အရှင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်။
ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲနည်းလမ်းရှိပါသလားဘုရား၊ အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်ခင် နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊ နည်းလမ်း ရှိရင် ကူညီပါအုံး ဘုရား၊ ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊ လောကမှာ လူတိုင်း လူတိုင်းအတွက် ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွား အောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေနဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပျက် တွေပဲမဟုတ်လား၊ ဒါကြောင့်လဲ လူ့ဘဝက တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-စိတ်ဆင်းရဲ စရာတွေက တနေ့တနေ့မှာ ကြုံရတာများလွန်းလို့ လူတခု ပူမှုရယ်က ဆယ်ကုဋေလို့တောင် ရှေးလူကြီးတွေက ငြီးတွားခဲ့ကြတယ်။ စာရေးသူက ဖြေလိုက်တယ် အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်း၊ အိုင် ခလှဲ့ တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်းကို ပြောပြပါ့မယ်၊
လူတော်တော်များများ အဆင်ပြေသွားကြတာဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ်လို့ ထင်တယ်၊ ယုံယုံ ကြည်ကြည်နဲ့ ပြောပြထားတဲ့အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒကာမလေးကို အကြောင်းပြုပြီးအားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့ စီးပွားရေး လူမှုရေး ဘာသာရေး စတာတွေမှာ နားလည်မှုလွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင်ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေ အသုံးပြုနိုင် ပါတယ်။ ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့်နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက် တောင် မကြာ လိုက်ဘူး၊
အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊ အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီးတင် ပါတယ်၊ တပည့်တော်ပြောတဲ့ လူတယောက်ဆိုတာ အရှင်ဘုရားဒကာကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်းရတာပါတဲ့၊ တကယ်တော့ ဒီနည်းလမ်းကို အသုံးပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူ တွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာမှတ်သားပြီး အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်၊
အစီအစဉ်များ
၁။ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ၊
၂။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်ရပါမည်၊
၃။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူကို ဓာတ်ပုံရှိက ဓာတ်ပုံကို ဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊ ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။ ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် –
ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက်ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊ ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြ နေသလို အခု မင်းကို အေးမြတဲ့ရေထဲမှာ စိမ်ထားလိုက်ပြီ၊မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင် နေမှာပါ၊ လက်ထပ်ထားသူဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆိုရပါမယ်၊ ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊ အကြိမ်များစွာ ဆိုရင်တော့ အကောင်းဆုံးပေါ့၊
၄။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့နတ်ဗြဟ္မာတွေကို တိုင်တည်ပြီး မေတ္တာပို့ အမျှဝေရပါမယ်၊ နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ မြန်မာနိုင်ငံ သာသနာ့သမိုင်းမှာ မေတ္တာ အရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ ကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက် ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင် ကြင်နာနိုင်ပါစေ၊ မှတ်ချက်- ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