ငယ်ငယ်တုန်းကတည်းက စာတော်တဲ့သူတွေကို အထင်ကြီးခဲ့တယ်။ သူတို့ ဘယ်လိုလုပ်လို့်တော်တာလဲ။ ပြီးတာ့ လိုက်စဉ်းစားတယ်။ ငါလည်း အဲ့လို လိုက်လုပ်ရင် သူတို့လိုတော်လာမလားလို့။ ငယ်ငယ်တုန်းကတည်းက စာသင်ကောင်းတဲ့ ဆရာတွေ professor ကြီးတွေကို အားကျတယ်။ ပြီးတော့ လိုက်စဉ်းစားတယ်။ ကြီးလာရင် သူတို့လို စာတွေရလာအောင် ဘယ်လိုလုပ်မလဲလို့။
ကိုယ့်ကျောင်းသားဘဝ တစ်လျှောက်လုံး အဲ့ လိျှု့ဝှက်ချက်ကို ရှာဖွေခဲ့တယ်။ နည်းပေါင်းစုံ လုပ်ကြည့်ခဲ့တယ်။ စာတော်အောင် ဘယ်လိုလုပ်မလဲပေါ့။
စာသင်ကောင်းတဲ့ ဆရာတွေဆို လိုက်သင်ယူတယ်။ နားထောင်တယ်။ မှတ်တယ်။ ကြိုးစားတယ်။ ကြိုးစားသလောက် အရာရောက်ခဲ့တယ်။ ဆရာဝန်ဖြစ်လို့ စာသင်တဲ့ ပညာရေး လောက ရောက်လာတော့ လည်း CME (Continuing Medical Education) က ဆက်မလုပ်လို့ မရဘူးလေ။ Updated ဖြစ်နေအာင် Seminar တွေ Refresher Training တွေ တက်ရတယ်။ အဲ့မှာလည်း တော်တဲ့ facilitator တွေ trainer တွေ တွေ့လာတယ်။ ကိုယ့်အတွက်က ပညာရေကန်ထဲ ကျတာ လေ့လာစရာကြီးပဲ။
ဆေးတက္ကသိုလ်ကျောင်းသားဘဝထဲက အကြီးတန်းကနေ အငယ်တန်းကို စာပြပေးခဲ့တာ ထည့်မတွက်ရင် စာသင်နှစ်က (၈) နှစ်ရှိခဲ့ပြီ။ အဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး စာတော်အောင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ လျှို့ဝှက်ချက်တစ်ခု ကို ပြောပြချင်တယ်။
"ဆေးပညာမှာ စာတော်တယ်ဆိုတာ မှတ်နိုင်ကျက်နိုင်တာ မဟုတ်ပါဘူး။ ဖတ်ထားမှတ်ထား နားလည်ထားတာကို လူနာတွေအပေါ်မှာ ပြန်လည်အသုံးချနိုင်တာပါ။"
အဲ့အတွက်... အဆင့် ၃ ဆင့်ခွဲပြီး ဆွေးနွေးပါမယ်။
၁။ အကြောင်းအရာတစ်ခုကို နားလည်ရပါမယ်။
ဆေးပညာဟာ နက်နဲတယ်။ ဘယ်ဆရာတစ်ယောက်ကမှ စေ့ငှအာင် မပြောနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်အောင် လုပ်ရပါမယ်။ ကျောင်းသားတော်တော်များများဟာ သင်ပေးလိုက်တာကို မှတ်မိနေတာ နားလည်တယ်လို့ ထင်နေပါတယ်။ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုရဲ့ ဆက်စပ်တဲ့အချက်အလက်တွေကို ဖွင့်ဆိုရှင်းတတ်၊ ဆက်စပ်တတ်ရပါမယ်။ ဥပမာ....
