မောင်တင်ဖေသည် အစိုးရဘက်၌ အမှုထမ်းတစ်ယောက်ဖြစ် ၍ ကိုယ်ကျိုးစီးပွားသက်သက်ကိုသာ အစဉ်မပြတ်ကြည့်လျက် မြှောက် သင့်သူကိုမြှောက်၊ အဆင်း တွန်းသင့်သူကို တွန်းတတ်သော သူတို့၏ထုံးစံ အတိုင်း အတော်ပင်ကြီးပွားလာခဲ့၏။ထို့ပြင် မကြာသေးမီက ကာလကတ္တား ရိန်းဂျားထီတွင် ဒုတိယ ဆုရခဲ့သူဖြစ်၍ မိမိ၌ရှိရင်းဖြစ်သော ကားဟောင်းကိုမရောင်းချသေးမီ ကားသစ်တစ်စီးကို ဝယ်ယူပြန်သဖြင့် ကားနှစ်စီးပိုင်ရှင်လည်းဖြစ်လေရာ၊ တစ်စုံတစ်ခုသော အကြံအစည်အတွက်ကြောင့် တစ်စီးသောကားကို မိမိ အားမသိရသော ရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့ထားခဲ့၏ ။ . ၎င်း၏အကြံအစည်မှာကား မိမိက တစ်သက်ပတ်လုံး ရန်သူ ကြီးအဖြစ်နှင့် သဘောထားလာခဲ့သော သူငယ်ချင်းမောင်ဘမြင့်ကို သတ် ဖြတ်ရန် ဖြစ်ချေ၏။ 
          ထိုညသ၌ မောင်တင်ဖေသည် ဝိုင်အမ်ဘီအေအသင်းတိုက်တွင် အခြားအသင်းသားများနှင့်အတူ.ဝိုင်းဖွဲ့၍ စကားပြောကြစဉ်၊ သတင်းစာ တိုက်တစ်တိုက်တွင် အလုပ်လုပ်သော အသင်းသားတစ်ယောက်က လူ သတ်မှုများအကြောင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ပြောဆိုသည်ကို ကြားခဲ့ရ၏။ထိုသူ၏စကားအရမှာ လူသတ်မှုဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် ပုလိပ်အရာရှိတို့သည် သတ်ခြင်း၏အကြောင်းရင်းဟု ဆိုအပ်သောရည် ရွယ်ချက်ကို ရှေးဦးစွာစုံစမ်းရှာဖွေတတ်ကြကြောင်း၊ သူရူးတစ်ယောက် သာလျှင် ရည်ရွယ်ချက်မရှိဘဲလျက် သတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း ရည် ရွယ်ချက်ဆိုသည်မှာ မှန်းခြင်းကြောင့်ဖြစ်စေ၊ ရည်းစားလုမှုကြောင့်ဖြစ်စေ သေသူ၏ငွေရရန်ဖြစ်စေ တစ်ခုခုကို ဆိုလိုကြောင်း၊
အဆိုပါ ရည်ရွယ်ချက်များအနက် တစ်ခုခုကြောင့် ဖြစ်သည်ဟု ၌တပ်အပ်သေချာသိသာထင်ရှားသောအခါတွင် လက်သည်ကိုရှာဖွေရန် ဆွယ်တတ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဖော်ပြ၏။
     ၎င်းစကားများကို အခြားအသင်းသားများနှင့်အတူ နားထောင်နေရှိသော မောင်တင်ဖေသည် မိမိအား သတိပေးဘိသကဲ့သို့ ရှိပေ သည်ဟု သဘောရလျက် အသင်းတိုက်မှ ဆင်းကြသောအခါတွင် မိမိ ဇော်လိုသော မောင်ဘမြင့်နှင့်အတူ ရင်းနှီးစွာ ယှဉ်တွဲခဲ့ကြလေသည်။မောင်တင်ဖေနှင့် မောင်ဘမြင့်တို့မှာ အလွန်တရာချစ်ကျွမ်းဝင် သော သူငယ်ချင်းဟူ၍ အခြားသောအသင်းသားများက မှတ်ယူကြပြီး ဖြစ်လေရကား ထိုကဲ့သို့ ရင်းနှီးသောအပြုအမူမှာ တစ်စုံတစ်ရာ ထူးခြား ခြင်းရှိသည်ဟူ၍ မှတ်ထင်ကြမည် မဟုတ်ချေ။
     မောင်တင်ဖေမှာ အလွန်တရာပါးနပ်သော လူတစ်ယောက်ဖြစ် သဖြင့် မောင်ဘမြင့်အပေါ်၌ မုန်းထားခြင်းတည်းဟူသော မိမိ၏သဘော
ကို အခါခပ်သိမ်းလျှို့ဝှက်သိုသိပ်နိုင်ခဲ့သည် ဖြစ်သောကြောင့် တစ်ဦး တစ်ယောက်သောသူမျှ ၎င်း၏အကြံအစည်ကို မရိပ်မိနိုင်ခဲ့ချေ။ မောင် အမြင့်ကိုယ်တိုင်ကလည်း သူငယ်ချင်းမောင်တင်ဖေသည် မိမိကောင်းစား သည်ကိုသာ မြင်လိုသည့် အကောင်းဆုံးသော မိတ်ဆွေတစ်ဦးဟူ၍ စိတ် လုံကြည်ခြင်းရှိခဲ့၏။ နက်ဖြန်တိုင်ရောက်၍ မောင်ဘမြင့်သည် မောင် တင်ဖေ၏စိတ်နေသဘောထားကို သိရသောအခါတွင် အကြီးအကျယ် အံ့ဩခြင်းဖြစ်မည်မှာ မုချမလွှဲပေတည်း။ -
     မောင်တင်ဖေမှာ မောင်ဘမြင့်သည် ထောက်ကြံ့၌ ရှိသော ၎င်း၏အိမ်ကြီးသို့ တစ်ယောက်တည်းသွားမည်ဟု သိရှိရကတည်းက တစ်သက်ပတ်လုံး အချက်ကောင်းကို စောင့်နေသူဖြစ်သည့်အလျောက် သူငယ်ချင်း၏အသက်ကို ဖြုတ်ရန် စီမံလျက်ရှိ၏။ မောင်တင်၏အကြံ မှာ ဝါးနပ်သောသူတစ်ယောက်၏အကြံဖြစ်သည့်အားလျော်စွာ အလွန် ဌာနသေချာခြင်း ရှိချေ၏။ မည်မျှလောက် ကျနသေချာခြင်းရှိသည်
သော် အကယ်၍ တစ်စုံတစ်ခုသောအကြောင်းကြောင့် မိမိ၏အကြံ သည် အထမမြောက်ရှိခဲ့စေကာမူ တစ်ဦးတစ်ယောက်သောသူပင်လျှင် သတ်ဖြတ်ရန် ကြိုးစားအားထုတ်မှုနှင့် မောင်တင်ဖေအား စွပ်စွဲနိုင်မည် ၂၀ ဆတ်ချေး မိမိအပေါ်သို့ ရောက်လာမည်ဖြစ်သော ဘေးရန်အပေါင်း ကို မောင်တင်ဖေသည် ကြိုတင်ကာကွယ်ပြီး ဖြစ်ခဲ့၏။
ဝင်စစ်မှာ မောင်တင်ဖေသည် မောင်ဘမြင့်သေဆုံးကြောင်းကို အသိရှိကြသောအခါ၌ တစ်ဦးတစ်ယောက်သောသူကမျှ လူသတ်
မှဟူ၍ မတွေးတောနိုင်လောက်အောင် စီမံထားခဲ့၏။ ပုလိပ်အရာရှိများ နှင့်တကွ ကြားရသူဟူသမျှတို့သည် မတော်တဆထိခိုက်သေဆုံးခြင်း ဖြစ်သည် ဟူ၍ သာလျှင် တွေးတောစေဖို့ကိုလည်း စီစဉ်ထားခဲ့၏။
       မောင်ဘမြင့် သေဆုံးသောအခါတွင် မောင်တင်ဖေသည် ကျန် ရစ်သူ မုဆိုးမ မသန်းမေထံသို့ ခရီးရောက်မဆိုက် သွားရောက်ပြီးလျှင် ချစ်လှစွာသော သူငယ်ချင်းသေဆုံးခြင်းအတွက် မိမိကိုယ်တိုင်ဖြေဆည် ၍မနိုင်အောင် ဝမ်းနည်းကြောင်း ပြောပြ၍ မုဆိုးမ မသန်းမေအားလည်း ပူဆွေးခြင်းပြေပျောက်စေလောက်သော စကားတို့ဖြင့် ချော့မော့ပြောဆိုရန်ကိုလည်း စီစဉ်ထား၏။
မသန်းမေ၏ ပူဆွေးဒုက္ခဖြစ်ရခြင်းသည် မိမိအားလည်းမည်မျှ လောက် ပူဆွေးဒုက္ခရောက်စေသည် မည်ကြောင်းကိုလည်း ပြောပြဖို့ စည်ထား၏။ ထိုမှ တစ်စတစ်စ မုဆိုးမကလေးကို နားသွင်းချော့မော့ပြီး လျှင် မောင်ဘမြင့်၏ကိုယ်စား လင်ယောက်ျားအဖြစ်သို့ ရောက်အောင် စီမံဖို့ကိုလည်း အကြံပြုခဲ့၏။ ထိုကိစ္စမျိုး၌ အလျင်စလို ပြုခဲ့သော် မိမိ အပေါ်၌ မသင်္ကာဖွယ်ရာ ဖြစ်မည့်အကြောင်းကိုလည်း မောင်တင်ဖေ သိပြီးဖြစ်သောကြောင့် “သိန္ဓေပဗ္ဗတံ၊ သိန္ဓေဣတ္ထိယံ”ဟူ၍ ပင် ပြုံးရယ်ကာ စပ်၍ထားသေး၏။
     သို့ဖြစ်၍ ခြောက်လတန်သည် တစ်နှစ်တန်သည် စသည်ဖြင့် မနီးမဝေးစောင့်ဆိုင်းရန်အတွက်ကိုလည်း အသင့်ပြင်ဆင်ပြီးဖြစ်၏။မောင်တင်ဖေ၏စိတ်၌ မိမိသည် မသန်းမေကို အပျိုစင်စစ်ဘ၀ ကတည်းက ရခွင့်ရှိပါလျက် မောင်ဘမြင့် ဝင်ရောက်နှောင့်ယှက်သဖြင့် ဖူးစာမဆုံခဲ့ရခြင်းအတွက်ကြောင့် အခဲမကျေအောင် ရှိခဲ့၏။ မသန်းမေ၏ အကြောင်းကို သတိရတိုင်းရတိုင်း မောင်တင်ဖေသည် နဖူးမှချွေးများပြန် လျက် လက်သီးဖြင့် လေကိုထိုးကြိတ်မိ၏။ ။
        သို့ရာတွင် ထိုညကမူ မောင်တင်ဖေသည် ဒေါသအမျက်တို့ မည်သည်မှာ ဦးခေါင်းကို ရှုပ်ထွေးနောက်ကျိခြင်း ဖြစ်စေတတ်ကြောင်း သတိပြုမိခြင်းဖြစ်သောကြောင့် ကြည်လင်သောဦးခေါင်းဖြင့် အကြံထုတ် ရန်လိုသော မိမိ၏ကိစ္စကို နှောင့်ယှက်မည်စိုးသဖြင့် အချက်ကို ချုပ်တည်း ၍ထားရ၏။ လူတစ်ဦးတစ်ယောက်၏အသက်ကို လက်သည်မပေါ်စေဘဲ သတ်ဖြတ်ရခြင်းတည်းဟူသော ကိစ္စမှာ ခက်ခဲနက်နဲလှသော ကိစ္စကြီးဖြစ် သဖြင့် မောင်တင်ဖေသည် အကြည်လင်ဆုံးသော ဦးခေါင်းကိုသာလျှင် အသုံးပြုအံ့ဟု ဆုံးဖြတ်ပြီးဖြစ်၏။ သတ္တိလည်းရှိစေ၊ ဉာဏ်လည်းရှိစေ၊ ကြေးငွေနှင့်လည်း ပြည့်စုံစေဖြစ်ခဲ့ပါလျှင် လက်သည်မပေါ်ပေါက်အောင်သတ်ဖြတ်ခြင်းသည် ခဲယဉ်းသော အလုပ်တစ်ခု မဟုတ်ဟူ၍ မောင်တင် ဖေ ယုံကြည်၏။ ထို့ပြင် ဉာဏ်ထုတ်၍ စီစဉ်ခြင်းတည်းဟူသောအလုပ် သည် စင်စစ် စိတ်ပါဖွယ်ရာ ကောင်းလှသော အလုပ်ပေတည်းတူ၍ ထင် မြင်မိ၏။
         ထိုည၌ မောင်တင်ဖေသည် ဝိုင်အမ်ဘီအေ အသင်းတိုက်မှပြန်လာပြီးနောက် လူပျိုကြီးဖြစ်သော်လည်း တစ်ကိုယ်တည်း ငှားရမ်းနေထိုင် လျက်ရှိသော မိမိ၏အခန်းတွင်း၌ အထက်ပါအတိုင်း စင်္ကြံလျှောက်ရင်း အကြံထုတ်လျက်ရှိ၏။
ယင်းသို့ရှိစဉ် အသင်းတိုက်၌ သတင်းစာအယ်ဒီတာပြောသွား သောစကားတစ်ခွန်းကို အဖန်တလဲလဲ စားမြုံ့ပြန်ကာ ဆင်ခြင်လျက်ရှိ၏။ ၎င်းစကားမှာကား “လူတစ်ယောက်ကို သတ်ဖို့ တင်ကူးစီစဉ်တဲ့လူဟာ ဘယ်လိုပင် ဉာဏ်ရှိစေ၊ ဘယ်လိုပင်.သေချာစေ့စပ်စေကာမူ နောက်ဆုံးတော့ သူ မမြင်မိတာကလေး၊ သူ သတိမပြုမိတာကလေး တစ်ခုခုက စပြီး ပေါ်ပေါက်ရတာချည်းပဲဗျ၊ ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီထင်တာပဲ ဘေးကကြည့်တဲ့လူကတော့ သူ လစ်သွားတာကလေးတစ်ကွက်ကို ဗြုန်းဆို ခြင်တဲ့ပြီး သဲလွန်စရသွားပါရောဗျ၊ ဒီလိုချည်း လူသတ်မှုတွေ ပေါ် ရတယ်
မဟုတ်လား” 

