ဖဲသုံးချပ်ဇာတ်ကားကို ဘုရင့်ရုံ၌ ဆင်ဆာလူကြီးများအား ပြသ သောအခါတွင် ရုပ်ရှင်ကုမ္ပဏီ၏ဖိတ်ကြားချက်အရ ဝတ်လုံတော်ရကြီး များ၊ သတင်းစာအယ်ဒီတာများ၊ စာရေးဆရာများ၊ ဘိုင်စကုပ်ဇာတ်လိုက် များမှစ၍ မြို့ပေါ်ရှိ လူကြီးလူကောင်းများနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပညာသည်များ လာရောက်ကြည့်ရှုကြသည်ဖြစ်ရာ အဆိုပါ ပရိသတ်များ သာလျှင်မက အခြားကုမ္ပဏီပိုင်ရှင်ကြီးများကပင်လျှင် ဖဲသုံးချပ်ဇာတ်ကား မှာ ထိုအချိန်အခါထိ မြန်မာဇာတ်ကားများအနက်တွင် ခေတ်အဆန်ဆုံး အဆင့်အတန်းအမြင့်ဆုံး အခမ်းနားဖြစ်ပေကြောင်းနှင့် ဝန်ခံခဲ့ကြရဖူးလေ သည်။ ။
၎င်းဇာတ်လမ်း၌ အကြီးအမှူးဖြစ်သော ပုဂ္ဂိုလ်များမှာ ဇာတ် လိုက်မင်းသား မောင်စိုးတင့် မင်းသမီး ခင်မြတင်နှင့် လူကြမ်းမောင်တင် ဖေတို့ဖြစ်လေရာ၊ ၎င်းတို့အသီးသီးမှာလည်း အက်တင်၌လည်းကောင်း၊ အလွမ်းအသာ၌လည်းကောင်း ပရိသတ်တို့၏ စိတ်ကို စွဲဝင်စွဲငြိစေ လောက်အောင် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပေသည်း ဇာတ်ကွက်ဇာတ် လမ်းမှာလည်း အလွန်တရာစေ့လှသည်ဖြစ်သောကြောင့် ပရိသတ်တို့၏ စိတ်ထဲ၌ အကျယ်ချဲ့လွန်းလှသည်ဟု ညည်းညူပြစ်တင်ဖွယ်ရာအခန်း ပိုများလည်း မပါဝင်၊ တချို့နေရာများတွင် သော့၍သွားရသော အခန်း မျိုးလည်း မပါဘဲ ဇာတ်လမ်းပြီးဆုံးမည်ကိုပင် စိုးရိမ်ခြင်း၊ နှမြောခြင်းဖြင့် လည်ပင်းတမြေ့မြေ့နှင့် ကြည့်နေကြရသော ဇာတ်လမ်းမျိုးဖြစ်ချေသည်။
နောက်ဆုံးဖြစ်သော အခန်း၌ လူကြမ်းမောင်တင်ဖေ ဗီလိန် တို့၏သွားရာလမ်းကြောင်းအတိုင်း သုတ်သင်ရှင်းလင်းပြီးပြီဟူ၍ ဇာတ် လိုက်နှစ်ယောက်တို့က စိတ်ချလက်ချနှင့် ဖုံပေါ်တွင် အတူယှဉ်တွဲဘာ ထိုင်လျက်၊ အစေခံအား စားစရာများအား ယူခဲ့ရန် အမိန့်ပေး၏။ အစေခံထွက်လာရမည့် တံခါးပေါက်မှ အစေခံမပေါ်လာဘဲ ဗီလိန်သည် ခြောက်လုံးပြူးတစ်လက်ကို ကိုင်လျက် ဝင်လာရာ၊ ဇာတ် လိုက်နှစ်ယောက်မှာမူကား လှည့်၍မကြည့်သဖြင့် မသိသေးဘဲ တစ်ဦးနှင့် တစ်ဦး ကျီစယ်လျက်ရှိကြ၏။
နောက်တစ်ခဏ၌ သုံးဦးသား မျက်နှာချင်းဆိုင်မိသောအခါတွင် သုံးဦးလုံးတို့၏မျက်နှာထားမှာ ဇာတ်ကွက်ဇာတ်လမ်းနှင့် လိုက်လျောလှ သည်ဖြစ်သောကြောင့် ကျွန်တော်နှင့်တကွ ပညာသင်များ မချီးမွမ်းဘဲ မနေနိုင်အောင် ရှိကြ၏။ ခင်မြတင်သည် မိန်းမသားပီပီ ကြီးစွာသော အံ့ဩခြင်းဖြင့် မျက်လုံးပြူးလျက်ကြည့်နေရာ၊ ဇာတ်လိုက်မောင်စိုးတင့် သည် တစ်ခဏကလေးမျှ မဝေခွဲနိုင်အောင် ရှိနေပြီးနောက်၊ ယောက်ျားကောင်းပီသစွာ ဗီလိန်ကို ခုခံရန်ကြိုးစား၏။ သို့ရာတွင် ဗီလိန်၏လက် ချက်ဦးသောကြောင့် ဇာတ်လိုက်သည် ရှေ့သို့ အလျားမှောက်လဲသွားရာ နောက်တစ်ခုကျော် ဗီလိန်သည် မိမိကိုယ်ကို အစတုံးအောင် စီရင်လိုက်၏၊ ၄. ကျွန်တော်သည် ဖဲသုံးချပ်ဇာတ်ကားတွင် ပါရှိသော ဇာတ်လမ်း အကြောင်းကိုမျှလောက် ပိုမိုဖော်ပြရန် အလိုမရှိ၊ ရည်ရွယ်ချက်လည်း မဟုတ်ချေ။ ဤမျှလောက် ရေးသားဖော်ပြရခြင်းမှာ ရုပ်ရှင်လုပ်ငန်းဘက် ၌ကိုယ်တိုင်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်နှင့် ဟိုတယ်၌တွေ့ဆုံ၍၊ ၎င်း ဇာတ်ကားအကြောင်းကို ဆွေးနွေးကြရာတွင် ထိုလူ၏စကားများမှာ ယုံ ကြည်ထိုက် မယုံကြည်ကြောင်းကို ဖတ်ရှုသူတို့ ချင့်ချိန်နိုင်ရန်အတွက် မျှသာလျှင် ထိုမျှအထိ ဖော်ပြရခြင်း ဖြစ်ချေသည်။
