ရှင်စောပု


ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်း တစ်လျှောက်တွင် ရှင်စောပုဟူ၍ မွန်ဘုရင်မ တစ်ပါး ထူးခြားစွာ ပေါ်ထွန်း ခဲ့ပေသည်။ ရှင်စောပု သည် မွန်တို့၏ မဂဒူး မင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ရွှေတိဂုံစေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာ များတွင် ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညားထောဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန် ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည် အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။


ရှင်စောပုသည် မွန် ရာဇဝင်တွင် အလွန် ထင်ရှားသည့် ရာဇာဓိရာဇ် ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု ၏ မွေးနေ့ သက္ကရာဇ် သည် ၇၃၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံ အရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင် ခဲ့ဟန် တူလေသည်။ ယင်းနှင့် အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညားရာံ/ဗညားရာမ) ဖြစ်လေ သည်။


သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ် ရှိပြီဖြစ်သော ရှင်စောပု အား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပု တွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကား ခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကထဝ်) နှင့် မိကာသင်(မိပ္ကသြန်)၊ သား ကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေ၏။


သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူး ကို ဖွားမြင်ပြီးနောက် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပု သည် မောင်တော် ဗညားကျန်းနှင့် အတူ ဒဂုန် တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း ၏ လက်ထက်တွင် ရှင်စောပု အင်းဝ သို့ ပါတော်မူ၍ သီဟသူ မှ အစ မိုးညှင်း မင်းတရားအထိ အင်းဝ မင်းလေးဆက် တို့၏ မိဖုရား အဖြစ် အင်းဝ တွင် ခုနစ်နှစ် ကြာမျှ စံနေခဲ့ရလေသည်။


အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တစ်မျိုးဖြစ်ပြီးလျှင် မြန်မာ ရာဇဝင်များ၌ တစ်ဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာ ရာဇဝင်များ ဖြစ်သော ဦးကုလား ၊ မှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော် အထွေး ဒဂုန်စား ဗညားကျန်း တို့ ပုန်ကန်ကြလေ၏။ (ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်းတွင်မူ ညီနောင် သုံးပါးဟု မဆိုပဲ ညီနောင် နှစ်ပါးသာပြကာ ဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုပါသည်။) 


ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝ တို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညား ဓမ္မရာဇာသည် ဗညားရံ ကို ဒဂုန်စား အဖြစ် ပြောင်းပေး၍ ဗညားကျန်း ကို မုတ္တမစား အဖြစ် စေလွှတ်သည်။ 


အင်းဝတပ် တို့သည် ပုသိမ်နှင့် ဒလ (ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန် ကို ဆက်လက် တိုက် ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပု ကို ဆက်သလိုက်လေသည်။ 


ဗညားရံ သည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော် ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီး တို့၏ အဆောင် အယောင်နှင့် တစ်ကွ ကိုယ် လုပ် အမျိုးသမီး သုံးကျိပ် အထိန်း အချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာ အမတ် ဝိုင်းရံပြီးလျှင် သီဟသူ မင်း ထံသို့ ပို့လေသည်။ သီဟသူ လည်း မိမိဖောင်တော်ထက်မှ လက်လှမ်း ဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပု သည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူ မင်း အလွန် လေးမြတ်တော်မူ လေသည်။





သို့ရာတွင် မွန် ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ် တို့ ပြန်ဆိုသည့် ဟံသာဝတီ မင်းဆက် ရာဇဝင် မူများအရ သိရပြန်သည်မှာ ရှင်စောပု သည် ဆံတော်ရှင် ဒဂုန် ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပု သည် ဟံသာဝတီနှင့် ဒဂုန် သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာ မခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပု အား ဖမ်းယူရန် မင်းနန္ဒသူ အား စစ်တပ် အင်အား လုံလောက်စွာဖြင့် ဒဂုန် အနီး တောစခန်း တစ်နေရာသို့ စေလွှတ်လိုက်လေသည်။ 


ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန် သို့ ဆံတော်ရှင် ဘုရား မူးမြော်ရန် ဥပုသ်နေ့ တစ်နေ့တွင် ယခင်နည်း အတိုင်း ဆင်စီး၍ အစောင့် အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန် အနီးတောစခန်း သို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူ သည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပု အား ဆင်ထက်မှ မဆင်းစေဘဲ အသာအကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။ ထို အကြောင်း အရာနှစ်ရပ်တွင် ပထမ အကြောင်း အရာမှာ ပိုမို ခိုင်လုံပြီး လက်ခံနိုင်ဖွယ်ရှိပေသည်။


မည်သို့ဆိုစေ ရှင်စောပု သည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝ ဘုရင်၏ မိဖုရားကြီး အဖြစ် နေခဲ့ရ သည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပု သည် အင်းဝ တွင် မိဖုရား ကြီးတစ်ပါး အဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်း မင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ 


ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီ သို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ် သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သား အမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေ သည်။ 


ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြား တတ်မြောက်ခဲ့၍ ဟံသာဝတီ သို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရ သည် ရှင်စောပု အား ကူညီနိုင်ရန် ဓမ္မဉာဏ ဘွဲဲ့ အမည် ရှိ အခြား မွန် ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝ သို့ရောက် လျှင် ထို ရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ ထိုအချိန် ကာလသည် မိုးညှင်း မင်းတရား လက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။


ပိဋကဓရ တို့ ရောက်လတ်လျှင် ရှင်စောပု သည် ထိုရဟန်း တို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီ သို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့် အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေး ကို သောက်လေလျှင် ဝမ်းက အနီ အဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော် များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါ ကူးစက်မည် စိုး၍ ရှင်စောပု အခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ 


ရှင်စောပု လည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏ တို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါး အား အချိန် မရွေးပင် ဝင်ထွက်ခွင့်ပေးသည်။ အချိန်း အချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏ တို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေ အဖြစ်ဖြင့် နေကြသည်။ 


ထို ညဉ့်သန်းခေါင်ယံ အချိန်တွင် အဝတ်အစား သေတ္တာကြီးတစ်လုံး အတွင်းသို့ ရှင်စောပု အား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါး တို့က သေတ္တာ ကို တဖက်စီ ဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော် တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့ အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင် စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တစ်ကာနှစ်ယောက်တို့သည် ရှင်စောပု အား လှေပေါ်တင်ပြီးသော် ဟံသာဝတီ သို့ စုန်ပြေးလေသည်။


မိုးညှင်း မင်းတရားသည် အမတ်ကြီးအား လှော်ကား ငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့ လူစုသည် နေ့တွင် တောတွင်း၌ ပုန်း၍ ညဉ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုး ညှင်း မင်းတရားလည်း ရှင်စောပု သည် အင်းဝ ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ ဟု ဆိုကာ ဟံသာဝတီ အရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။


ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်း စိုးစံနေသည်။ ဗညားရံ သည် နှမတော် ပြန်ရောက်လာ လျှင် ဝမ်းမြောက် ဝမ်းသာ ရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပု သည် ဟံသာဝတီပြည် သို့ ပြန်ရောြက်ပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏ တို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ် ပါး သီတင်းသုံးရန် ကျောင်းတစ်ဆောင် ဆောက်ပေးခြင်း၊ ရဟန်း သံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြား ကို ပြုလုပ်လေသည်။


သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု ၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်း သည် ထီးနန်း ရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟု ဆိုသည်။) ဗညားကျန်းလည်း နန်းသက် မ ကြာ ရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု ၏ တူတော်) နန်းတက်၍ မင်းကျင့် တရားနှင့် မညီသဖြင့် မှုးမတ်တို့ လုပ်ကြံရာ ခြောက်လ မျှသာ နန်းစံရလေသည်။ (မွန်မူတွင် ခုနှစ်လဟု ဆိုသည်။)


မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တစ်ကြောင်း၊ ထို့ပြင် အထက် တွင် အင်းဝတို့ အချင်းချင်း တိုက်ခိုက်နေကြ၍တစ်ကြောင်း ဘုရင်မကြီး လက်ထက်တွင် ဟံသာဝတီ သည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။


နောက်ဆက်တွဲ


ရှင်စောပု သည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကို အုပ်ချုပ်ရန် များစွာ စိတ်အားထက်သန်လှသူ မဟုတ်ချေ။ ရွှေတိဂုံ စေတီတော်အား ဉာဏ်တော် တိုးမြှင့်ကာပြုပြင ်ပူဇော်သည်။ ဘ၀ ၏နောက်ပိုင်း ကာလများတွင် မိမိအား ဟံသာဝတီ သို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါး အနက်မှ ဓမ္မ ဉာဏ အား လူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ 


ထို့နောက် ဓမ္မစေတီ ဘွဲ့ဖြင့် အိမ်ရှေ့အရာပေးကာ ကိုယ်စား အဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကို လွှဲအပ်လေ သည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မ များကို လေ့လာ အားထုတ်ပြီးနေသည်မှာ နတ်ရွာစံသည့် အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု ၏ အုတ်ဂူ ကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ 


ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီ ထီးနန်းကို စိုးစံသည်။ ထိုမင်းသည်လည်း မြန်မာ့ သမိုင်းတွင် သာဿ နာတော် သန့်ရှင်းရေးအတွက် ပြုပြင်ရေးများကို အင်တိုက် အားတိုက်ပြုလုပ်ခဲ့သည့် အတွက် အလွန်ထင်ရှားသည်။



အပိုင်း(၂)

ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း။ ဘုရင်မကြီး ရှင်စောပု (၁၄၅၃-၁၄၆၀) အသုံးပြုခဲ့သည်ဟု ယူဆရသည်၊ ၁၈၅၅ တွင် ရွှေတိဂုံ ဘုရားမှ ရရှိသည်ဟု ဖော်ပြထားသည်။


ဘုရင်မကြီးသည် ဇရာလည်းထောင်းလာပြီဖြစ်၍ တိုင်းပြည် အုပ်ချုပ်ရန် စိတ်မထက်သန်ချေ။ ထို့ပြင် ပင်ကိုယ် ကပင် တရားဓမ္မ အလှူဒါန တို့၌သာ မွေ့လျော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော်သူ တစ်ဦး ကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်း သည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့် သာလျှင် အခြား သူတစ်ပါးတို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝ မှ ဟံသာဝတီ အရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 


ထို့ပြင် ပိဋကဓရ ၏ ကျေးဇူးသည် မိမိ အပေါ်၌ ကြီးမားခဲ့ခြင်း တို့ကို ထောက်ထား၍ ပိဋကဓရ အား ထီးနန်းလွှဲအပ်ရန် မှူးမတ် တို့နှင့် တိုင်ပင်သည်။ မှူးမတ် တို့က သဘော မကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်းသည့် တံတားသစ်သားတိုင် ကို ထုထားသည့် ဗုဒ္ဓ ရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ်လာသည့်အခါ ယုတ်ညံ့သည့် အသားဖြင့် ထုထားသည့် အပြစ်ကို ပမာဏ မထားကြဘဲ ရှိခိုး ပူဇော်သည့် ပုံပမာကိုဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင် အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင် ဘုရင်မကြီး ဆောင်ရွက်သည်ဟု ဆိုလေသည်။


ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခု အား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံ ဖက်ပေး၍ အိပ်ရှေ့ အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီ ထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကားဓမ္မစေတီမင်း ဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်း ဟူ၍ လည်းကောင်း ထင်ရှားလေသည်။