စသည်ဖြင့် ပြောသွားသည်ကို မောင်တင်ဖေ၏နားထဲ၌ စွဲလျက်ရှိလေ၏။သို့ဖြစ်၍ မောင်တင်ဖေသည် မိမိစီစဉ်ပြီးသော အကြံကို အနု လုံပဋိလုံပြန်၍ စစ်ဆေးရာ နောက်ဆုံး၌ မည်သည့်နည်းနှင့်မျှ သဲလွန်စ ပေါ်ပေါက်နိုင်ကြောင်းနှင့် ဆုံးဖြတ်ချက်ချလိုက်၏။မောင်တင်ဖေနှင့်မောင်ဘမြင့်တို့မှာ ကျောင်းနေဖက်သူငယ် ခြင်းများဖြစ်ကြ၍ ကျောင်းသားဘဝကပင် မောင်တင်ဖေသည် မောင်ဘ မြင့်အား မုန်းထားခဲ့၏။ လူလားမြောက်လာကြသောအခါလည်း မသန်းမေကို လုယက်ကြံစည်မှုအတွက်ကြောင့် ထိုထက်ပိုမို၍ ရန်ငြိုးကြီးခဲ့၏။ ဆောင်ဘမြင့်နှင့် မသန်းမေတို့ လက်ထပ်ထိမ်းမြားသောနေ့၌ကား မောင် တင်ပေသည် မောင်ဘမြင့်ကို တစ်နေ့နေ့၌သတ်ရန် ဆုံးဖြတ်ချက်ချလိုက် သည်။ 
        ထိုနေ့မှစ၍ မောင်တင်ဖေသည် မောင်ဘမြင့်သေစေမှု့အတွက် ခဲ့ သော အကြံအစည်တို့ကို ပြုခဲ့၏။ သို့ရာတွင် ၎င်း၏ အကြံအစည်
- တိုယ်တိုင်မကျေနပ်အောင် ရှိသည်ဖြစ်စေ၊ အခွင့်မသာဘဲ ရှိသည်ဖြစ်စေ ဖြစ်ခဲ့၏။ စင်စစ် လူတစ်ယောက်ကို သတ်ဖြတ်ခြင်း၏အပြစ်ဒဏ် မှာ သေသေစေရခြင်းပင်ဖြစ်၏။ မောင်တင်ဖေမှာလည်း မိမိကိုယ်တိုင် " ကြိုးစင်တက်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ပေါ်ပေါက်လာသမျှသော အကြံအစည်များအတိုင်း အလျင်စလို ဆောင်ရွက်ရန် နှောင့်နှေးခြင်းရှိသည်။
       . သို့ရာတွင် လွန်ခဲ့သောသုံးရက်ခန့်ကမူ မောင်တင်ဖေသည် မောင်ဘမြင့်၏နေအိမ်၌ ၎င်းတို့လင်မယားနှင့်အတူတကွ လက်ဖက်ရည်
သောက်လျက်ရှိစဉ် ထောက်ကြံ့၌ရှိသော မောင်ဘမြင့်၏ခြံနှင့်အိမ်ကြီး အကြောင်းကို စကားစပ်မိကြ၏။ ၎င်းအိမ်ကြီး ပျက်စီးယိုယွင်းလျက်ရှိ သည်ကို လက်သမားများပြင်ဆင်ပြီးကြောင်းနှင့် ကန်ထရိုက်တာထံမှ ထိုနေ့ပင် ကြားသိရ၏၊
လက်ဖက်ရည်သောက်နေကြစဉ် မောင်ဘမြင့်က... 