ထိုည၌ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၏စီမံချက်အရ ဇာတ်လိုက်မင်း - သားနှင့် မင်းသမီးတို့သည် ဘုရင့်ရုံသို့ လူကိုယ်တိုင်လာရောက်၍ ဇာတ် ကားအဆုံးတွင် လူကြီးလူကောင်းများ၏ ချီးမြှောက်ထောက်ခံစကားများကို ဝမ်းမြောက်ဝမ်းသာ ကြားရလျက်ရှိစဉ် စူးစူးဝါးဝါးရှိအောင် ဟစ်အော်ရယ် မောလိုက်သော အသံတစ်သံကို ကြားရသဖြင့် ကုမ္ပဏီပိုင်ရှင်က တည် ခင်းကျွေးမွေးသော လက်ဖက်ရည်ကို သောက်နေကြသော လူကြီးလူ - ကောင်းများသည် အသံကြားရာသို့ ရုတ်တရက်လှည့်၍ ကြည့်ကြ၏။
ကျွန်တော်သည် ၎င်းဇာတ်ကား မပြီးမီကပင် ထိုသူကို မြင်ရ သဖြင့် ဤမျှလောက် နွမ်းနယ်ပေကျံသော အဝတ်အစားများကို ဝတ်ဆင် ထားသူတစ်ယောက်သည် လူကြီးလူကောင်းပရိသတ်အတွက် သက်သက် . ဖိတ်ကြားထားသော ဤပွဲမျိုးသို့ မည်သည့်နည်းနှင့် ဝင်ခွင့်ရသည်ကို စဉ်း စား၍မရ။ ထိုခဏ၌ ၎င်းလူသည် နောက်ဆုံးကုလားထိုင်တန်းမှ မတ်တတ်ရပ်ကာ လှောင်ပြောင်သောမျက်နှာထားဖြင့် ပရိသတ်အားလုံးကိုကြည့်လျက်
“ဗီလိန်ကိုင်လာတဲ့ ခြောက်လုံးပြူးဟာ ယမ်းတောင့်မပါမှန်း သိလျက်သားနဲ့ ကြောက်ချင်ယောင်ဆောင်ရတာက ဘာအဓိပ္ပာယ်လဲကွ၊ ထွီ.. ဒါနဲ့များ လက်ခုပ်တသောသောတီးပြီး ချီးမွမ်းလိုက်ကြတာ အားလုံး လူရူးတွေချည်းပဲ”
ဟု အော်ဟစ်ပြောဆိုလေ၏။
ထိုအခါ ပရိသတ်များအနက် တစ်ယောက်က
“ဘယ်က အရူး ကို သွင်းထားကြသလဲ၊ ဆွဲထုတ်ပါစေလား”
ဟု အော်လိုက်၏။ သို့ရာတွင် ထိုသူသည် မည်သူ့ကိုမျှ ဂရုစိုက်ရန်လက္ခဏာမရှိဘဲ
“ဇာတ်လမ်းမှာပါတဲ့ မိန်းမဟာ တကယ့်သတ္တိကောင်း၊ ပြထားတာကတော့ အရေးကြုံတဲ့အခါ မှာ ကြောက်ချေးပါတော့မလို ဖြစ်နေတယ်၊ ဒီဟာကို ခင်ဗျားတို့က ကား ကောင်းခေါ်ကြသလား၊ အလကား လူတွေချည်းပဲ”
ဟု ဟစ်အော်ပြန်၏။
ထိုအခါ တစ်ယောက်သောသူက
“ခင်ဗျား ဘယ့်နှယ်သိသလဲ”
ဟုမေးရာ၊ အဝတ်ဟောင်းများနှင့်လူက
“ဒီဟာ ထိုးဇာတ်မဟုတ်ဘူး၊ တကယ့်အဖြစ်အပျက်၊ မူရင်းဖြစ်ပျက်ပုံကို ကျုပ်သိတယ်၊ ဒီမိန်းမမျိုး မဟုတ်ဘူး၊ ကြောက်မွေးပါလျှင် ဇာဂနာနဲ့ နုတ်ပစ်မယ်ဆိုတဲ့ မိန်းမမျိုး ကျပ် သေသေချာချာသိတယ်”
ဟု ရဲဝံ့စွာပြောလေ၏။ ၎င်းနောက် ထိုသူ သည် ထွီခနဲတံတွေးထွေးလျက် ရုံပြင်သို့ထွက်သွားလေရာ၊ ပရိသတ်များ မှာ လူရူးဟူ၍လည်းကောင်း၊ လူဆန်းဟူ၍လည်းကောင်း အမျိုးမျိုးတွေ ကောပြောဆိုကာ ကျန်နေရစ်ကြလေ၏။ ။ကျွန်တော့်မှာ လူရူးတစ်ယောက်နှင့်မတူသော ထိုသူ၏အမူ အရာကိုမြင်သဖြင့် စုံစမ်းအံ့ဟု အကြံဖြစ်ပြီးလျှင် ရုံပြင်သို့ ချက်ချင်းထွက် ၍လိုက်သွားရာ ကွမ်းယာဆိုင်ရှေ့တွင် မီသည်နှင့် ပခုံးကိုပုတ်လျက် ကွန် တီနင်တယ်သို့ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်၏။
(ဒေါသတကြီးနှင့်)
“ခင်ဗျား ဘယ်သူလဲ၊ ခင်ဗျားကို ကျုပ် မသိ ပါကလား”
ထိုသူမှာ ဟောင်းနွမ်းသော အဝတ်အစားရှိသော်ငြားလည်း ပြီး မျက်နှာထားမှာ မာနကြီးဟန်ရှိသောကြောင့် ကျွန်တော့်မှာ သာ၍ပင် သိကျွမ်းလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာ၏။