Meningitis ဆိုပါစို့။ inflammation of meninges နဲ့ မလုံလောက်ပါဘူး။ meninges ကို နားလည်ရပါမယ်။ meninigitis ဆိုတာ meninges ထဲက arachnoid နဲ့ pia mater layer ယောင်လို့ဖြစ်တာ။ အဲ့ဒါကြောင့် subarachnoid space မှာ ရှိနေတဲ့ cerebrospinal fluid မှာ inflammation ဖြစ်နေတာ၊ အဲ့ဒါ ကြောင့် CSF ကို lumbar puncture ဖောက်ပြီး ယူပြီး စစ်ရင် ရောဂါ diagnosis လုပ်နိုင်တာလို့ နားလည်ရမှာပါ။ အဲ့လိုပဲ ဖြစ်ရာအကြောင်း aetiology ကို causal organism တွေကို အလွတ်ကျက်ထားရုံ မဟုတ်ဘဲ သူတို့ ဘာကြောင့် meningitis ဖြစ်စေလဲ တခြား bug တွေနဲ့စာရင် ဘာထူးခြားနေလဲဆိုတာ နားလည်ရမှာပါ။
တစ်နည်းအားဖြင့် what မေးခွန်းမှာ မရပ်ဘဲ why, how, which significant ဆိုတဲ့ မေးခွန်းတွေ ဆက်မေးရမှာပါ။ ကိုယ့်ကိုယ်ကိုယ် မေးရမှာပါ။ ပြီးရင် ဆရာတွေကို မေးကြည့်ပါ။ ဘယ်ဆရာမှ အကုန်မဖြေနိုင်ပါဘူး။ အဲ့တော့ ရှာဖတ်ကြည့်ပါ။ ဘယ်မှာ ရှာဖတ်ရမှန်းမသိရင် ဆရာတွေကို မေးပါ။ မပြောရင် ပြောတဲ့ ဆရာတွေကို မေးပါ။ ဘယ်ဆရာမှ အလိုလိုသိလာတာမရှိပါဘူး။ သူတို့ ကြုံဖူးတဲ့ အတွေ့အကြုံကိုလည်းမေးပါ။ ပြီးရင် ကိုယ့်မေးခွန်းကို အဖြေရှာပါ။ နားလည်သွားရင် ဘယ်တော့မှ မမေ့တော့ပါဘူး။
၂။ ဆက်စပ်တွေးပါ။
ဆေးပညာရဲ့ အကြောင်းအရာတွေဟာ ဆက်စပ်နေပါတယ်။ ပထမနှစ် က သင်လိုက်တဲ့ nuclear physics ဟာ နောက်ဆုံးနှစ် အပိုင်း (ခ) ရဲ့ thyroid surgery က radio iodine treatment ထိ ဆက်စပ်မှုရှိပါတယ်။ radioiodine treatment ယူထားတဲ့ လူတစ်ယောက်ကို isolation လုပ်မှာလား ဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ half life, radiation wave, physiology of thyroid hormone synthesis, drug metabolism, pharmacology of radioiodine medication တွေကို နားလည်ပြီး ဆက်စပ်ရမှာပါ။ ဆက်စပ်တွေးတတ်ဖို့ ဆက်စပ် တွေးတတ်သူနဲ့ ဆွေးနွေးပါ။ တစ်ယောက်ထဲဆိုရင် why မေးခွန်းများများမေးပါ။ အဖြေကို ရှာပါ။အဲ့ဒါ ဟာ လူနာတွေ ဆေးကုသရာမှာ အထောက်အပံ့ဖြစ်တဲ့အတွက် bedside စာမေးပွဲ တွေမှာ ဆရာတွေ မေးတာကို ဖြေနိုင်တာတွေ့ရပါတယ်။bedside စာမေးပွဲ မှာ knowledge တွေ များများသိလေ ကောင်းလေ မဟုတ်ပါဘူး။ စာတော်တယ်ဆိုတဲ့ကျောင်းသားတွေဟာ ကိုယ်သိထားတဲ့ knowledge ကို လူနာကို စမ်းသပ်ကုသနေမှုမှာ မှန်မှန်ကန်ကန် ဆက်စပ် အသုံးချနိုင်တာကို ပြနိုင်ကြတာပါ။
၃။ လေ့ကျင့်မှုပါ။