မြင့် ။ ။ “ အိမ်ကြီးပြင်ပြီးတာလဲ ကြည့်ရင်း သေနတ်လဲပစ်ရင်းဆိုတာလို ဒီတနင်္ဂနွေတော့ ထောက်ကြံ့ဘက်ကို သွား ဦးမှပဲ၊ ဟိုဘက်ဆီမှာ အမဲတော်တော်ပေါတယ်၊ ခင် ဗျားလဲ အားသားပဲ၊ လိုက်ခဲ့ပါလားဗျာ.. ကိုတင်ဖေ၊ မသန်းမေကတော့ ဒီတနင်္ဂနွေမှာ ဂျူဗလီဟောက လက်ထပ်ပွဲသွားရမှာမို့ မလိုက်နိုင်ဘူး၊ ခင်ဗျား လိုက် ခဲ့ရင် ကောင်းတယ်ဗျ၊ စားဖို့သောက်ဖို့တော့ ကျုပ်စီမံခဲ့ပါ့မယ်ဗျာ” 

ထိုခဏ၌ကား မောင်တင်ဖေသည် မောင်ဘမြင့်အား သတ်ရန် အခွင့်သာသည့်အကြောင်းကို မရိပ်မိသေးချေ။ မသန်းမေ လိုက်ခဲ့ပါမူ မောင်တင်ဖေလိုက်လို၏။ မသန်းမေ မပါသောကြောင့် မလိုက်လိုချေ။
သို့ဖြစ်၍ ..

. . -ဖေ ။ ။ “ တော်သေးပြီဗျား နောက်များတော့ လိုက်သေးတာပေါ့၊ ဒီတနင်္ဂနွေတော့ ကျုပ်က ပဲခူးသွားဖို့ ချိန်းထားပြီးဖြစ်နေတယ်၊ သည်းခံပါ” 

ထို့နောက် မောင်ဘမြင့်ကလည်း ဆက်လက်တိုက်တွန်းခြင်းမပြု တော့သဖြင့် ၎င်းစကားမှာ ဤမျှနှင့်ပင် ပြီးပြတ်ခဲ့၏။ မောင်တင်မေမှာ လည်း ရံဖန်ရံခါ ပဲခူးဘက်သို့ သွားတတ်မြဲဖြစ်သောကြောင့် ချိန်းထားပြီး ဖြစ်သည်ဆိုခြင်း၌ တစ်စုံတစ်ရာ ထူးခြားခြင်းမရှိချေး သို့ရာတွင် မောင် တင်ဖေသည် မောင်ဘမြင့်၏နေအိမ်မှ ပြန်လာခဲ့သောအခါတွင် အကြံ တစ်ခုပေါ်လာခဲ့၏။
မောင်တင်ဖေသည် ပဲခူးသို့သွားမည်ဟု ရည်ရွယ်ချက်မရှိဘဲ လျက်နှင့် မသန်းမေ၏ရှေ့တွင် ပဲခူးသို့သွားမည်ဟု ပြောခဲ့မိ၏။ မောင် ဘမြင့်သည်လည်း တနင်္ဂနွေနေ့၌ ထီးတည်းကြီးရှိနေသော အိမ်ကြီးသို့ တစ်ယောက်တည်းပဲသွားမည်ဟု ပြောလိုက်၏။ 
       မောင်တင်ဖေသည်ထောက်ကြံ့အိမ်ကြီးသို့ ရောက်ဖူးသဖြင့် အိမ်ကြီး၏အကြောင်းကို သိ၏။ ထိုအိမ်ကြီးမှာ ကျယ်ဝန်းသောခြံကြီး၏အလယ်၌ တည်ရှိ၏။ အခြားသော အိမ်များနှင့်အတော်ပင်ဝေးကွာ၏။ မသန်းမေက ထိုအိမ်ကြီးကို ရောင်းစေ လို၏။ မောင်ဘမြင့်ကမူ မိဘအငုတ်အရင်းဖြစ်သောကြောင့် ခင်တွယ် သဖြင့် မရောင်းလိုချေ။ တစ်နေ့သ၌ မသန်းမေက

 “ရောင်းပစ်လိုက်ပါ ကိုကိုမြင့်ရယ်၊ အိမ်ကြီးကလဲ ထီးတည်းကြီး၊ ခေါင်ကလဲ ခေါင်ပါဘိသနဲ့၊ တစ္ဆေတို့ သရဲတို့ လူသတ်မှုတို့ဆိုတာမျိုးတွေဟာ ဒီလိုအိမ်ကြီးတွေမှာ ဖြစ်တတ်တာထင်ပါရဲ့၊ ရောင်းသာပစ်လိုက်ပါ”