“ကျွန်တော်လဲ စာရေးဆရာတစ်ယောက်ပါပဲ၊ ဘုရင့်ရုံထဲမှာ ခင်ဗျား ခုတင်က ပြောသွားတဲ့စကားကို ကျွန်တော် ကြားလိုက်ရပါတယ် ကျွန်တော့်စိတ်သဘောအရမှာတော့ ဒီနေရာမှာ ဇာတ်လိုက်မင်းသမီးဟာကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း ပြုခြင်းဟာ မှန်တယ်လို့ ကျွန်ာ် ထင် မိတယ်”
(ကျွန်တော့်အား ရှုတ်ချဟန်ကြည့်လျက်)
“ခင်ဗျား ဒီလိုထင်ရင် ခင်ဗျားမှားတာပေါ့၊ ကိုင်း.. ဒါဖြင့်လား ခင်ဗျားတိုက်တဲ့ လက်ဖက်ရည်ကိုသောက်ပြီး ခင်ဗျား နားလည်အောင် ကျုပ်ရှင်းပြမယ်”
ကျွန်တော်တို့သည် ကွန်တီနင်တယ်ဟိုတယ်သို့ဝင်ကြပြီးနောက် . စားစရာများကို မှာယူကြရာ ထိုသူသည် ဣန္ဒြေမဆည်နိုင်အောင် လျင် မြန်စွာ စားသောက်သည်ကိုတွေ့ရသဖြင့် အံ့ဩစွာဖြင့် ထပ်လောင်းမှာယူ ရပြန်၏။
“ကျုပ်စားပုံကို ခင်ဗျားမအံ့ဩနဲ့၊ ကျုပ်အဖြစ်မျိုး - ခင်ဗျားကြုံ ရရင် ကျုပ်လိုပဲ ခင်ဗျားစားမှာပဲ၊ ပါစပ်နဲ့ စားစရာနဲ့မတွေ့ရတာ နာရီ ပေါင်းလေးဆယ်ကျော်ကြာသွားပြီဗျ၊ တမြန်နေ့ညက ညစာဟာ ကျုပ်မှာ နောက်ဆုံးစားရခြင်းပဲ ခင်ဗျ"
ထိုအခါ ကျွန်တော့်မှာ ကရုဏာဖြစ်သည်နှင့် မုန့်ချိုများသာ လျှင်မက ဘီစကိတ်၊ ကက်တလက် အစရှိသော ဆိုက်ဒစ်များကို မှာယူ မွေးယူလေ၏။ ဝမ်းဝအောင်စားပြီး၍ ဆေးပြင်းလိပ်ကိုမီးညှိပြီးနောက် ထိုသူသည် အလွန်ကျေနပ်သော အမူအရာနှင့် ကုလားထိုင်၌မှီကာ ပြုံး ရွှင်စွာသောမျက်နှာထားဖြင့် ကျွန်တော့်အား စိုက်လျက်ကြည့်နေ၏။
“ကိုင်း ကျွေးခမွေးခကလေး ကျေအောင်ဟာ ပြောပြရတာပေါ့
' (ခပ်တောင်းမျက်နှာနှင့်)
“ဒီလိုတော့ သဘောမထားနဲ့ဗျာ၊ ကျွန်တော်က ကရုဏာနဲ့တာပါ၊ အဖိုးအခုရယ်လို့ သဘောမထားပါနဲ့။ ခင်ပြောချင်မှ ပြောပါ”
“သည်းခံပါ မိတ်ဆွေ၊ ကျုပ်က စိတ်ချဉ်ပေါက်နေတဲ့ လူတစ် ယောက်ဖြစ်လေတော့ ကော်ချင်ခတ်ချင်တဲ့ သဘောတွေအားကြီးနေလို့ပါ၊ ရှေးအခါက ကျပ် ကောင်းစားစဉ်ကတော့ ဒီလိုသဘောမျိုး မဟုတ်ပါဘူး၊အကြံအစည် အပေါက်အလမ်းမတည့်တော့ လူဆိုတာ ကော်ချင်ခတ် ချင်တတ်တာမျိုးလားဗျ၊ သည်းခံဗျာ”
“ကိစ္စမရှိပါဘူးဗျာ၊ တောင်းပန်ရလောက်အောင် မဟုတ်တော့ လူဆိုတာ ကိစ္စမရှိပါ။ သည်းခံဗျာ”
“ခုတင်က ကြည့်ခဲ့ရတဲ့ကားကို ခင်ဗျား ဘယ့်နှယ်သဘောရသလဲ”
“ကောင်းတာပေါ့ဗျာ၊ သိပ်ကောင်းတာပဲ”
“အဲဒါ ကျုပ်ရေးတဲ့ဇာတ်လမ်းပဲ”
“ဘယ့်နှယ်ပြောတယ်””
“ဒီဇာတ်လမ်းကိုလဲ ကျုပ်ရေးခဲ့တယ်၊ မူလဇာတ်လမ်းတုန်းက ကျုပ်ကိုယ်တိုင် ဇာတ်လိုက်လဲ လုပ်ခဲ့တယ်”
“မူလဇာတ်လမ်းကိုဆိုတာ ဘယ့်နှာလဲဗျ။ ဒီဇာတ်လမ်းကို ဒီတစ် ခါပဲ ရိုက်ဖူးသေးတယ် မဟုတ်လား”
“တစ်ပိုင်းက ဟုတ်တယ်၊ တစ်ပိုင်းက မူလမဟုတ်ဘူး၊ တစ်ပိုင်း ဟာက ရှေးတုန်းက တစ်ခါရိုက်ဖူးပြီး ခုတောင် ကော်ပီရှိသေးတယ်”
“ဒီအကြောင်းကို အခု ကုမ္ပဏီပိုင်ရှင်က သိသလား"
“သိသလား မသိသလား မဆိုနိုင်ဘူး၊ နို့ပေမယ့် ရိုက်ဖူးတဲ့ဇာတ်' / လမ်းဟာက ပြတော့မှာ မဟုတ်လေတော့ အကြောင်းမထူးလှပါဘူး” - ဘယ်အပိုင်းက ခင်ဗျားပါဖူးသလဲ” “
“ဇာတ်လိုက်မင်းသား စိုးတင့်နေရာဟာ နေရာပေါ့ဗျ၊ ကျပ် ကိုယ်တိုင် ဇာတ်လိုက်မင်းသား လုပ်ခဲ့ဖူးတယ်”
