသွင်းသည်။ အကြောင်းမထူးပါ။ လက်တစ်ဘက်နှင့် ခြေတစ်ဘက်မှာ တစ်ရက်ထက် တစ်ရက် ပိုဆိုးလာသည်။ အစားကို ကိုယ်တိုင်စားလျှင် ပါးစပ်ထဲသို့ ကောင်းကောင်မဝင်ပါ။ ကျွန်တော့်ဇနီးက ကလေးကို ကျွေးသလို ဇွန်းဖြင့် ခွံ့ကျွေးရသည်။ အပေါ့အလေးကိုလည်း ကိုယ်တိုင်အသွားနိုင်တော့ပါ။ လူနှစ်ယောက် ကူမှ ရသည်။
 
        "ငါ့ မြေးရယ်၊ အမေကြီး ဝဋ်ထင်ပါရဲ့ ငါ့မြေးတို့ ဒုကြ္ခဖစ်လိုက်တာ၊ အမေကြီး မြန်မြန် သေချင်တယ်" ဟု ဆိုသည်။

         "ဒီလို မအောက်မေ့ရဘူး အမေကြီးရဲ့၊ တစ်ရက်တ်ုး နေရရင် တစ်ရက်တိုးကုသိုလ်ရအောင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်ကို အာရုံပြုနေပေါ့"

        ကျွန်တော်က အားပေးသည်။

        "အင်း...အင်း၊ ငါ့မြေးပြောတာ ဟုတ်တယ်"

        ခေါင်းအုံး အောက်မှ စိပ်ပုတီးကို ယူ၍ အမေကြီး ပုတီးစိပ် နေပါတော့သည်။
မနက်ပိုင်းနှင့် ညနေပိုင်းတွင် ကျွန်တော်တို့ ဝိုင်းဝန်းပြုစုနိုင်ပါသည်။ မနက်ပိုင်းတွင် ကျွန်တော်တို့က အလုပ်သွားသည်။ မမြင့်နှင့် ကလေးနှစ်ယောက်က ကျောင်းသွားသည်။ အမေကြီးအနားတွင် အကူအညီ မိန်းကလေးတစ်ယောက်သာ ကျန်ရစ်သည်။ အမေကြီးအတွက် ကျွန်တော် စိတ်မကောင်းပါ။ အကြောင်းစုံကို အမေ့ထံသို့ စာရေးသည်။ အမေနှင့် ညီတစ်ယောက် လိုက်လာကြသည်။ အမေကြီးကို ရွာသို့ ပြန်ခေါ်ချင်သည်။ရွာမှာ မြန်မာဆရာနှင့် ကုချင်သည်ဟု ဆိုသည်။ ရွာမှာဆိုတော့ သမီးများ၊ မြေးများ၊ မြစ်များ၊ ဆွေမျိုးသားချင်းများစွာရှိသည်။ တစ်ယောက်တစ်လက် ဝိုင်းဝန်းပြုစုနိုင်ကြသည်။ အလှူရက်လည်း နီးနေပြီ။ အလှူကျလျှင်လည်း ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် အမေကြီးကို မီးရထားပေါ်တွင် အသက်သာဆုံး လိုက်ပါနိုင်အောင် ကျွန်တော်တို့ စီစဉ်ကြသည်။ အမေကြီးကို ဘူတာသို့ ပို့သောအခါ ကားပေါ်မှတစ်ဆင့် ရထားတွဲပေါ်သို့ ရောက်အောင် ကျွန်တော် ပွေ့၍ သွားရသည်။ အမေကြီး ဝ၍ အလွန်လေးသော်လည်း ကျွန်တော် အားတင်း၍ ပွေ့ရသည်။ ရခားပေါ်သို့ ရောက်သောအခါ အမေကြီး ထိုင်၍ လိုက်နိုင်ပါသည်။
ကျွန်တော်တို့ အမေကြီးကို ကန်တော့ ကြသည်။ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိသည်များ ရှိလျှင် ခွင့်လွတ်ပါရန် တောင်းပန်ကြသည်။ အမေကြီး ခွင့်လွတ်ကြောင်းပြော၍ ဆုတွေပေးသည်။ ကျွန်တော်တို့ ရထားပေါ်မှ ဆင်းတော့ အမေကြီး ပုတီးစိပ်နေပြီ။ သူ့စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။