ဟု မောင်ဘမြင့်အား တိုက် တွန်းဖူးသည်ကို မောင်တင်ဖေကြားလိုက်ရဖူး၏။သို့ဖြစ်၍ ထိုည၌ မောင်တင်ဖေသည် “တစ္ဆေတို့ သရဲတို့ လူ သတ်မှုတို့” ဟူသောစကားကို ဖြန်းခနဲသတိရလာ၍ မိမိ၏အကြံဟောင်း သည်လည်း ဘွားခနဲပေါ်လာ၏ မသန်းမေ၏စကားသည် နိမိတ်ဖတ်ခြင်း ဖြစ်လေသလောဟူ၍ပင် တွေးတောမိ၏။ ထိုအချိန်မှစ၍ မောင်တင် သည် မောင်မြင့်အား သတ်ဖြတ်ရန်တည်းဟူသော အကြံဟောင်းကို တေ့တေ့ထင်ထင် စီစဉ်ချက်ထုတ်ရာ နောက်ဆုံးဖြစ်သော စနေနေ့ည၌ မူကား မိမိစီမံထားသော အစီအစဉ်များကို အပြစ်အနာအဆာရှာလျက် စစ်ဆေးကြည့်ရှုကာ ရှိနေ၏။
         မောင်တင်ဖေမှာ ထိုအချိန်သို့တိုင်အောင် ရာဇဝတ်ပြစ်မှုနှင့် ငြိစွန်းသော အပြုအမူ တစ်စုံတစ်ခုမျှ မပြုရသေးသည်ဖြစ်သောကြောင့် ဆုတ်သာတက်သာ ရှိနေသေး၏။ မောင်တင်ဖေသည် မိမိပိုင်ကားနှစ်စီး အနက် တစ်စီးကို ရွှေ့ပြောင်းထားရုံမျှထား၍ အသင်းသားမိတ်ဆွေများ အားလည်း တနင်္ဂနွေနေ့တွင် ပဲခူးမြို့သို့သွားမည်ဖြစ်ကြောင်း ပြောပြပြီးသည်မှန်၏။ သို့ရာတွင် ထိုမျှလောက်နှင့် မဆုတ်သာလောက်အောင် မရှိ ချေ။ အကယ်၍ မောင်ဘမြင့်အား သတ်ဖြတ်ရန် အကြံအစည်ကို လက်လျှော့လိုက်ခဲ့လျှင် ရွှေ့ထားသောကားကို ပြန်ယူ၍ ပဲခူးသို့ မသွားဘဲနေ သေး၏။မောင်တင်ဖေသည် မောင်ဘမြင့်အား သေကြောင်းကြံစည်ခြင်း တုံးအတွက် စီမံဆောင်ရွက်ထားသည့် အခြားသော အချက်နှစ်ခုမှာ ပြည်လင်သော ဆေးရည်ပါရှိသည့် ပုလင်းကဟစ်လုံးနှင့် သားရေကြိုးလေးချောင်းကို ဝယ်ယူသိုဝှက်ထားခြင်းပင် ဖြစ်လေသည်၊ ၎င်းပစ္စည်း များမှာလည်း စင်စစ်အားဖြင့် လူသတ်မှုနှင့်ပတ်သက်၍ လူအများရိပ်မိ နိုင်ဖွယ်ရာ မဟုတ်သေးချေ။ ဆေးရည်မှာလည်း အဆိပ်မဟုတ်ချေ။ မောင်တင်ဖေသည် ပါးနပ်လှသူတစ်ယောက်ဖြစ်သောကြောင့် အဆိပ်နဲ့ သို့ကြမ်းတမ်းသောလက်နက်မျိုးကို အသုံးမပြုလိုချေ။ ..
           ထိုဆေးရည်မှာ လူကို အိပ်အောင်ပြုလုပ်ရုံမျှ အစွမ်းရှိ၍ သား ရေကြိုးဆိုသည်မှာလည်း မည်သူမဆို ဝယ်ယူတတ်သော ပစ္စည်းမျိုးဖြစ် ချေ၏။ ထိုစနေနေ့ည၌ မောင်တင်ဖေသည် မိမိ၏စီမံချက်များကို အပြစ် အနာအဆာရှာ၍ မတွေ့နိုင်သည်ဖြစ်သောကြောင့် စိတ်ကျေနပ်စွာနှင့် မီးကိုငြိမ်းပြီးနောက် အိပ်ရာသို့ဝင်လေ၏။
တနင်္ဂနွေနေ့ နံနက်၌ မောင်တင်ဖေသည် အိပ်ရာမှ စောစော ထ၍ မူလကားရုံသို့ သွားပြီးလျှင် ဆီဒင်ကားသစ်ကို ထုတ်ယူမောင်းနှင် သွားလေ၏။ စကော့ဈေးသစ်ကြီးသို့ရောက်သောအခါ မောင်တင်ဖေသည် ကားကို ဈေးရုံဘေးရှိ လမ်းကလေးတွင် ဆိုက်ထားခဲ့၍ တက္ကစီတစ်စီးပေါ် သို့တက်ပြီးလျှင် ဒုတိယအပ်နှံထားသော ကားရုံသို့ မောင်းနှင်စေ၏။
ကားရုံသို့ရောက်လျှင် မောင်တင်ဖေသည် တက္ကစီကို အခပေး ၍လွှတ်လိုက်ပြီးနောက် ရုံရှင်အား ပဲခူးသို့ အလည်အပတ်သွားမည်ဖြစ်ကြောင်းနှင့် ပြော၍ မိမိအပ်ထားသောကားကို ထုတ်ယူမောင်းနှင်လာခဲ့ လေ၏။
         ကမာရွတ်သို့ရောက်သောအခါ မောင်တင်ဖေသည် မိမိ၏ကား မှ မဂ္ဂနက်တို့ကို ဝက်အူလှည့်တစ်ချောင်းနှင့် ကျင်လည်စွာ ပျက်ဆီးပြီး
နောက် အနီးအနားရှိ ကားပြင်သော ဆိုင်တစ်ဆိုင်ကို သွားရောက်လေ၏။ စက်ဆရာအား မိမိကားပျက်နေကြောင်းနှင့် ပြောပြခေါ်ငင်ခဲ့ပြီးနောက် ကားကိုပြသရာ စက်ဆရာသည် မဂ္ဂနက်တို့ပျက်နေကြောင်းကို သိရှိ၏။ သို့ရာတွင် စက်ဆရာတို့ထုံးစံအတိုင်း အလွယ်တကူနှင့်ပြင်ပေးလိုက်သော အခါ များများမရမည့်အကြောင်းကို သိရှိသည်နှင့် အချိန်အတန်ကြာပြင် ဖို့လိုကြောင်းနှင့် ပြောပြ၏။ ဤသည်ကား မောင်တင်၏အကြိုက်ဖြစ် သောကြောင့် မိတ်ဆွေတစ်ယောက်အိမ်သို့ လည်ချေဦးမည်ဟု ပြော၍ ကားကိုပြင်ဆင်ရန် အပ်ထားခဲ့၏။ မောင်တင်ဖေက အဆင်မသင့်ဖြစ် သောကြောင့် အလျင်စလို မပြင်ဆင်ဖို့ အကြောင်းနှင့်လည်း မှာထားခဲ့ လေ၏။
          မောင်တင်ဖေသည် ကားပြင်သောဆိုင်မှ အတော်အတန် သည့်တိုင်အောင် ခြေကျင်လျှောက်လာ၍ အင်းစိန်ဘက်မှ ဘတ်စ်ကား တစ်စီးလာသောအခါတွင် ရန်ကုန်သို့ ၎င်းဘတ်စ်ကားနှင့် လိုက်လာခဲ့ ပြန်၏။ မောင်တင်ဖေ၏အကြံမှာ စကော့ဈေးသစ်၌ ဆိုက်ထားသော ကားနှင့် ထောက်ကြံ့သို့ သွားရန်ဖြစ်လေရာ မောင်ဘမြင့်၏အိမ်ကြီးကို လည်း သိပြီးဖြစ်သောကြောင့် မိမိ၏ကားကို ၎င်းအိမ်ကြီးနှင့်မနီးမဝေးတွင် ဆိုက်ထားရန် နေရာကိုလည်း မျက်စိထဲ၌ မြင်ပြီးဖြစ်လေသည်။
ထောက်ကြံ့၌ ကားဝှက်ထားမည့်နေရာမှာ အတော်ပင် ချောင် ကျ၍ အခြားသူ သတိပြုမိမည်မဟုတ်သော နေရာမျိုးဖြစ်လေသည်။
         ထောက်ကြံ့၌ ကိစ္စပြီးသောအခါတွင် မောင်တင်ဖေသည် ကားကို ရန်ကုန် သို့မောင်းနှင်လာ၍ စကော့ဈေးသစ်၌ မထားဘဲ ရုံးအနီး၌ဖြစ်စေ နေရာ လွှဲ၍ ဆိုက်ထားခဲ့ရန်ဖြစ်လေသည်။ ထိုမှတစ်ဖန် ကမာရွတ်သို့ပြန်လာ၍ ကားပြင်သောဆိုင်၌ အပ်ထားသော မိမိ၏ဒုတိယကားကို ရွေးယူရန်ဖြစ်လေသည်။မောင်တင်ဖေသည် ဤအကြောင်းအရာကို ဘတ်စ်ကားပေါ် တွင် ထပ်မံစီစဉ် စိတ်ကူး၍သွား၏။ မောင်တင်ဖေသည် ကားနှစ်စီးကို တစ်ရုံစီခွဲ၍ ထားခြင်းအားဖြင့် ပဲခူးမြို့သို့ သွားရောက်ကြောင်းကို သက် သေခံချက်တစ်ခုရစေရန် စီမံခြင်းဖြစ်လေသည်။ မိမိ၏စိတ်ကူးအတိုင်း မောင်ဘမြင့်ကို သတ်ဖြတ်ပြီးသည့်နောက်၌ မောင်တင်ဖေသည် ပဲခူးမြို့သို့ အဆောတလျင် ဆက်သွယ်သွားရောက်ပြီးလျှင် ပဲခူးမြို့၌ မိမိအားမြင် လိုက်တွေ့လိုက်သောသူများ ရှိမှုကိုလည်း တင်ကြိုစိတ်ကူးပြီး ဖြစ်၏။
        သို့ဖြစ်၍ မောင်တင်ဖေသည် မိမိ၏မော်တော်ကားနှင့် ထောက်ကြံ့သို့မောင်းနှင်သွား၍ မူလရည်ရွယ်ချက်အတိုင်း မောင်ဘမြင့်အိမ်ကြီး နှင့် အတော်အတန်ဝေးကွာသည့် လူပြတ်သော ချောင်တစ်ခုတွင် ကားကို ဝှက်ထားခဲ့ပြီးလျှင် အိမ်ဘက်သို့ ခြေကျင်လျှောက်ခဲ့လေ၏။ ယင်းသို့
လျှောက်လာစဉ်တွင် မောင်တင်ဖေ၏အကြံကိုကူညီဘိသကဲ့သို့ လမ်းသွား လမ်းလာတစ်ဦး တစ်ယောက်မျှ မတွေ့ခဲ့ချေ။
      မောင်ဘမြင့်၏ဇနီး မသန်းမေသည် နောက်ဆုံး၌ စိတ်သဘော ပြောင်းလဲ၍ လင်ယောက်ျားနှင့်အတူ လိုက်လာသည်ဖြစ်စေ၊ သို့တည်။ မဟုတ် မကြံရွယ်သော အခြားသူတစ်ဦးတစ်ယောက် လိုက်ပါလာည် နှစ် ဖြစ်နိုင်သေး၏။ ယင်းသို့ ဖြစ်ခဲ့ပါလျှင် မောင်တင်ဖေငှာ မိမိ၏ အကြံအစည် အထမမြောက်ရုံမျှတစ်ပါး မိမိအပေါ်သို့ တစ်စုံတစ်ရာ စွပ်စွဲနိုင်သော အချက်မရှိပါချေ။. အကယ်၍ အဖော်တစ်ယောက် ပါလာသည်ကို တွေ့ရပါလျှင်မူ မောင်တင်ဖေက ပဲခူးသို့ မသွားဖြစ်သောကြောင့် မောင်ဘမြင့်၏အိမ်ကြီး ပြင်ဆင်ပြီးသည်ကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်းနှင့် ပြောရုံမျှသာ ရှိလေသည်။
      မောင်ဘမြင့်၏အိမ်ကြီးရှေ့၌ ၎င်း၏တားဆီးကာကား ဆိုက်ထား သည်ကို မောင်တင် တွေ့မြင်ရလေရာ၊ မောင်ဘမြင့်ကိုယ်တိုင်သည် လည်း မောင်တင်ကို မြင်ရသောအခါတွင် ဝမ်းမြောက်ဝမ်းသာ အိမ် ရှေ့လှေကားမှ ပြေးဆင်းကြိုဆိုလေ၏။ ။ 

မြင့် ။ ။ “ဟလို..နေရာကျလိုက်လေ ကိုတင်ဖေ ခင်ဗျားလိုက်လာသကိုး၊ ကျုပ်က ခင်ဗျား ပဲခူးသွားမယ်ဆို လားလို့ဗျာ”

 ဖေ ။ ။ “မနေ့ညတုန်းကတော့ သွားမယ်လို့ စိတ်ကူးတာ၊မနက်ကျတော့ စိတ်ပျက်သွားပြီး ခင်ဗျားဆီလိုက်လာခဲ့တယ်” -

 “နို့ ခင်ဗျားကားကောဗျ” 

ဖေ ။ ။ “ ရောက်ခါနီးမှ ကားဘီးပေါက်သွားလေတော့ လမ်းဘေးမှာ ဆိုက်ပစ်ထားခဲ့ရတယ်ဗျာ၊ တော်တော်ကြာမှပဲ ဘီးလဲပြီးတပ်ရတော့မှာပဲ”

 မြင့် ။ ။ “ သိပ်မဝေးလှဘူး.. မဟုတ်လားဗျ၊ ကိစ္စမရှိပါဘူး၊မနက်စာ ထမင်းစားပြီးတော့ ကျုပ်နဲ့အတူတူ သွား ပြင်ကြတာပေါ့။ ကျုပ်တော့ ဆာလှပြီဗျာ၊ မနက်စာ ကလေး ပါတာစားလိုက်ကြဦးစို့၊ ပြီးတော့မှ သွားယူကြတာပေါ့” 