ထိုအခါ ကျွန်တော့်မှာ ပါးချောင်ကျကျ မျက်တွင်းဟောက် ဟောက်နှင့် ဆေးလိပ်သောက်လျက်ရှိသော လူကို စေ့စေ့ကြည့်လျက် မည်သို့မျှ မပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ ,
“ကျုပ် လူပုံကိုကြည့်ပြီး ဇာတ်လိုက်လုပ်ဖူးတယ်ဆိုလို့ ခင်ဗျား က မယုံနိုင်ပေဘူးပေါ့၊ သို့သော် ဟိုတုန်းက ကျုပ် ဒီလိုမဟုတ်ဘူးဗျ။ နေဦး ... အစကစပြီး ကျုပ်ပြောပြမယ်၊ ခင်ဗျားနားထောင်”
ထိုလူသည် ဆက်လက်၍ မပြောသေးမီ ဘီယာခွက်ကို ကျိုက် ချ၍ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိပြန်လေ၏။
“ဒီလိုဗျာ၊ ကျွန်တော်က ရုပ်ရှင်လုပ်ငန်းဘက်မှာ ဝါသနာပါလေ ဘော့ ယခုလို ကားကြီးတွေ မဟုတ်သေးဘဲ တောက်တီးတောက်တဲ့ ကား ကလေးတွေရိုက်တဲ့ လက်ထက်ကတည်းက ဇာတ်ထုပ်ကလေးတွေလဲ ရေး ခဲ့တယ်၊ ဇာတ်လမ်းရေးတဲ့ဘက်မှာ ဟိုတုန်းက တော်တော်ကလေး နာမည် ခဲ့ပါရဲ့၊ အခုတော့ လူမသိကြပါဘူး။ နောက်ပေါ်တဲ့လူတွေ ခေတ်စားပြီး ..တို့လူစုမြုပ်ကုန်ပါပြီ၊ ဘယ်လိုနာမည်နဲ့ ရေးတယ်ဆိုတာလဲ မမေး နဲ့တော့ မထူးပါဘူး၊ တစ်နေ့သ၌တော့ မန္တလေးက ရုပ်ရှင်ကုမ္ပဏီ တစ်ခုက ကျုပ်ကို ဒါရိုက်တာအလုပ်နဲ့ ငှားတယ်ဗျ။ ဇာတ်ထုပ်နာမည် ဆော့ ကျပ်မေ့နေပြီး သို့သော် အဲဒီဇာတ်ထုပ်မှာ ဒါရိုက်တာအဖြစ်နဲ့ လုပ်စဉ်က ဇာတ်လိုက်မင်းသမီး ခင်မြင့်မြင့် ဆိုပါတော့၊ အဲ..နဲ့
မြင်မြင်ချင်းဆိုသလို ချစ်ကြိုက်ကြတယ်” .
ထိုသူသည် ခပ်ပြုံးပြုံးမျက်နှာနှင့် ကျွန်တော့်အား ကြည့်နေပြီးမှ ဆက်လက်၍ ...
“ကိုယ်ချစ်ကြိုက်တဲ့ မိန်းမဆိုတာ ချောတယ် လှတယ်လို့ ထင် မှတ်ကြစမြဲပာ၊ သို့သော် ခင်မြင့်မြင့်ဟာကတော့ ကျပ်တစ်ယောက် တည်း ထင်မြင်ချက်မဟုတ်၊ မန္တလေးမြို့ပေါ်ရှိ အင်္ဂလိပ်ကျောင်းသားတိုင်း၊ ဈေးသူဈေးသား ရုံးသူရုံးသားတိုင်းက ချောတယ်လှတယ်လို့ ထင်မြင်ချက် အတိုင်း တနင်္ဂနွေနေ့များဆိုရင် သူ့အိမ်ရှေ့ လက်ဖက်ရည်ဆိုင်မှာ တသောသော တဝုန်းဝုန်း တရုန်းရုန်း နေတာပဲဗျာ၊ ချောလဲချောပါပေတယ်၊ မြင်ရ သူတိုင်း အသက်ရှူမှားမတတ်ပါဘဲ၊ ခုတင်က မြင်ခဲ့ရတဲ့ ခင်မြတင်လဲ တော်ပါရဲ့ ၊ သို့သော် ခင်မြင့်မြင့်နဲ့စာလိုက်တော့ တောသူကြီးလို ကြမ်း တော်တော်ကြီး ဖြစ်သွားမှာပေါ့ဗျ၊ ဒါထက် အပြင်ဘက်က ပိုးကြပန်းကြ တဲ့လူတွေ ထားလိုက်ပါဦးတော့၊ ကျုပ်တို့ဇာတ်လမ်းထဲမှာ လူကြမ်းဗီလိန် လုပ်တဲ့ မြေလတ်သားဘဂျမ်းဆိုတဲ့ အကောင်ကလဲ ခင်မြင့်မြင့်ကို ပိုးနေ ကာကိုးဗျ။ ဒီငနဲက ကျပ်ရန်သူပဲ... ။
ဘိုင်စကုပ် ဇာတ်ကားတွေဆိုတာမျိုးဟာ ကိုယ့်ဇာတ်ကွက် မရောက်သေးတဲ့အခါမှာ ရယ်ရယ်မောမော ရောရောနှောနှော နေတတ် ကြတာမျိုးလားဗျ၊ ကျုပ်မှာတော့ ဒါရိုက်တာဖြစ်လေတော့ ဒီလူနဲ့လဲပါရ၊ ဟိုလူနဲ့လဲပါရ၊ သူတို့တစ်တွေကတော့ ကိုယ့်အလှည့်မတုတ်ရင် လူအား တွေဖြစ်လေတော့ ဘယ်အခါမဆို လှည့်ကြည့်လိုက်ရင် ဘဂျမ်းဆိုတဲ့
ကောင်က ခင်မြင့်မြင့်အနားမှာ တပွတ်သပ်သပ်ချည်းပဲဗျ၊ ကျုပ်မှာတော့ အလုပ်သာလုပ်နေရ စိတ်ကို မဖြောင့်နိုင်ဘူး၊ မပြုံးနဲ့ဗျ၊ ခင်ဗျားက ခင် မြင့်မြင့်ကို မမြင်ဖူးလိုက်ရလို့ မြင်ဖူးရင်လဲ ကားထဲမှာဖြစ်လိမ့်မယ်၊ အပြင် ရုပ်က ကားထဲမှာထက် ဆယ်ပြန်မက ချောတဲ့မိန်းမဗျ”