ရေးဖြေ စာမေးပွဲ တွေအတွက် ကျက်ရပါမယ်။ memory ကို စစ်တဲ့စာမေးပွဲ အတွက် မကျက်ဘဲဖြေရင် အမှတ်မကောင်းပါဘူး။ မေးခွန်းက Describe the clinical features, complications and management of pyogenic meningitis ဆိုမှ မကျက်ထားဘဲ ဘယ်လိုရေးမတုန်း။ နားလည်သလောက်ရေးရင် လိုအပ်တဲ့ အချက်အလက် အားလုံးမပါလို့် အမှတ်မကောင်းပြန်ပါဘူး။ အခု လက်ရှိ ရေးဖြေစာမေးပွဲတွေမှာ knowledge ကိုပဲ ဦးစားပေး စစ်နေတဲ့အတွက် စာတော်သူဖြစ်ဖို့ စာကျက်ရဦးမှာပါ။
နောက်တစ်ခုက clinical exam ပါ။ လူနာနဲ့ လိုအပ်တဲ့ ရောဂါရာဇဝင်မေး၊ စမ်းသပ်ပြီး ဖြေရတဲ့ စာမေးပွဲ ဖြစ်လို့ skill ကို assessment လုပ်တာပါ။ အဲ့ဒါ ဘောလုံးကန်သလို၊ အကကျင့်သလို ပါပဲ။ လေ့ကျင့်မှုလိုပါတယ်။ bedside ကို တစ်ခေါက်ထဲ သင်ပေးလိုက်ရုံမျှ ဘယ်ဆရာကြီးကပဲသင်သင် မတတ်ပါဘူး။ အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ အဲ့မှာ အမှားတွေကိုပဲ အကြိမ်ကြိမ် လေ့ကျင့်မိနေတတ်ပါတယ်။ အဲ့လို မလေ့ကျင့်မိအောင် self reflection လုပ်ရပါမယ်။ feedback လုပ်ရပါမယ်။ self feedback, peer feedback, teacher's feedback လုပ်ရပါမယ်။ feedback ဆို အပြစ်ပြောတာ မဟုတ်ပါ။ လေ့ကျင့်ထားတဲ့ trainer နဲ့တွေ့ရင် feedback ဟာ ပညာလည်းရ ပျော်ဖို့လည်းကောင်းပါတယ်။ clinical exam ဆိုတာ ဆေးကျောင်းသားတွေအတွက် nightmare ပါ။ ဒါပေ မဲ့ အကြိမ်ကြိမ်စနစ်တကျ လေ့ကျင့်ထားလို့ သူများထက် အဆင်ပြေပြေ ထူးထူးချွန်ချွန်ဖြေနိုင်သူ အများကြီးပါ။
အဲ့ဒီ ၃ ဆင့်လုံးလိုပါတယ်။ ကျောင်းသားတွေဟာ အဆင့် ၁ နဲ့ ၂ ကိုကျော်လိုက်ပြီး အဆင့် ၃ ကို တန်းလုပ်ကြလို့ ရလဒ် မကောင်းကြတာပါ။ စာတော်တဲ့သူတွေ မှာ သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အဆင့် ၁ နဲ့ ၂ ကို လုပ်လေ့ရှိပါတယ်။ နောက်တစ်မျိုးက အဆင့် ၃ မလုပ်တဲ့သူပါ။ သူတို့က အဆင့် ၁ နဲ့ ၂ ကိုပဲ လုပ်လေ့ရှိတဲ့ အတွက် ကျောင်းသားဘဝ တစ်လျှောက် စာတော်တယ် အထင်မခံရပါဘူး။ နောက်ပိုင်း ဆရာဝန်ဖြစ်လာတဲ့အခါမှာ အခြေခံပိုင်တဲ့အတွက် ဆက်ကြိုးစားရင်း ထူးချွန်လာကြတာ တွေ့ရပါတယ်။
ဆေးကျောင်းသားတိုင်းဟာ ကြိုးစားကြတယ်။ အပြိုင်အဆိုင် အနည်းနဲ့အများရှိကြတယ်။ ကိုယ်တွေတုန်းကလည်း ဘယ်လိုလုပ်ရမယ်မှန်းမသိလို့ ရွာလည်ခဲ့တာ အကြာကြီးပါ။ ဒီ အချက်လေးတွေဟာ education theory တွေသက်သက်တင် မဟုတ်ပါဘူး။ တော်တဲ့ကျောင်းသားတွေရဲ့ အလေ့အကျင့်တွေကို နှစ်ပေါင်းများစွာ လေ့လာထားပြီး ပေါင်းစပ်ပြောတာပါ။ ရတနာသိုက် ရှိတဲ့နေရာ ပြောပေမဲ့ တူးတော့ တူးရမှာပါ။ ရတနာသိုက်ရှိတဲ့မြေပေါ် ခွထိုင်နေလို့ ရတနာ တွေ ကိုယ့်လက်ထဲ ရောက်မလာနိုင်ပါဘူး။
ကျောင်းသားကျောင်းသူတိုင်း စာတော်တဲ့သူတွေ ဖြစ်လာကြပါစေ။
Dr. Aung Pyi Soe
#HexMEC

