မြည်းပုံပြင်
အလုပ်ကြိုးစားတဲ့မြည်းလေး သတ်ခံလိုက်ရပြီ !!!
ကိုမြည်းဟာ အမြဲအလုပ်ကြိုးစားပေမယ့် သခင်ဟာ သူ့ကိုတော်ရုံနဲ့ချီးကျုးလေ့မရှိပါဘူး။ ဒီနေ့တော့ ကိုမြည်း ဟာ ပစ္စည်းတွေလည်း မနက်တပိုင်းလုံးသယ်ထားတယ်။ နေ့ခင်းရောက်တော့လည်း ကိုနွားနေမကောင်းလို့ ဆိုပြီး ကိုနွားနေရာမှာ သူက လယ်ကူထွန်ပေးခဲ့သေးတယ်။ လယ်ထွန်တာ တစ်ခါမှလည်းမထွန်ဖူး၊ နေက လည်း အတော်ပြင်းတော့ ညနေစောင်းအိမ်အပြန်မှာ ကိုမြည်းဟာ အတော်လည်း ပင်ပန်းနွမ်းလျ နေခဲ့တယ်။ သခင်ကိုခြံ၀မှာ အသင့်လာကြိုနေတဲ့ ကိုခွေးကတွေ့တော့ -
"ဟာ ကိုမြည်း အဆင်ကောပြေရဲ့လား? အတော်လေးပင်ပန်းနေပုံပဲ!"
"ဟုတ်တယ် ကိုခွေးရေ! ဒီနေ့တော့ တော်တော်လေးပင်ပန်းသွားတယ်လေ နေကလည်းအတော်လေးပူတာကိုး ဗျ၊ မနက်ဖြန်တော့ တစ်ရက်လောက်နားချင်မိတယ်ဗျာ ဖျားသွားလို့ ရက်ဆက်နားရင် အလုပ်တွေမပြီးမှာ လည်း ဆိုးတာဗျ !!! "
ကိုခွေးဟာ ပင်ပန်းနေတဲ့ကိုမြည်းကို နှုတ်ဆက်ပြီးထွက်လာချိန်မှာ ခြံထောင့်မှာ ကိုကြောင်ကိုတွေ့တော့ ကိုမြည်းအကြောင်းပြောပြဖြစ်တယ်။
"ကိုမြည်းသနားပါတယ်ဗျာ သူဒီနေ့တော်တော်လေးပင်ပန်းခဲ့တယ်ပြောတယ်။ မနက်ဖြန်တစ်ရက်လောက် နားချင်မိတယ်ဆိုပြီး ညည်းနေရှာတယ်။ ဟုတ်ပါတယ်လေ။ သခင်ကလည်း ကိုနွားနေမကောင်းတော့ ကိုမြည်း နဲ့ ပိုရုန်းတာကိုးဗျ! "
ကိုကြောင်က ကိုခွေးထွက်သွားတော့ သူ့နားမြက်လာစားတဲ့ ကိုဆိတ်ကိုပြောပြတယ်။ " ကိုမြည်းက သခင်က သူ့ကိုအလုပ်အများကြီးလုပ်ခိုင်းလို့ဆိုပြီး ညည်းနေတာ။ ခုလည်းမနက်ဖြန်တစ်ရက် အလုပ်မလုပ်ဘဲ နားချင် တယ်ဆိုပြီး ညည်းနေတာလေ။ " လို့ပြောပြီးထွက်သွားတယ်။
ကိုဆိတ်က သူ့အနား အစာလာစားတဲ့ ကိုကြက်ကိုတွေ့တာနဲ့
"ကိုမြည်းက သခင်အသစ်ပြောင်းရင်ကောင်းမလား စဉ်းစားနေတယ်ဆိုလား? အင်းလေ။ သူ့အနေနဲ့ကျတော့ လည်း တခြားသခင်တွေသာဆို ဒီလောက်ခိုင်းမှာမဟုတ်ဘူးဆိုပြီး တွေးမိမှာပဲ။ သနားပါတယ်။"
ကိုဆိတ်ထွက်သွားတာနဲ့ ကိုကြက်က ကို၀က်ကိုလှည့်ပြောတာက
"ကိုမြည်းက တို့သခင်အတွက် အလုပ်မလုပ်ပေးချင်တော့ဘဲ သခင်အသစ်ရှာချင်နေတယ်ဆိုလား? သခင်က သူ့အပေါ်ဆို အလုပ်တွေအရမ်းခိုင်းပြီး နှိပ်စက်တယ်ဆိုပြီးပြောနေတာလေ! "
ညစာကျွေးချိန်ရောက်တော့ သခင်မလာချိန်မှာ ကို၀က်က သခင်မနားကိုကပ်ပြီးပြောလိုက်တယ်။
"သခင်မကို သတိပေးစရာတစ်ခုရှိတယ်။ ကိုမြည်းကိုကြည့်ရတာ ခုတလောတစ်ခုခုကို ကြံစည်နေသလိုပဲဗျ။ ကျွန်တော် ကြားတာကတော့ သခင်ကသူ့အပေါ်မညှာမတာခိုင်းလို့ မလုပ်ပေးချင်တော့ဘူး သခင်အသစ်ရှာ မယ်ဆိုလား? "
သခင်မဟာ စိတ်တိုဒေါသထွက်ပြီး ညစာစားနေတဲ့ သခင်ကိုသွားပြောတယ်။
"မြည်းက ရှင့်ဆီမှာ မလုပ်တော့ဘဲ တခြားသခင်ရှာနေတာတဲ့ ဒီလိုသစ္စာမရှိတဲ့ဟာကို ရှင်ဘယ်လိုလုပ်မှာ လဲပြော? "
ကိုမြည်းရဲ့ သခင်ဟာလည်း စိတ်တိုဒေါသထွက်ပြီး
"သစ္စာဖောက်တွေကို အရှင်မထားဘူး " ဆိုပြီး ပင်ပန်းပြီး အိပ်မောကျနေတဲ့ ကိုမြည်းကိုသတ်ပစ်လိုက်တယ်။
ဒီလိုနဲ့ပဲ အလုပ်ကို မညည်းမငြူကြိုးစားတဲ့ မြည်းလေးဟာ သတ်ခံလိုက်ရတယ်။
သင်ခန်းစာ
ဘယ်တော့မှ အလုပ်ခွင်ထဲမှာ မညည်းပါနဲ့။ သင့်ဘေးမှာ သင့်ကိုတွန်းချပြီး နေရာလုချင်နေသူက အများအပြား ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်ကိုယ်ဘာကြောင့် အလုပ်ပြုတ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်က လုပ်ငန်းရှင် (သို့) အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ရင် ဘေးစကားတွေကို ကိုယ်တိုင်မမြင်ရ၊ မကြားရဘဲ လွယ်လွယ်ကူကူ မယုံလွယ်ပါနဲ့။ မဟုတ်ရင်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချမိပြီး ၀န်ထမ်းကောင်း တွေ ဆုံးရှုံးတတ်ပါတယ်။