“ယုံပါတယ် ဆရာကြီးရယ်၊ ပြောသာပြောပါ”
“အမှန်ပြောရမှာဖြင့် မူလတုန်းက တစ်ဘီးလိမ့်ဆိုတဲ့စကားလို ကျုပ်က သက်သက်ချစ်ကြိုက်နေရတာပဲ ရှိသေးတယ်၊ ဒါရိုက်တာနဲ့ ဆိုင် ရာစကားကလွဲလို့ ခင်မြင့်မြင့်နဲ့ ကျုပ်နဲ့ စကားနှစ်ခွန်းပြည့်အောင်မပြော ရသေးဘူး၊ ဒါကြောင့်မို့လဲ ဘဂျမ်းကောင်ကို ကျုပ်ကသာ ကြူစူတာပလေ၊ ကျပ်သိရသလောက်မှာလဲ ခင်မြင့်မြင့်က ဘဂျမ်းကို အားပေးအားမြှောက် ပြုဟန်မတူဘူး၊ ဟိုအကောင်ကသာ ဇာတ်ကားတိုင်း မေးငေါ့လောက်
အောင် တစ်ရစ်ထဲရစ်ပြီး ပွတ်သပ်သပ် လုပ်နေတာပါ။ ဒီအကောင်က ဒီလိုလုပ်လေ၊ ကျုပ်က သူ့ကိုရွဲလေ မုန်းလေဆိုတာလဲ သူသိသဗျ။ ဒါမျိုး ဟာ ဝိုင်ယာလက်ထက်ဆိုးသေးတယ်၊ တစ်ယောက်တစ်ယောက် အင် တန် သိတာကလားဗျာ” -
“အသိဆုံးပာ၊ ဆိုပါဦး”
“ရှေးဦးစွာ ဘဂျမ်းနဲ့ ကျုပ်နဲ့ ဘယ်လိုတယ်ရသလဲဆိုတော့ ဗီလိန်ဘဂျမ်းကို ကင်မရာနားကပ်ပြီး တစ်ယောက်တည်း ဓာတ်ပုံရိုက်ခံစေ တဲ့အခိုက်မှာ ခင်မြင့်မြင့်က အဝေးကလူတစ်ယောက်နဲ့ စကားပြောနေရာ ကနေပြီး ရယ်လိုက်တယ်ဗျ၊ ခင်မြင့်မြင့်ရယ်သံကြားလိုက်ရရင်ပဲ ဘဂျမ်း
ဟာ.. ဓာတ်ပုံရိုက်ခံနေရာက ဂနာမငြိမ်ဖြစ်ပြီး လှမ်းကြည့်လိုက်တယ် ဒီတော့ ဒီကားပျက်သွားတာပေါ့ဗျာ၊ ကျုပ်က ဒါနဲ့ ဓာတ်ပုံရိုက်ခံနေတုန်း
တောင်ကြည့်မြောက်ကြည့် မလုပ်ဖို့ ဘဂျမ်းကို ကြိမ်းလေတော့ ဘဂျမ်းက ကျုပ်ကို နိုင်တုန်း • ထောင်းရမလားလို့ ရန်ငြိုးကြီးဖွဲ့တာကိုးဗျ။ အဲဒီ ခဏတုန်းက ဘဂျမ်းက ကျုပ်ကို ပွတ်ချေလို့ရရင် ပွတ်ချေပစ်ချင်တယ် ဒါလောက်ပဲ မုန်းဟန်ရှိပါရဲ့၊ သို့သော် သူ့အမုန်းနဲ့ ကျုပ်အမုန်းဟာတော့ ဖြင့် ဒီဂရီချင်း တယ်ကွာလှမယ် မဟုတ်ဘူးထင်တယ်... ။
အဲဒီနေ့ကစပြီး ဘဂျမ်းက ကျုပ်ကို မခေါ်နိုင်မပြောနိုင် မျက် - စောင်းတထိုးထိုးနဲ့ စူစူ တအောင့်အောင့်လုပ်နေတော့တာပဲဗျာ။ တစ်နေ့သ၌တော့ ဒီထက်ဆိုးဖို့အကြောင်း ဖြစ်ပေါ်လာပြန်ပါရောဗျာ၊ မင်း ကွန်းဘက်မှာ စခန်းချပြီး ဓာတ်ရှင်ရိုက်နေကြတုန်းမှာ ညနေခင်းအချိန် ကိုယ်လက်သုတ်သင်ဖို့ ချုံကွယ်ရာအသွားမှာ လားလားဗျာ... ဘဂျမ်းဟာ အင်မတန် ယုတ်မာတဲ့အကောင်ဗျ၊ ခင်မြင့်မြင့်ကို သူက ချုံကွယ်ကနေ စောင့်ပြီး ထွေးလားလုံးလား ဖြစ်နေကြတာကိုးဗျ၊ ကျုပ်ရောက်သွားတော့ ဘာမှမပြောနဲ့ ဘဂျမ်းလည်ကုပ်ကို လက်တစ်ဖက်နဲ့ ညှစ်ကိုင်ပြီး လက်သီး နဲ့ မျက်နှာကို တည့်တည့်ကြီးထိုးလိုက်တာ ခင်ဗျားအကောင် နေရာတွင် ဖင်ထိုင်ရက်လဲပြီး စေတီပျက်နဲ့ နောက်စေ့နဲ့ ဆောင့်မိလိုက်တာ ဆန့်ငင် ဆန့်ငင်နဲ့ မထနိုင်ဘူးဗျာ”
“မိန်းကလေးကော ပြေးရောလား”
“ဘယ်က အပြေးခံမလဲဗျာ၊ ဒီလိုနေရာမျိုးလောက် အခွင့်သာ . တာ ဘယ်မှာရှိဦးမှာလဲ၊ သူ့ကို စော်ကားတဲ့ လူဆိုးလက်က ပူပူနွေးနွေး ကယ်ဆယ်ပြီးစဖြစ်လေတော့ လက်ကလေးအသာကိုင်ပြီး ချစ်ကြောင်း - ကြိုက်ကြောင်း ပြောတာပေါ့လေဗျာ” ..
“ဘဂျမ်းနဲ့တုန်းကလို ရုန်းသေးသလား”
“ဒီကအကောင်က အတင်းအဓမ္မမှ မဟုတ်ဘဲ ဘာရုန်းမှာ လဲ။ ဪ.. ခင်မြင့်မြင့်... ခင်မြင့်မြင့်”
ဤနေရာ၌ ထိုလူသည် ရှေးဖြစ်ဟောင်းများကို စိတ်ထဲတွင် တစ်ဖန်ပေါ်လျက်ရှိနေဟန်ဖြင့် ဆေးပြင်းလိပ်ကို ဆိတ်ငြိမ်စွာဖွားလျက် နေ၏။
ထို့နောက်မှ ဆက်လက်၍...