“မသန်းမေတစ်ယောက်ကောဗျ” ။ ။ 

“မလိုက်နိုင်ဘူးလို့ ကျုပ် ပြောထားသားပဲ” ။ ။

 “ ဒိပြင်ကော ဘယ်သူများပါသေးသလဲ” , ။ ။ “ 

"တစ်ကိုယ်တည်းပဲ ဆရာရေး ဘယ်သူမှမပါဘူး”

ထိုခဏ၌ မောင်ဘမြင့်သည် မိမိ၏ကားထဲ၌ ထည့်ယူလာခဲ့ သော လက်ဆွဲချိုင့်ကို ထုတ်ယူလျက်ရှိရာ၊ မောင်တင်ဖေကမူ မျက်နှာလွှဲ လျက်ရှိ၏။ မောင်တင်ဖေ၏ မျက်နှာထားမှာ မိမိ၏အကြံအစည် အထမြောက်ချေတော့မည်တကားဟု..ရွှင်အားရစွာ ရှိနေသည်ဖြစ်သော ကြောင့် မိမိ၏အကြောင်းမဲ့ ရွှင်ပျခြင်းကို သူငယ်ချင်းမမြင်စေလိုသော ကြောင့် ဖြစ်ချေ၏။

မြင့် ။ ။ လက်ဆွဲချိုင့်နှင့် ခြင်းတောင်းတစ်ခုကိုကိုင်လျက်
“လာဗျာ ကိုတင်ဖေ၊ အိမ်ပေါ်တက်ပြီး ထမင်းစားကြရအောင်၊ တစ်ယောက်ဆိုပေမယ့် ကျုပ်မိန်းမက - လောဘကြီးကြီးနဲ့ ပြင်ထည့်ပေးလိုက်တာဟာ သုံး
ယောက်စားလို့ မကုန်နိုင်ပါဘူး” 

အိမ်ရှေ့ခန်းသို့ တက်မိကြသောအခါ မောင်ဘမြင့်သည် လက် ဆွဲချိုင့်နှင့် ခြင်းတောင်းကို စားပွဲပေါ်တွင် တင်ထားခဲ့၍ ဖန်ခွက်ရှာရန် ကြောင်အိမ်ရှိရာသို့ ထွက်သွားလေ၏။လက်ဆွဲချိုင့်ထဲ၌ကား နံနက်စာအတွက် ထမင်းဟင်းများ ပါရှိ လေရာ ခြင်းတောင်းထဲ၌မူကား ရေထည့်ထားသော သာမိုဘူးတစ်လုံး၊ ဝီစကီပိုင့် တစ်ပုလင်း၊ ဘီယာတစ်ပုလင်းနှင့် အခြား တိုလီမိုလီ ပစ္စည်း ကလေးများပါရှိ၏။မောင်တင်ဖေသည် မောင်ဘမြင့် ကွယ်သွားသည်နှင့်တစ်ပြိုင် နှက် မိမိ၏အင်္ကျီအိတ်ထဲမှ ပုလင်းကလေးကို ထုတ်ပြီးလျှင် သာမိုဘူးကို . ဖွင့်၍ ဆေးရည်အားလုံးကို ရေဘူးထဲသို့ လောင်းထည့်လိုက်လေ၏။၎င်းနောက် ပုလင်းအလွတ်ကို မိမိအိတ်ထဲသို့ ပြန်ထည့်၍ ပြတင်းပေါက်အနီးသွားကာ အပြင်သို့ မျှော်ကြည့်လျက်ရှိ၏။
အတန်ငယ်ကြာလတ်သော် မောင်ဘမြင့်သည် ဖန်ခွက်နှစ်လုံး ကိုင်လျက် အိမ်ရှေ့ခန်းသို့ ထွက်လာ၍ .

.. မြင့် ။ ။ “ တစ်အိမ်လုံး လက်သမားတွေ လုပ်ကိုင်သွားလိုက်တာပွလို့ပျို့၊ ကိုင်း, စားကောင်းသောက်ကောင်းကလေး ရှိအောင် တစ်ခွက်စီလောက် ကြိတ်ကြစို့ဗျာ” 

မောင်ဘမြင့်သည် ဝီစကီပုလင်းကိုဖွင့်၍ ဖန်ခွက်နှစ်ခုထဲသို့ လောင်းထည့်မည်ပြုစဉ်တွင် ... 

" ကျုပ်တော့ မနက်စောစောက ဘီယာ နည်းနည်း
ကြိတ်လာခဲ့လို့ ဘီယာလက်စနဲ့ ဘီယာကိုပဲ သောက် ပါရစေဗျာ၊ နှစ်ခုစပ်ရင် ကျုပ်က ခေါင်ကိုက်တတ်
လို့ပါ” ။ ။ 

“ သဘောပေါ့ဗျ၊ နို့ပေမယ့် ဘီယာကတော့ 
မြင်တဲ့အတိုင်း တစ်လုံးတည်း လိုလိုမည်မည် ကျပ်
ထည့်ယူခဲ့တယ်”

“အခံကလေးပါလာတော့ တစ်လုံးဆိုရင်လဲ မပေါ
ဘူးလေ၊ ဝီစကီတော့ ခင်ဗျားသာသောက်ပါ”

မောင်ဘမြင့်သည် ဘီယာပုလင်းကို မောင်တင်ဖေအတွက် ဖွင့်ပေးပြီးနောက် ဝီစကီအနည်းငယ်ကိုသာ သာမိုဘူးထဲမှရေနှင့်ရောစပ်၍ မော့လာသူဖြစ်သည့်အလျောက် လျင်မြန်စွာပင် ကျိုက်ချလိုက်၏။ 

မြင့် ။ ။ “လက်သမားတွေကဖြင့် တော်တော်စေ့စပ်တဲ့လူတွေဗျ၊ ကျုပ်အကြံကတော့ အလုပ်ကပင်စင်ယူတဲ့အခါ မှာ ဒီအိမ်ကြီးလာနေပြီး အေးအေးသာသာ သစ်ပင်ကလေး ဘာကလေး စိုက်ပျိုးနေကြဖို့ ကြံစည်တာ - ကိုးဗျ”
.
. . ။ ဖေ ။ ။ “ဒီအရပ်က အမဲတော်တော်ပေါတယ်ဆို” .

 မြင့် ။ ။ “ သိပ်ပေါတာပေါ့ဗျာ၊ တစ်ခါလောက်တော့ ခင်ဗျားတို့လူစုကို သက်သက်ဖိတ်ပြီး ပျော်ပျော်ကြီးလာကြဦးမယ်၊ မကောင်းဘူးလားဗျာ”

 ဖေ ။ ။ “ကောင်းလှပေါ့ဗျာ"

မောင်တင်ဖေသည် ဘီယာခွက်ကို တဖြည်းဖြည်းကျိုက်ချရင်း မောင်ဘမြင့် မျက်နှာကို ကြည့်လျက်ရှိ၏။

 မြင့် ။ ။ (မိုက်ခနဲဖြစ်သွားဟန်နှင့်)

“အလို ဘာဖြစ်ပါလိမ့် နောက်ကျိကျိရှိလိုက်တာ”

 ။ ။ “တစ်ခွက်လောက် ထပ်ကြိတ်လိုက်ပါလားဗျာ၊ နေပူလွန်းလို့ ထင်ပါရဲ့” 

။ ။ “အလဲ. . ပြောရင်းဆိုရင်း မိုက်ခနဲ မိုက်ခနဲ ဖြစ်လိုက်လေဗျာ မနက်စောစော သောက်လို့များလား” 