        သားနှင့်သမီးက အမေကြီးကို မြင်ချင်ကြသည်။ ချီပြပါရန် ကျွန်တော့်ကို တောင်းဆိုနေကြသည်။ ကျွန်တော့ကလေးနှစ်ယောက်ကို ချီ၍ ပြတင်းပေါက်မှ ပြသည်။

        "အမေကြီး...အမေကြီး"

        ကလေးနှစ်ယောက်က အော်ခေါ်ကြသည်။အမေကြီး ကြားပါသည်။ သို့သော် လှည့်မကြည့်တော့ပါ။ ပုတီးကိုသာ စိပ်နေသည်။
         "အမေကြီး"
        "အမေကြီး"

        သားနှင့်သမီးက ပြန်ခေါ်ကြပြန်သည်။ အမေကြီးက လှည့်မကြည့်။

        "ဖေဖေ၊ သားကို အောက်ချပေးပါ"
        "ဖေဖေ၊ သမီးကို အောက်ချပေးပါ"

         သားရော သမီးပါ ကျွန်တော့် လက်အပေါ်မှ ရုန်းကန်ပြီး ဆငါးနေကြပြီ။ ကျွန်တော် ချပေးလိုက်ရသည်။ ကလေးနှစ်ယောက်စလုံး ရထားပေါ်သို့ ပြေးတက်သွားကြသည်။ မေကြီး အနားသို့ ရောက်သောအခါ...
        "အမေကြီး...အမေကြီး" ဟု ခေါ်ရင်း ပါးတစ်ဘက်စီကိုအားပါးတရ နမ်းနေကြသည်။ အမေကြီးကတော့ ဘာမျှ ပြန်မပြောပါ။ ပုတီးကိုသာ ကြိုးစား၍ စိပ်‌နေသည်။ သို့သော် အမေကြီး၏ ပါးပေါ်တွင် မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ ဤကလေးနှစ်ယောက်ကို အမေကြီး ကြိုးစား၍ သံယောဇဉ် ဖြတ်နေရှာဟန်တူပါ၏။ မမြင့်ကတော့ အမေကြီးနှင့် ကလေးနှစ်ယောက်ကို ကြည့်၍ ငိုနေပါသည်။ အမေကလည်း ငိုနေပါပြီ။ အမြန်ရထား မကြာမီအချိန်အနည်းငယ် အတွင်းမှာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာနေပါပြီ။ စင်္ကြန်တံခါးများ ပိတ်တော့မည်။ ကျွန်တော် ကလေးနီစ်ယောက်က်ု လှမ်းခေါ်ရသည်။ ကလေးနှစ်ယောက်ငို၍ ဆင်းလာပါသည်။ ကျွန်တော်တို့ မိသားစု စိတ်မကောင်းစွာဖြင့် စင်္ကြန်အပြင်ဘက်သို့ ထွက်ခဲ့ကြသည်။
မကြာမီ ရထားကြီး ထွက်သွားပါသည်။ ကျွန်တော်တို့ အမေကြီးကို လှမ်းကြည့်ပြီး လက်ပြကြသည်။ သို့သော် အမေကြီးကတော့ ကျွန်တော်တို့ ဘက်သို့ လုံးဝလှည့်အကြည့်တော့ပါ။
*****
      အလှူရက် နီးလာပြီ။ ကျွန်တော်တို့သွားရန် ဆယ်ရက်ခန့်သာ လိုတော့သည်။ အားလုံးသွားချင် နေကြပြီ။ အဓိကမှာ အမေကြီးကို တွေ့ချင်၍ ဖြစ်သည်။ 
 