“ချစ်လို့ကြိုက်လို့သာ လင်မယားအဖြစ် ရောက်ကြတာပေါ့လို့ ၊ ပြောတော့ ပြောကြမှာပဲ၊ သို့သော် ချစ်ကြိုက်ကြပုံချင်းတော့ မတူသေးဘူး မှတ်တယ်ဗျာ၊ ကျုပ်ကိုပဲ ကဲကိုကဲလွန်းတယ်မှတ်တယ်၊ ခင်မြင့်မြင့်ပါးစပ် က ချစ်ပါတယ်၊ ကြိုက်ပါတယ်လို့ ဖွင့်ဟပြောဆိုခြင်းကို ကြားရတဲ့ဒီအချိန် ဒီနေရာကစပြီး ကျုပ်စိတ်ထဲမှာ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ဘယ်လိုပြောင်းလဲနည်း ပြောင်းလဲသွားတယ် မဆိုနိုင်ဘူးခွေးဟောင်သံဟာလဲ ကျုပ်နားထဲမှာ သာယာတာပဲ၊ ချုံကလေးတွေဟာလဲ ကျုပ်မျက်စိထဲမှာ လှတာပဲ၊ ညနေစောင်း မြူ ကလေးသန်းပြီး နှင်းကလေးရစ်လာတာကို
ကြည့်ရတာကို အူရွှင်လွန်းလို့ အော်ဟစ်ပြီး ရယ်လိုက်ချင်တယ်သော်.. . မေတ္တာ. မေတ္တာ”
“လဲနေတဲ့ ဘဂျမ်းကောဗျ” .
“ခင်မြင့်မြင့်ကလန့်အော်လိုက်လို့ ဘဂျမ်းကို လှည့်ကြည့်လိုက်တော့ ခွေးမသားက စေတီပျက်က အုတ်ချပ်တစ်ချပ်ဆွဲနုတ်နေတာမြင် ရတာကိုးဗျ။ သူ့အကြံက ကျုပ်ကနောက်ကနေပြီး ခဲနဲ့ပေါက်မလို့ဟာ ကျုပ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတာ မြင်လေတော့ ဗလချင်းမတူပံ့တာနဲ့ ယီးတီးယားတားလုပ်ပြီး အုတ်ချပ်ကိုပြန်ချ၊ ဘာလိုလိုနဲ့ ယောင်ချာချာလုပ် ပြီး သူ့တ်သုတ် သုတ်သုတ်နဲ့ ထွက်သွားပါရောဗျာ”
“ကျေတော့ မကျေဘူးလေ”..
“ဘယ်က ကျေလိမ့်မလဲဗျာ၊ နောက်တော့ ခင်ဗျားကြားရပါလိမ့် မယ်ခင်မြင့်မြင့်ကတောင် သူ့မျက်နှာထားကြီးကို ကြောက်လှပါတယ်ဆို
လို့ ကျပ် တစ်ယောက်လုံးရှိနေသမျှ ကာလပတ်လုံး ဘဂျမ်းတစ်ယောက် ၊ - တည်းမကသေးဘဲ ဒီအကောင်မျိုးတစ်ရာတစ်ထောင်ကိုပင် မကြောက် ထိုက်ကြောင်း၊ သမီးရည်စားထုံးစံအတိုင်း အားပေးရတာပလေဗျာ”
“နေပါဦးဗျာ၊ ဒါထက် ဒီကနေ့ညနေ ကျုပ်တို့မြင်ခဲ့ရတဲ့ ကားနဲ့ . အဖြစ်အပျက်နဲ့ ဘယ်လိုသက်ဆိုင်သလဲ”
“နေပါဦး ဆရာကြီး၊ ရောက်လာပါလိမ့်မယ်၊ နိဒါန်းရှိပါသေး တယ် ဖဲသုံးချပ်ဇာတ်လမ်းကို ပြောခဲ့ပြီမဟုတ်လား၊ ဒီလိုဗျ၊ မန္တလေးက ရုပ်ရှင်ကုမ္ပဏီမှာ ဒါရိုက်တာအဖြစ်နဲ့ ကျုပ် အလုပ်လုပ်ပြီး ခင်မြင့်မြင့်နဲ့ ချစ်ကြိုက်နေစဉ်တ ဒီဇာတ်လမ်းကို ကျပ်ရေးတယ်၊ ရေးပြီး ခင်မြင့်မြင့်ကို ၊ ပြတော့.. သူက် ကျပ်တို့ အခု အတူတူအလုပ်လုပ်နေကြတဲ့ ကုမ္ပဏီ ပိုင်ရှင်ကို ပြကြည့်ဖို့အကြံပေးတယ်၊ ပြီးတော့လဲ ဖဲသုံးချပ်ဇာတ်ကားမှာ လုပ်က ဒါရိုက်တာမလုပ်တော့ဘဲ ကိုယ်တိုင် ဇာတ်လိုက်မင်းသားလုပ်ပြီး
ခင်မြင့်မြင့်နဲ့တွဲဖို့ ခင်မြင့်မြင့်ကပဲ အကြံပေးတယ်၊ ဟိုတုန်းက စိတ်ကူး သဉ်လိုက်ကြတာတွေများ ပြန်ပြောရရင်တော့ဗျာ စာတစ်အုပ်ရေးလို့ တောင် ဆုံးမှာမဟုတ်ဘူး”
“စိတ်ကူးယဉ်တွေဖယ်ပြီး အဖြစ်အပျက်လောက်သာ ပြောပါ တော့ဗျာ”