ထိုကဲ့သို့ပြောဆိုရင်းပင် မောင်ဘမြင့်သည် မျက်စိများမှေးလာ " ၍ ဦးခေါင်းငိုက်စိုက်ဖြစ်လာပြီးနောက် အားခဲ၍ ရုတ်တရက်ထလိုက်ရာ မဟန်နိုင်လေသောကြောင့် ကုလားထိုင်ပေါ်သို့ တစ်ဖန် ထိုင်ချလိုက်ရပြန်တော့၏။ နောက်ခဏ၌တွင်မူကား မောင်ဘမြင့်သည် ကုလားထိုင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိ၏။မောင်တင်ဖေမှာမူ မိမိ၏အကြံအစည် အထမြောက်ချေတော့ မည်ဟု ပြုံးရွှင်သောမျက်နှာထားနှင့် ထိုင်ရာမှ ထလေ၏။ မောင်တင်ဖေ သည် ဤကိစ္စအတွက် ထိုမျှလောက်ထက် ခဲခဲယဉ်းယဉ်း ပြုလုပ်ရလိမ့် မည်ဟု တွက်ကိန်းချထားသဖြင့် ဤမျှလောက် လွယ်ကူခြင်းအတွက် အားရဝမ်းမြောက်ခြင်း ဖြစ်ခဲ့၏။
သို့ရာတွင် ဆောင်ရွက်ရန် ကိစ္စတစ်ခုနှစ်ခုကား လိုချေသေး၏။
            ရှေးဦးစွာ မောင်တင်ဖေသည် သားရေလက်အိတ်တစ်ခုကို အင်္ကျီအိတ်ထဲမှထုတ်၍ မိမိ၏လက်တွင် စွပ်လိုက်ပြီးနောက် မိမိကိုင်၍
သောက်ထားသော ဖန်ခွက်ကို လက်ကိုင်ပဝါနှင့် ပွတ်တိုက်၏။ ယင်းကဲ့ သို့ပြုလုပ်ခြင်းမှာ ဖန်ခွက်တွင် ထင်နေသော လက်ရာများကို မှန်ဘီလူး ဖြင့် ကြည့်ရှုခြင်းအားဖြင့် သတ်သောသူကို ပေါ်ပေါက်စေနိုင်ကြောင်းနှင့် အနောက်တိုင်းပြည်များမှ သတင်းစာများတွင် ဖတ်ရှုရဖူးသောကြောင့် ခ်လေသည်။မြန်မာပြည်ပုလိပ်များသည်လည်း ထိုမျှလောက် ကျွမ်းကျင်ကြ မည်ကို အမှန်မသိရသော်လည်း ပါးနပ်လှသော မောင်တင်ဖေသည် တစ် စုံတစ်ရာမျှ သဲလွန်စမကျန်ရစ်ခဲ့စေရန် ကြိုတင်စီမံပြီးဖြစ်၏။ မောင်တင် ဖေသည် မိမိသုံးသောဖန်ခွက်ကို သေချာစွာ ပွတ်တိုက်လိုက်ပြီးနောက် နောက်ဖေးချောင်ရှိ ကြောင်အိမ်ထဲသို့ နေရာတကျ ထည့်ထားလိုက် ၎င်းနောက် ဝီစကီပုလင်းနှင့် သာမိုဘူးထဲမှရေကို ပြတင်းပေါက်မှ သွန်ချ လိုက်ပြီးနောက် မောင်ဘမြင့်ခ်အနီး၌ ၎င်း၏ဖန်ခွက်နှင့်အတူ ယှဉ်၍ ချထား၏။ မောင်တင်ဖေသည် အရက်ကို သွန်ပစ်လိုက်ခြင်းမှာ မောင် ဘမြင့်သည် ဝီစကီပိုင့်ပုလင်း တစ်လုံးလုံးကို သောက်ထားခြင်းဖြင့် မူးယစ် လျက်ရှိသည်ဟူ၍ ပုလိပ်အရာရှိတို့ ထင်မှတ်စေလိုသောကြောင့် ဖြစ်လေ သည်။
. ' ထို့နောက် မောင်တင်ဖေသည် အဝတ်တွင်းမှ ရင်ဘတ်တွင် ပတ်၍ဝှက်ယူခဲ့သော သားရေကြိုးများကို ထုတ်၍ မောင်ဘမြင့်၏ခြေ
ဆောက်နှင့်လက်များကို ကုလားထိုင်၏ခြေထောက်နှင့် လက်တင်များတွင် ခိုင်မြဲစွာပူးကပ်ချည်တုပ်လေ၏။ မောင်ဘမြင့်လည်း မည်မျှလောက်ကြာ
အောင် အိပ်ပျော်နေမည့်အကြောင်း အမှန်မတွက်နိုင်သဖြင့် တတ်နိုင် သမျှ လျင်မြန်စွာချည်နှောင်ရ၏။ချည်နှောင်ခြင်းကိစ္စပြီးစီးသောအခါ မောင်တင်ဖေမှာ နောက် ဆုံးဆောင်ရွက်ရန် ကိစ္စတစ်ခုမျှသာ ကျန်ချေတော့၏။ မောင်တင် သည် အခန်း၏ထောင့်၌ထောင်ထားသော နှစ်လုံးပြူးသေနတ်ကိုယူ၍ ယမ်းတောင့်တစ်တောင့်ကို ထိုးထည့်ထား၏။ မောင်ဘမြင့်မှာမူ အိပ်ပျော် ပက်ပင်ရှိနေ၏။ အလုံးစုံ ပြင်ဆင်ပြီးသောအခါတွင် မောင်တင်ဖေသည် အနည်းငယ်မျှ ဆုတ်ဆိုင်းခြင်းရှိနေခဲ့၏။ သို့ရာတွင် ဤအချိန် နေရာ အခွင့်သည်ကား မိမိကိစ္စအတွက် အကောင်းဆုံးဖြစ်သောကြောင့် ဖင့်နွှဲလိုသောစိတ်ကို နှင်ထုတ်လိုက်လေ၏။
           သို့ရာတွင် မောင်တင်ဖေသည် မောင်ဘမြင့်အပေါ်၌ တစ် သက်ပတ်လုံးမုန်းလာခဲ့ခြင်းဖြစ်သောကြောင့် မောင်ဘမြင့် သတ်ရုံမျှနှင့် အရသာမရှိသေးချေ။ မိမိအား မည်သူသတ်သည်ကို မသေမီက သိသွား ရမှလည်း သတ်ခြင်း၏အရသာကို ပြည့်စုံစွာ ခံစားနိုင်မည်ဖြစ်၏။ အိပ် ပျော်နေသော ရန်သူကို သေနတ်ဖြင့် ပစ်သတ်ရခြင်းသည် အကောင်းဆုံးသော လက်စားချေနည်း မဟုတ်သေးချေ။ မောင်တင်ဖေသည် မောင်ဘ မြင့်၏ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားကို မြင်လိုကြည့်လိုသေး၍ မသန်းမေ၏အကြောင်းကိုလည်း ခနဲ့ပြောလိုသေး၏။ .သို့ဖြစ်၍ မောင်တင်ဖေသည် မျက်နှာချင်းဆိုင် ကုလားထိုင် ပေါ်တွင် စီးကရက်သောက်ရင်း ထိုင်ကြည့်နေကာ စောင့်ဆိုင်း၍ နာရီ ဝက်ခန့်မျှကြာသောအခါတွင် မောင်ဘမြင့်သည် ကုလားထိုင်ပေါ်တွင် လှုပ်ရှားတွန့်လိမ်လာပြီးနောက် မျက်စိများကို ဖွင့်၍ အခန်းပတ်လည် ဦးခေါင်းငဲ့၍ကြည့်၏။ 

မြင့် ။ ။ “ ကျုပ် ဘယ်ရောက်နေတာလဲ၊ ဘာဖြစ်တာလဲဗျို့..
 ကိုတင်ဖေ” ဖေ ။ ။ “ရောက်တာကတော့ ခင်ဗျား ထောက်ကြံ့ရောက်နေတယ်၊ ဖြစ်တာကတော့ ခင်ဗျားကို ကျုပ်က အိပ်မွေချဆေးတိုက်ထားလေတော့ အိပ်ပျော်သွားတယ်”

 မြင့် ။ ။ (နားမလည်နိုင်သေးသော အမူအရာနှင့်) -

“ ကျုပ်ကို ချည်တုပ်ထားရတာက.. ဘယ်အတွက်
လဲဗျ”

 ဖေ ။ ။ “ခင်ဗျားအသက်ကို ကျုပ်မသတ်မီ ခင်ဗျားနဲ့ စကား -ပြောစရာလေးရှိတဲ့အတွက် ငြိမ်ငြိမ်ဆိမ်ဆိမ်နေစေလိုလို့ ချည်တုပ်ထားရပါမယ် ကိုဘမြင့်” 

ထိုအခါ မောင်ဘမြင့်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် မောင်တင်ဖေအား ကြည့်နေ၏။ မောင်တင်ဖေသည် မိမိအား မည်သို့သောအကြောင်းကြောင့် သတ်လိုရချေသနည်း။ ထိုသူသည် ရူးနေ သလော၊ သို့တည်းမဟုတ် မိမိတို့နှစ်ယောက်လုံးပင် ရှုံးလေသလောဟု စဉ်းစားမိ၏။ 

ဖေ ။ ။ “ကိုဘမြင့် ခင်ဗျားကြည့်ရတာ အံ့ဩနေပုံရတယ်။အိပ်မက် မက်တာများလေလားလို့ စဉ်းစားမိဟန်ရှိ တယ်.. အိပ်မက် မဟုတ်ဘူးဆရာကြီး၊ တကယ့် အဖြစ်အပျက်ဆိုတာ စိတ်ချယုံကြည်လိုက်တော့”

မြင့်။ ။ “ ခင်ဗျားက ကျုပ်ကို ပြောင်နေတာလား ကိုတင်ဖေ၊နောက်တာပြောင်တာဖြစ်ရင်လဲ ဒီလောက်လုပ်ရင်တော်ပါပြီဗျာ၊ စားပွဲပေါ်က သေနတ်ကြီးက ဘာလို့တင်ထားရတာလဲဗျ” 

ဖေ။ “ သေနတ်အကြောင်းကို အချိန်တန်တော့ သိရပါလိမ့်မယ်” 

ဟုပြောပြီးနောက် မောင်တင်ဖေသည် စားပွဲ ပေါ်သို့ တံတောင်နှစ်ဖက်ထောက်ကာ ထိုင်လျက် မောင်ဘမြင့်အား လှိုက်လှိုက်လှဲလှဲ မုန်းထားလှသော မျက်နှာထားဖြင့် စေ့စေ့ကြီးကြည့်၍

 “ခွေးမသားဘမြင့် ဒီတစ်ခါ ငါ့လက်ထဲက လွတ်နိုင်သေးရဲ့လား”

မောင်ဘမြင့်မှာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။ မိမိမှာ လူတစ်ယောက်၏ လက်တွင်းသို့ကျရောက်လျက်ရှိ၍ ကုလားထိုင်၌ ချည်တုပ်လုပ်ပြီး ဖြစ်နေသောကြောင့်လည်း မည်သို့မျှ ခုခံရန် မတတ်နိုင်ပြီ ၍ စဉ်းစားမိ၏။မောင်တင်ဖေသည် မောင်ဘမြင့်၏အကြံကို ရိပ်မိဟန် လက္ခ ဏာနှင့်...