        "ရွာရောက်ရင် အမေကြီးလို့အော်ပြီး ပြေးဝင်သွားလိုက်မယ်"
        ကျွန်တော့်သားက ကျုံးဝါး‌နေသည်။
ကျွန်တော်တို့ မိသားစုကို တွေ့လျှင် အမေကြီး ဝမ်းသာပျော်ရွှင်နေမည်ကို ကျွန်တော် တွေးကြည့်မိသည်။ ဆရာဝန်က ကျွန်တော့်ကို ပြောထားသည်။ အမေကြီး၏ ရောဂါမှာ ပြန်‌ကောင်းမည် မဟုတ်တော့ပါ။ တော်တော်နှင့်လည်း သေမည်မဟုတ် ဟူ၍ ဖြစ်သည်။ အမေကြီးကို ကျွန်တော် သနားသည်။ ဝေဒနာကို မည်မျှ ကြာကြာခံစားနေရမည်နည်း။ အမေကြီး နေကောင်းစဉ်က မကြာခဏပြောဖူးပါသည်။ သူလည်း ဝေဒနာကို ကြာရှည်စွာ ခံစားမနေချင်။ ပြုစုသော သူများကိုလည်း ဒုက္ခမဖြစ်စေချင်ဟူ၍ ဖြစ်သည်။ သို့သော် နေချင်၍ မနေရသလို သေချင်၍လညါး မသေရ။ သေပြန်တော့လည်း ကိုယ်သေချင်သလို သေရမည်မဟုတ်။ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်မြို့များက ကျွန်တော့်ကို စာပေဟောပြောပွဲ ဖိတ်လာသည်။ အလှူရက်လည်း နီးနေပြီမို့ အဆင်သင့်သည်။ စာပေဟောပြောပွဲပြီးလျှင် ကျွန်တော် ရန်ကုန်ကို မပြန်ဘဲ အမေကြီးထံသို့ အရင် သွားနှင့်မည်။ ကလေးများ ကျောင်းပျက်မည်စိုး၍ မမြင့်နှင့် ကလေးနှစ်ယောက်က အလှူနားနီးမှ လိုက်လာကြမည်။

        "ဟာ...ဖေဖေက သမီးတို့အရင် အမေကြီးနဲ့ တွေ့ရမှာပေါ့"

        သမီးငယ်က ကျွန်တော့်ကို မနာလိုဖြစ်နေသည်။

        "စာပါတယ်..."

        အိမ်ရှေ့အိမ်မှ စာတိုက်တွင် လုပ်သော ကလေးမလေးက စာတိုက်မှ အပြန်တွင် ဝင်လာပေးသည်။ လက်ရေးကို မြင်ရုံနှင့် ရွာမှ ကျွန်တော့် နှမ၏ စာမှန်း သိပါသည်။ အမေကြီးပြန်သွားကတည်က စာတစောင်မျှ မလာသေး။ ဤစာထဲတွင် အမေကြီးအကြောင်းပါလိမ့်မည်။ မမြင့်က စာကို ကျွန်တော့်လက်မှ လုယူသွားသည်။ သူအရင် ဖတ်ချင်သည်ဟု ဆိုသည်။
စာမှာ တော်တော်များပါသည်။ တတိယ စာမျက်နှာကို ဖတ်သောအခါ မမြင့်ထံမှ"ဟောတော်..." ဟု ပသံထွက်လာသည်။ 
        "ဘာဖြစ်လို့လဲကွ၊ ဘာပါလို့လဲ"

         ကျွန်တော် အလောထကြီး မေးသော်လည်း သူကဘာမျှ မဖြေ။ ဆက်ဖတ်နေသည်။

        "အို...သနားစရာ ကောင်းလိုက်တာ"

မမြင့်ထံမှ အသံထွက်လာပြန်သည်။

         "ဟ...ဘာတွေ ဖြစ်ကုန်လို့လဲ၊ ငါ့ကို ပြစမ်းပါဦး"

        ကျွန်တော် စိုးရိမ်မိသည်။ မမြင့်က စာကိုမပြဘဲ ဆက်ဖတ်နေသည်။ သူ့ ပါးပေါ်တွင် မျက်ရည်များ စီးကျနေပြီ။ ကျွန်တော် စိတ်မရှည်နိုင်တော့ပါ။

         "ဟေ့...ဘာတွေ ဖြစ်ကုန်လို့လဲကွ၊ ပြောစမ်းပါဦး"
"အမေကြီး ဆုံးပြီ"