“ကောင်းပါပြီဗျာ၊ ခင်မြင့်မြင့်အကြံပေးတဲ့အတိုင်း ဖဲသုံးချပ် ဇာတ်ကားကို ကုမ္ပဏီပိုင်ရှင်ပြကြည့်တော့ သူက အင်မတန်နှစ်သက်ပြီး ချက်ချင်းဝယ်ယူဖို့ သဘောတူရုံမက ခင်မြင့်မြင့်နဲ့ ကျုပ်နဲ့တွဲဖို့အကြံကိုပါ သဘောတူလိုက်ပါရောဗျာ၊ ပျော်လိုက်ကြပုံတော့ ဘာပြောကောင်းမလဲ ဗား၊ နှစ်ယောက်သား လက်တွဲပြီးတောင် က,မိကြသေးတယ်၊ သူဌေးက ဗီလိန်နေရာမှာတော့ ဘဂျမ်းကိုပဲ အသုံးပြုဖို့ပြောတယ်၊ ကျုပ်ကတော့ သဘောမကျလှဘူးပေါ့။ သို့သော် သူ့စာချုပ်နဲ့သူဖြစ်လေတော့ ကျုပ်တို့က တန့်ကွက်ဖို့ တာဝန်မရှိဘဲကိုးဗျ၊ ဒါနဲ့ ခင်မြင့်မြင့်က စိတ်လေးလေးနဲ့ပဲ ဘဂျမ်းပါစေဖို့ကို သဘောတူလိုက်ရရှာတယ်၊ ဘဂျမ်းရဲ့ အမူအရာကလဲ ဟိုနေ့က ဟိုလိုဖြစ်ပြီးကတည်းက ကျုပ်တို့နှစ်ယောက်ကို ဖော်ဖော်ရွေရွေ ပျူပျူငှာငှာပဲဗျ၊ ကျုပ်နဲ့ ခင်မြင့်မြင့်ဟာ ချစ်ကြိုက်နေလို့ မကြာမီ ထိမ်း မြားလက်ထပ်တော့မယ် ဆိုတာကိုလဲ တစ်ဇာတ်လုံးက သိကြတယ်ပေါ့ ဖဲသုံးချပ်ဇာတ်ကားရိုက်ပြီးပြီးချင်း ကျုပ်တို့ မင်္ဂလာဆောင်ကြဖို့ စီမံထား တယ်၊ ဘဂျမ်းက ဒီအကြောင်း ကြားရလို့ ဝမ်းမြောက်တဲ့အကြောင်းများတောင် ကျုပ်ကို ပြောသေးတယ်ဗျ၊ အာဂအကောင်ပဲဗျ၊ ဒီဇာတ်လမ်းကို အပ် ရေးမိခြင်းဟာ ကျုပ်ရည်းစားသေဖို့ ရေးမိတာပါပဲဗျာ” ,
“အစဉ်လိုက် ပြောစမ်းပါဗျာ၊ ရှေ့ကို ကျော်ကျော်ပြီး မပြောစမ်းနဲ့"
“သည်းခံပါဗျားဆုံးလဲဆုံးလုနီးပါပြီ၊ သေသေချာချာနားထောင် နော်ခုတင်က ကြည့်ခဲ့တဲ့ဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားနဲ့မင်းသမီး ဟာ ဗီလိန်ကို သုတ်သင်ပြီးပြီအမှတ်နဲ့ စိတ်ချလက်ချ ဖုံပေါ်မှာထိုင်နေ ပြီး အစေခံကို စားစရာများယူခဲ့ဖို့ ခိုင်းလိုက်တယ်မဟုတ်လား၊ ဖဲသုံး
ဇာတ်လမ်းကို မူလဦးစွာရိုက်ခဲ့စဉ်က ကျုပ်ကဇာတ်လိုက်ဗျ၊ ခင်မြင့် မြင့်က မင်းသမီး၊ ရိုက်ခဲ့တာတော့ နှစ်ပေါင်းအတော်ကြာပြီး နို့ပေမယ့်
က ရိုက်ခဲ့ရသလို ကျုပ်စိတ်ထဲမှာ စွဲပြီးကျန်ရစ်နေဘုန်းရှိသေးတယ် လက်ထပ်ဖို့ရက်ကလဲ သန်ဘက်ခါဖြစ်လေတော့ ခင်မြင့်မြင့် ပုံပေါ် အတုတွဲပြီး ထိုင်နေလိုက်ရတာကို ကျုပ်စိတ်ထဲမှာ ပြီးစည်းစိမ် ခံနေတာပဲ...
ဒါရိုက်တာလုပ်တဲ့လူကလဲ ဗီလိန် ဘဂျမ်းကို ခြောက်လုံးပြူး ဘယ်လိုကိုင်ရမယ်၊ ဘယ်လိုဟန်ပန်နဲ့ဝင်ခဲ့ရမယ်၊ ဘယ်လိုမျက်နှာထားနဲ့ လာရမယ်ဆိုတာကို သင်ပြနေတုန်း ကျုပ်တို့နှစ်ယောက်က ဖုံးပေါ်မှာ စည်းစိမ်နဲ့ထိုင်ပြီး ကြည့်နေကြတာပေါ့ဗျာ၊ အလုံးစုံသင်ပြပြီးတဲ့အခါကျ
တော့ ကင်မရာလဲ လှည့်ရော ဘဂျမ်းကလဲ ခြောက်လုံးပြူးကြီးကို ကိုင်ပြီး ဝင်လာပါရောဗျာ၊ ဝင်လာပုံက တော်တော်နေရာကျတယ်ဒါ့၊ ကျုပ်တို့ကို မုန်းထားပုံ မျက်နှာထားဟာကလဲ တကယ်စင်စစ်ပဲလို့တောင် ဆိုလောက် ပါပေတယ်၊ သို့သော်လဲ သူ့မျက်နှာကို ကျုပ် ကြည့်ရင်းကြည့်ရင်း ဘယ်လို ဖြစ်လာသလဲဆိုတော့ ဒီအကောင်ဟာ ဇာတ်ကွက်ဇာတ်လမ်းအလျောက်
သာ ကျုပ်တို့ကို မုန်းခြင်းမဟုတ်၊ အကယ်စင်စစ် မုန်းခြင်းဖြစ်တယ်ဆိုတဲ့ အကြောင်း သူ့မျက်နှာထားမှာ ပြနေတယ်လို့ ကျုပ် တွေးမိတာကိုးဗျ။ ဒီတော့ နည်းနည်း ရင်ထဲက ထိတ်ခနဲဖြစ်သွားတယ်..