. ဖေ။ ။ “ ကျုပ်ကို ခင်ဗျားက ရူးတယ်ထင်သလား၊ ကျုပ်မရူးဘူးကိုဘမြင့်၊ ဒီတစ်ခါလို ဦးခေါင်းကြည်လင်တာမျိုး ဘယ်တော့မှ မကြုံခဲ့ဖူးဘူး၊ မရူးမသွပ် ဦးခေါင်း ကြည်ကြည်လင်လင်နဲ့ ခင်ဗျားကို သတ်ဖို့ စီမံထား ခြင်းဖြစ်တယ်၊ နားထောင်.. ခင်ဗျားကို ကျုပ်မုန်းနေ တာ နှစ်ပရိစ္ဆေဒရှည်ကြာလှပြီ ကိုဘမြင့်၊ ဘယ်တုံး ကစသလဲဆိုရင် ကျောင်းသားဘဝကစခဲ့တဲ့ရန်ငြိုး
ကျောင်းမှာတုန်းက ရန်ဖြစ်ကြတော့ ကျုပ်ကို တစ် မျက်နှာလုံး သပြေသီးရောင်ဖြစ်အောင် ခင်ဗျား ထိုးကြိတ်ထားတာ မှတ်မိသေးလား” 

မြင့် ။ ။ “အဲဒီတုန်းက ခင်ဗျားက ရှားနှစ်တုတ်ကြီးနဲ့ ရိုက်မယ်လုပ်တာကိုး”

ဖေ ။ “တုတ်ကိုင်တာ မကိုင်တာ.. ကျုပ်နားမလည်ဘူး၊ -ကျုပ်ကို အညိုအမည်းဖြစ်အောင် ခင်ဗျားလုပ်တာ " ကိုသာ ကျုပ်မှတ်မိတယ် ဒီအထဲကိုက ဒီကားကို တစ်နေ့နေ့မှာ ပြန်ပြီးလက်စားချေမယ်လို့ သန္နိဋ္ဌာန် ချထားခဲ့တယ်” 

မြင့် ။ ။ “ ဒီလို သန္နိဋ္ဌာန်ချထားရင်လဲ နောက်တစ်နေ့မှာ ကျပ်ကကျွေးတဲ့ မုန့်ကို စားသေးသကိုး ဘောသောရဲ့"

 ဖေ ။ ။ “ခင်ဗျားကို နိုင်အောင်မချတဲ့အတွက် ကျုပ်ကို တစ်ကျောင်းလုံး ဘောသောကြီးလို့ ခေါ်ကြတယ်၊ ဒါ `ကြောင့် ခင်ဗျားကို ကျုပ် သာပြီးတော့ မုန်းတာပဲ၊ဟိုတုန်းကမနိုင်တာရှိစေတော့၊ ဒီတစ်ခါတော့ ကျပ် - လက်ထဲက ခင်ဗျားလွတ်နိုင်သေးရဲ့ လား ကိုနိုင်ကြီး” 

မြင့် ။ ။ “ အကောက်ကြံပြီးမှ နိုင်ရထာ ဘာအသုံးကျသလဲ။သတ္တိရှိရင် လွှတ်ပေးစမ်းပါး ခင်ဗျားက ဓားကိုင်၊ကျုပ်က လက်ချည်းပဲ နိုင်အောင်သတ်ပါ့မယ်” 

ဖေ ။ ။ “မလိုချင်ဘူး၊ သေချာတဲ့နည်းနဲ့မှ ကျုပ်က စီရင်ချင်တယ်၊ နေဦး ဒါထက် ကျုပ်ပြောစရာရှိသေးတယ်။ကျောင်းမှာနေခဲ့သမျှ ကာလပတ်လုံး ခင်ဗျားဟာ ကျုပ်ကို ကျောခဲ့တာချည်းပဲ... ။ အတန်းထဲမှာလဲ ခင်ဗျား ပထမရတယ် ဘောလုံး ကစားရာမှာလဲ ခင်ဗျားပဲ ကပ္ပတိန်ဖြစ်ခဲ့တယ်နော် နီတာဆိုရင်လဲ ခင်ဗျားပဲ၊ ဘာပဲလုပ်လုပ် ခင်ဗျား ချည်းပဲ ခေါင်းဆောင်လုပ်ရ တယ်၊ ဒီဟာတွေကို ကျုပ်ကကျေနိုင်မယ်ထင်သလား၊ မကျေဘူး ဟောဒီ ဘက်မှာ အစိုင်အခဲကြီး ဖြစ်နေတယ်”

ဟု ပြောလျက်ရင်ဘတ်ကို လက်သီးနှင့်ထု၍ ပြလေ၏။

 မြင့် ။ ။ “ တော်တော်လဲ ယုတ်မာတဲ့ လူပါကလား၊ ဒါနဲ့ဗျာကျုပ် အိမ်ကိုဝင်လားထွက်လား သောက်လား လုပ်နိုင်ပါပေ့ဗျာ၊ သူ့အစွမ်းသတ္တိနဲ့ သူ့ဖာသာ . ချွန်တာကို ဒီလောက်များ မနာလိုဝန်တိုဖြစ်ပြီး
ရန်ငြိုး ကြီးရပါပေ့ဗျာ”

 ဖေ ။ ။ “ ဒါတင် ဘယ်ကမလဲ ဆရာကြီး၊ ဒါထက်မက ဆိုးတာကြီးက ရှိသေးတယ်၊ အရင်းအမြစ်ကစပြီး ကျုပ်ပြော ပြချင်တဲ့အတွက် ဒီဟာတွေပါ ထည့်ပြီး ပြောပြပါ တယ်၊ စင်စစ် အရေးအကြီးဆုံးကတော့ မသန်းမေ
မသန်းမေ” '' 

ထိုအခါ မောင်ဘမြင့်မှာ လူရူးတစ်ယောက်နှင့် တေ့ဆိုင်နေရ ခြင်းမဟုတ်။မနာလိုဝန်တိုစိတ်အားကြီးလွန်းလှသော လူယုတ်မာကြီးတစ် ယောက်နှင့် တွေ့ဆုံနေရခြင်းတည်းဟူသော အဖြစ်ကို စဉ်းစားမိသဖြင့် စကားမပြောနိုင်တော့ဘဲ ဆိတ်ငြိမ်စွာ ထိုင်လျက်ရှိ၏။ 

ဖေ . ။ ။ “မသန်းမေကို အပျိုဘဝတုန်းက ကျူပ်ကြိုက်နေတယ် . . ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား၊ ကျုပ်က ကြိုက် . နေသော်လဲ သူက မေတ္တာတုံ့ပြန်ခြင်း မရှိသေးဘူးဆိုတာမှန်တယ်... သို့သော် ခင်ဗျားပေါ်မလာခဲ့ရင် တဖြည်းဖြည်းတော့ ကျုပ်ကို မေတ္တာရှိမှာမုချပဲ၊ တစ်သက်လုံး ခင်ဗျား ကျုပ်ကိုနှောင့်ယှက်တယ်၊ ကျောင်းမှာနှောင့်ယှက်လို့ အားမရနိုင်သေးဘဲ ကျောင်းကထွက်ပြီး ရည်စားလှ ကြပြန်တော့လဲ ပါနေတယ်၊ နိုင်တော့လဲ ခင်ဗျားပဲ နိုင်တယ်။ ဒီတော့ကာ ခင်ဗျားကို ကျုပ်စိတ်မဆိုးရင်
ဘယ်သူ့ကို ဆိုးရဦးမှာလဲ ကိုဘမြင့်” 

။ မြင့် ။ “ ဒါကြောင့် ခင်ဗျားက ကျုပ်ကိုသတ်ဖို့ ကြံစည်တယ်လား၊ သတ်တာတော့ ဟုတ်ပြီ ဆရာကြီးရယ်၊ ကျပ် သေတော့ကော မသန်းမေက ခင်ဗျားကို ယူမှာတဲ့လား”

မောင်ဘမြင့်မှာ အချိန်ဆွဲလိုခြင်းအတွက် စကားပြောခြင်းဖြစ် ချေ၏။ စကားပြောစဉ်အတွင်းလည်း လွတ်မြောက်ရန် နည်းလမ်းကို တွေး တောလျက်ရှိ၏။

 ဖေ ။ ။ “ ချက်ချင်းတော့.. ဘယ်ဟုတ်မလဲ ဆရာကြီးရယ် .ကွယ်လွန်သူ သူငယ်ချင်း ဈာပနကိစ္စမှာ ကိုယ်ဖိရင်ဖိ ဆိုတာလို ဆောင်ရွက်ပြီး ကိစ္စပြီးတဲ့အခါမှာလဲ မုဆိုးမလေးကို ကရုဏာရှိတဲ့သဘောနဲ့ မကြာမကြာ သွား • ရောက်လည်ပတ်၊ တတ်နိုင်သမျှ ကူညီစောင့်ရှောက်တဲ့သဘောမျိုးနဲ့ လုပ်ရရင် ကြာကြာကြီး ဘာခံနိုင်မှာ
လဲဗျ” 