        မမြင့် စာကို ကျွန်တော့်ထံ လှမ်းပေးပြီး ငိုနေပါတော့သည်။
        "ဟာ...ဖြစ်မှ ဖြစ်ရလေကွာ"
        ကျွန်တော် ယူကျုံးမရ ဖြစ်သည်။ ဤမျှ မြန်မြန်ဖြစ်သွားလိမ့်မည်ဟု ကျွန်တော် လုံးဝ မမျှော်လင့်မိပါ။
         "အလှူရက် နီးနေမှကွာ..."
         အမေကြီး၏ မြစ်များအားလုံးကိုစု၍ မြေးက လှူသည်ကို အမေကြီး မမြင်ရတော့ပါ။ ထိုအလှူကို အမေကြီး အလွန်ကြည့်ချင်၊ မြင်ချင်သည်။ အလှူဒကာဖြစ်သော ကျွန်တော့်ညီလည်း စိတ်ကောင်းနိုင်မည်မဟုတ်တော့ပါ။ ကျွန်တော်စာကို ဖတ်ကြည့်သည်။ ရွာတွင် သမီးနှစ်ယောက်နှင့်တကွ မြေးများ၊ မြစ်များ၊ ဆွေမျိုးသားချင်းများ၏ ဝိုင်းဝန်းပြုစုမှုကြောင့် အမေကြီး စိတ်ချမ်းသာကြောင်း၊ သေမည့်ညက မြေးများ၊ မြစ်များကို ပိုက်ဆံကြဲသေးကြောင်း၊ လုယက်ကောက်ကြသည်ကို ကြည့်ပြီး အမေကြီး ရယ်မော ပျော်ရွှင်နေကြာင်း၊ သုံးရက်ကြဲရန် စီစဉ်ထားသော်လည်း နှစ်ရက်သာကြဲအပြီး အိပ်ပျော်ရာမှ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 
အမေကြီး၏ ဆနြ္ဒပည့်သွားရှာပြီ။ အမေကြီးသည် ပြုစုသူများကိုလည်း ဒုက္ခမဖြစ်စေချင်။ သူလည်းဝေဒနာ ခံစားမနေချင်။
        ရွာမှ မိသားစုက သင်္ဂြိုဟ်ပြီးမှ ကျွန်တော့်ထံသို့ စာထည့်ခြင်း ဖြစ်သည်။ အကြောင်းမထူးတော့ဟု ဆိုသော်လည်း စိတ်ထဲမှာတော့ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ ကလေးနှစ်ယောက်နှင့် မမြင့်ကတော့ ဝမ်းပန်းတနည်း ငိုနေကြလေပြီ။ အမေကြီးတစ်ယောက် လောကကြီးထဲမှ လုံးဝပျောက်ကွယ်သွားလေပြီ။ အမေကြီးကို ကျွန်တော်တို့ မည်သည့်အခါမျှ ပြန်တွေ့နိုင်တော့မည် မဟုတ်ပါ။ အမေကြီးသည် သူ့အညာ သူ့ရွာသို့ အပြီးပြန်သွားရှာလေပြီ။ 
        "ဖြောင်း...ဖြောင်း...ဖြောင်း...ဖြောင်..."
        လက်ခုပ်သံများကို ကြားရသည်။
ဘယ်သူတွေ ဘာတွေ ဟောကြာသည်ပင် မသိ။ စာပေ ဟောပြောပွဲကြီးကား ပြီသွားလေပြီ။
        ဤစာပေဟောပြောပွဲပြီးလျှင် အမေနှင့်အတူ ကျွန်တော်ရွာသို့ ပြန်လိုက်မည်။ ရွာရောက်လျှင် အမေကြီး၏ အုတ်ဂူကလေးကို ကန်တော့ရဦးမည်။
         "ဪ...ခုနေများ အမေကြီး ရေချိုးချင်သည်ဟု ဆိုလျှင် မငြူမစူ ရေငင်ပေးချင်စမ်းပါဘိ"

#လယ်တွင်းသားစောချစ်
#သောကြာကြိုက်သောစာစုများမှ