သို့သော် ကျုပ်တို့ ဓာတ်ပုံရိုက်ဖို့ အလှည့်ကျတဲ့အတွက် ကင် မရာကို ကျုပ်ဘက်လှည့်လိုက်တော့ ဇာတ်ကွက်နဲ့ဆိုင်ရာ မျက်နှာထား မျိုးကိုသာ ထားလိုက်ရတော့တာကိုးဗျ၊ ဘဂျမ်းက ခြောက်လုံးပြူးကိုင်ပြီး ကျုပ်တို့ဆီလာရော၊ ကျုပ်က ထိုင်ရာကထ၊ ဘဂျမ်းက ကျုပ်ကို ခြောက် လုံးပြူးနဲ့ချိန်၊ ချိန်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခြောက်လုံးပြူးမှာ မူလ စီစဉ်ထားတဲ့အတိုင်း ဗလာယမ်းတောင့်မဟုတ် ကျည်ဆန်ပါတဲ့ ယမ်းတောင့်ထိုးထားကြောင်းကို ကျပ်ရော ခင်မြင့်မြင့်ပါ တစ်ပြိုင်တည်းသိကြ တာကိုးဗျ၊ သူက ကျုပ်ကို ဒီနည်းနဲ့သတ်ဖို့ စီစဉ်ထားကြောင်း သူ့မျက်နှာ ထားက ထင်ရှားစွာပြနေတယ်၊ ငါ့အကြံအောင်ပြီဟ၊ နင်တို့သေပေတော့ လို့ထုတ်ဖော်ပြီး မပြောသော်လည်း ပြောဘိသကဲ့သို့ ကျုပ်တို့နှစ်ယောက် လုံးက ရိပ်မိတဲ့အတွက် ကျည်ဆန်ကိုရှောင်ဖို့ ကြမ်းပေါ်ကိုဝမ်းလျားထိုးပြီး အိပ်လဲအိပ်လိုက်ကရော ဒိုင်းခနဲမြည်ပြီး ဗိုက်ထဲက နွေးခနဲဖြစ်ပြီး သတိ လစ်သွားပါရောဗျာ”
ထိုလူသည် ဆက်လက်၍မပြောသေးဘဲ ဆေးပြင်းလိပ်ကို မီးညှိ လေရာ ၎င်း၏လက်များမှာ တုန်လျက်ရှိ၏။
“ခင်မြင့်မြင့်ရော”
“နေဦးလေဗျာ ပြောပါမယ်၊ ဓာတ်ပုံဆရာက ကျုပ်မှာ သေနတ် မှန်သော်လည်း ကယောင်ချောက်ချားဖြစ်ပြီး ကင်မရာကိုမရပ်ဘဲ ရိုက်မြဲ တိုင်းဆက်ရိုက်နေတာကိုးဗျ၊ သူ ရိုက်ထားတဲ့ပုံတွေကို နောက်ခြောက်လ လောက်ကြာလို့ ဆေးရုံက ဆင်းတဲ့အခါမှာ ကျုပ်မြင်ခဲ့ရတယ်၊ သတ္တိ ကောင်းလိုက်တဲ့ မိန်းမဗျာ၊ ဇာတ်လမ်းအတိုင်းမှာတော့ ခင်မြင့်မြင့်က
သေနတ်ကိုမြင်တဲ့အခါမှာ အထိတ်ထိတ်အလန့်လန့်နဲ့ တုန်တုန်ယင်ယင် ဖြစ်သွားဖို့ ဒါရိုက်တာက သင်ထားတယ်၊ နို့ပေမယ့် ဘဂျမ်းက ကျည်ဆန် အစစ်ပါတဲ့သေနတ်နဲ့ ကျုပ်ရင်ဘတ်ကို ချိန်တာနဲ့တစ်ပြိုင်နက် ကျုပ်ရှေ့ တဝင်တဲ့ပြီး ထိုးကာလိုက်တာ သူ့မှာတော့ ရင်ဘတ်ကိုမှန်ပြီး နေရာတွင် ပွဲချင်းပြီးရော၊ ကျုပ်မှာတော့ ဗိုက်ကိုမှန်ရော၊ ဓာတ်ပုံကို ကျုပ်သေသေ ဘချာကြည့်ခဲ့တယ်၊ ကြောက်ခြင်းလန့်ခြင်းဆိုလို့ တစ်ဆိတ်ကလေးမှ မတွေ့ရဘူးဗျာ၊ ရည်းစားအသက်ကို ကိုယ့်အသက်နဲ့ကာကွယ်တဲ့ ဒီလို မိန်းမမျိုးကို ဘယ်တော့ ကျွန်တော် တွေရဦးမှာလဲ မိတ်ဆွေ”
ထိုသူသည် ဆက်လက်၍ စကားမပြောသေးဘဲ ဆိတ်ငြိမ်စွာ နေခြင်းကို အတန်ကြာအောင် ကျွန်တော်စောင့်ပြီးမှ ...
“ဘဂျမ်းကောဗျာ”
“တတိယလှမ်းတောင့်နဲ့ သူ့ကိုယ်သူ ပစ်သတ်လိုက်တယ်၊ သူတို့ နှစ်ယောက်ကတော့ သွားကုန်ကြပြီ ကျုပ်ပဲကျန်နေတော့တယ် ကျုပ်လဲ မကြာတော့ပါဘူး၊ လိုက်ရုံသာရှိပါတော့တယ်၊ အခုတောင်မှ ဖဲသုံးချပ် ဇာတ်ကားကို တခြားကုမ္ပဏီက ပြန်ရိုက်တယ်ဆိုလို့ ဟိုကျရင် ခင်မြင့်မြင့် ပြောပြရအောင် ကျုပ် လာကြည့်တာပဲ၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ဝမ်းလဲ တောင့်ပြီ ခွင့်ပြုပါဦး၊ ကျုပ် သွားလိုက်ပါဦးမယ်”
ထိုကဲ့သို့ ပြောပြောဆိုဆိုနှင့် ထွက်သွားလေရာ ကျွန်တော့်မှာ စိတ်ထဲက မကျေနပ်သေးသည်နှင့် အပေါက်မှ မျှော်ကြည့်သောအခါ ထိုသူသည် တံတားကြီးပေါ်၌ မိန်းကလေးတစ်ယောက်နှင့် တွဲ၍သွားနေ သလို မီးရောင်တွင် မထင်မရှား ရေးရေးမျှမြင်လိုက်ရ၏။ထိုမိန်းမ၏ အဝတ်အစားများမှာ ထိုသူကဲ့သို့မဟုတ်ဘဲ သစ်သစ် လွင်လွင်နှင့် အရောင်တောက်ပစွာ ရှိသည်ဟုထင်မှတ်၍ ခင်မြင့်မြင့်ကို သတိရသည်နှင့် ကြည့်ရင်းပင် ကြက်သီးများထလာမိသေးပေသတည်း။
ရွှေဥဒေါင်း