မြင့် ။ ။ “ကျုပ်ကို သတ်တဲ့အတွက်ကော ခင်ဗျားမှာ မင်းပြစ်မင်းဒဏ်များ မသင့်ပေဘူးလား” 

 “တော်လိမ့်မှတ်တယ်... တယ်ညံ့သေးတဲ့ တစ်
ယောက်ပဲကိုး၊ ခင်ဗျား သေရခြင်းဟာ လူသတ်လို့ သေရခြင်း မဟုတ်၊ မတော်တဆ သေနတ်မှန်လို့
သေရခြင်းဖြစ်အောင်ဟာ ကျုပ်စီမံပြီးပြီဗျ၊ ကျုပ်ဟာ ဒီကနေ့အဖို့မှာ ပဲခူးမှာရှိနေတယ်လို့ လူသိသူသိဖြစ်အောင် စီစဉ်ထားပြီးပြီ ဆရာကြီးရဲ့ ” 

မြင့် ။ ။ “ခင်ဗျားက ဘယ်လိုစီမံဦးတော့ ကျုပ်ကို ခင်ဗျားသတ်ရင် ခင်ဗျားတော့ ကြိုးစင်တက်ရပြီသာမှတ်ထား”

 ဖေ ။ ။ “ ဒီဟာက ခင်ဗျားအပူ မဟုတ်ပါဘူးလေ ကျုပ်အပူပါဗျ၊ ဒီအတွက်ကို ရှေးမဆွက ကြိုတင်ပြီး အလုံးစုံ ကျုပ်စဉ်းစားတွက်ချက်ပြီး ဖြစ်ပါတယ်၊ ကျုပ် ဒီကို လာရခြင်းဟာလဲ ခြေရာဖျောက်ပြီး စားပွဲပေါ်မှာ ဖန်ခွက်နှစ်လုံးတွေ့ပြန်ရင်လဲ တောင်တောင်မြောက် မြောက်တွေးတောနေကြမှာစိုးလို့ ဖန်ခွက်တစ်လုံးကို ကျုပ်ပြန်သိမ်းထားလိုက်ပြီးပြီ၊ ခင်ဗျားကို ‘မူးတယ် ထင်စေရအောင်လဲ အရက်တွေကို အားလုံးသွန်ပစ်ထားပြီ” 

မြင့် ။ ။ “မူးတော့ဘာဖြစ်သလဲ” 

ဖေ ။ ။ “မူးယဂ်တဲ့လူများဟာ ခြေချော်လက်ချော်ဖြစ်တတ်တယ်မဟုတ်လား၊ ခင်ဗျားသေခြင်းဟာ မူးယစ်တဲ့ အတွက် သေနတ်ကိုကိုင်ရင်းမတော်တဆကျည်ဆန် ချော်ထွက်သွားခြင်းဖြစ်တယ်လို့ ထင်စေဖို့ ကျုပ် စီမံပြီးဖြစ်တယ်” ။ ။ 

(အာခြောက်လာသော နှုတ်ခမ်းကို လျှာဖြင့်လျက်၍)

“တော်ပါတော့ ကိုတင်ဖေကျီစားတာကလဲ လွန်လွန်းတယ်ဗျာ” .

 ဖေ ။ ။ “ကျီစားတာမဟုတ်ဘူး ဆရာကြီး၊ တကယ်ပြောနေတာဗျ။ တော်တော်ကလေးကြာတော့ စားပွဲပေါ်က သေနတ်က ကျည်ဆန်ဟာ ခင်ဗျားမျက်နှာကို မှန်ပြီး - ရုပ်ပျက်ဆင်းပျက်သေဖို့ရာသာ ပြင်ထားပေတော့၊ ခင်ဗျားမသာကို သဂြိုဟ်ခြင်းကိစ္စ ပြီးစီးတဲ့နောက် ခြောက်လအတွင်းမှာ ခင်ဗျားမယား မသန်းမေဟာကျုပ်နဲ့လက်ထပ်မင်္ဂလာ ဆောင်းနှင်းရစ်လိမ့်မယ်လို့ . စိတ်နှလုံး တုံးတုံးကြီးချသွားပေတော့” 

“ခွေးမသား”

ဟု နှုတ်မှရေရွတ်လျက် မောင်ဘမြင့်သည် မိမိအား ချည်နှောင်ထားသော သားရေကြိုးများမှ လွတ်မြောက်စေရန် ကြိုးစားအားထုတ်ရုန်းကန်လေရာ နဖူးမှအကြောများ ပြိုင်းပြိုင်းထလာ၍ ချွေးများ လည်း တစ်မျက်နှာလုံး ယိုစီးကျဆင်းလေ၏။ထိုခဏ၌ မောင်တင်ဖေသည် စားပွဲပေါ်တွင် တင်ထားသော သေနတ်ကို ကောက်ယူလေ၏။ မောင်ဘမြင့်မှာမူ သတ္တိကောင်းသော သူတို့၏ထုံးစံအတိုင်း အစွမ်းရှိသမျှ ရုန်းကန်၍ မရကြောင်း သိရှိရသည်နှင့် တစ်ပြိုင်နက် ရဲရဲ ကြီးအသေခံတော့အံ့ဟု ဆုံးဖြတ်ပြီးသောလက္ခဏာနှင့် မောင်တင်ဖေအား မထီလေးစား ကြည့်နေလေ၏။ 

ဖေ . ။ ။“ ခင်ဗျားအလောင်းကို သူတို့တစ်တွေ တွေ့ကြတဲ့အခါမှာ သားရေကြိုးတွေဘာတွေကို ကျုပ်က ဖြုတ်ထား ပြီးပြီး သေနတ်ကြီးဟာလဲ ခင်ဗျားအနားမှာ ချလျက် သားတွေ့ကြမယ်၊ သေနတ်ကလဲ ခင်ဗျားသေနတ်ဖြစ် တယ်၊ ဒီတော့ကာ ကျုပ်အပေါ်မှာ အပြစ်လာစရာ ဘာမှမရှိဘူး၊ သူ့ဖာသာ မတော်တဆဖြစ်ရှာတယ်လို့လူတိုင်းက တွေးရမယ် မဟုတ်ဘူးလား”

မောင်ဘမြင့်ကမူ တတ်နိုင်သရွေ့ မထီလေးစား မျက်နှာထား မျိုးဖြင့် မောင်တင်ဖေအား စက်ဆုပ်ရွံရှာဟန်ကြည့်လျက် ရှိ၏။

 ဖေ . ။ ။ (သေနတ်ကို ကိုင်ရင်း) , ,

“ခင်ဗျားက ကျုပ်ကို လှောင်ချင်ပြောင်ချင်သေးတယ်၊ ဟင်း. . အာဂလူပါတကား၊ နေနှင့်ဦးလေ၊ သေနတ် ပြောင်းဝနဲ့ ခင်ဗျားမေးစေ့နဲ့ ဟောဒီလိုတေ့ပြီး ခလုတ် ပေါ်မှာ ကျုပ်လက်က ဟောဒီလို တင်ထားတဲ့အခါ ကျတော့ ခင်ဗျား ပြောနိုင်လှောင်နိုင် မထီလေးစား နိုင်ဦးမလား ကြည့်ကြစို့ဗျာ”

 ဟုပြောလျက် သေနတ် ပြောင်းဝကို မိမိ၏မေးစေ့အောက်တွင် တေ့ထား၍ မောင်းခလုတ်ကို လက်ညှိုးဖြင့်တေ့၍ပြ၏။ 

“ကိုဘမြင့်... အို ကိုဘမြင့်၊ ဘယ်မှာလဲဗျာ”

ထိုအသံမှာ အိမ်ရှေ့မှ ဟစ်အော်၍ ခေါ်လိုက်သည့် ယောကျာ်း တစ်ယောက်၏ အသံဖြစ်လေရာ မောင်တင်ဖေသည် ထိုအသံကို ကြားရသောအခါတွင် ဆတ်ခနဲ လန့်၍သွားလေ၏။ထိုခဏ၌ သေနတ်ခလုတ်ပေါ်တွင် တင်၍ပြထားသော လက်ညိုးသည် ဆတ်ခနဲလှုပ်၍ သွားလေရကား ဒိုင်းခနဲမြည်သောအသံကို ကြားလိုက်၏။
        နောက်တစ်ခဏ၌ ကားပေါ်မှပြေးဆင်း၍ အိမ်ပေါ်သို့ တက် လာသော ဧည့်သည်သည် ကုလားထိုင်ပေါ်တွင် ချည်တုပ်လျက် သတိ မေ့လျော့နေသော သူငယ်ချင်း မောင်ဘမြင့်နှင့် လူရုပ်မပီသသည့်တိုင် မျက်နှာတစ်ခုလုံး စိစိညက်ညက်ကြေလျက်ရှိသော မောင်တင်၏ အလောင်းကို တွေ့ရလေသတည်း။

ဆရာကြီး၏ချစ်ပန်းပွင့်နှင့်အခြားဝတ္ထုတိုများစာအုပ်မှ