မင်းအို ဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့် အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ် တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များ အနက် ကျိုက်မရော(ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန် ဘာသာဖြင့် ကျောက်စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညားဦး၏ မြေးတော် သူ့ရှင် ဗညားထောဝ် သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရော ဘုရား ၌ ကုသိုလ်ကောင်းမှုများပြုကြောင်း ၊ မိမိ ၏ အလှူဒါန၌ ဝိုင်းဝန်း ကူပံ့သူများအား ကြီးပွား ချမ်းသာကြစေရန် လေးနက်စွာမေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထားသည်ကို တွေ့ရလေသည်။


ကျိုက်မရော ဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း (အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်း ပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရော အနီးတစ်ဝိုက်ရှိ အထက်ပါ ဘုရားများသို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။


ရှင်စောပုသည် သမက်တော်အား ထီးနန်း လွှဲအပ်ပြီး နောက်တွင် ကောင်းမှုကုသိုလ် ပြုရေးကိုသာ လုံးလုံးလျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး (ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာ အရ ရှေး ဟံသာဝတီပြည့် ရှင် မဟာတိဿ မင်းကြီး ၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရား ခုနစ်ဆူ တို့ ပျက် စီး ယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပု မင်းသမီးသည် မင်းကျင့်တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတစ်ကွ ထိုပျက်စီးယိုယွင်းသော ဘုရားခုနစ်ဆူတို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။ 


သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲ လဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်း/သစ် များနှင့် တစ်ကွ ရတနာ ခုနစ်ပါး တို့ကို ဌာပနာသည်။ ပြုသော ကုသိုလ် အဖို့ကို သတ္တဝါ အပေါင်းအား အမျှပေးဝေ၍ ထို ကုသိုလ်ကောင်းမှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ် အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းထားလေသည်။ ရှင်စောပု ၏ ဘွဲ့တော်ကို ယင်းကျောက်စာတွင် “ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မရာဇာဓိရာဇာဒေဝီ’’ ဟု ကမ္ဗည်း ထိုးထားလေရာ အခြားကျောက်စာများတွင် ပါရှိသည့်ဘွဲ့ထက် ပြဝရ ပို၍ပါသည်။


ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီး ရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော် တို့ ပြုပြင် မွမ်းမံ ခဲ့ကြောင်း ကို ရှင်စောပု လွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်း လဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုး ခဲ့သော ဘုရားကြီးကျောက်စာများ အနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက်စာကို စီကုံးရေးသားသူ အမည်နှင့် ကျောက်စာထုသူ ကျောက်ဆစ်သမား ၏ အမည်ကိုပါ ဖော်ပြ ထားသည်။


 ကျောက်စာပါ အခြား အကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေးဘဝက ညီတော်ဖြစ်ခဲ့သော သထုံ ဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသောကမင်း ၏ လျှောက်တောင်းပန်ချက်အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။ 


သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ခြောက်ပါး တို့အား ဆံတော် ဓာတ် တစ်ဆူစီ ပေးသနားခဲ့၍ သီရိမာသောကမင်းကိုမူ ဆံတော် မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့် အခါ၌သာ သွားတော် ဓာတ်တစ်ဆူကို ဂဝံပတိထေရ် က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေး လိမ့်မည်။ ထို သွားတော်ဓာတ် တစ်ဆူမှ ၃၃ ဆူ ပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိ တွင် ဗျာဒိတ္တ ဟူ၍ လုံးဝမရှိပါ) ပေးခဲ့လေသည်။


သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ ဆူ ပွား၍ စေတီ ၃၃ ဆူ တည်ပြီးလျှင် ဌာပနာသည်။ ထိုမင်း နတ်ရွာစံ၍ ကာလရှည်ကြာသော် စေတီများ ပျက်စီး ယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက် ကလည်း ပြုပြင်ခဲ့သည်။ ယခု ရှင်စောပု လက်ထက်တွင် ရှင်စောပုနှင့် သမက်တော် တို့က ပြန်လည် တည်ထားကြောင်းကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုးထားလေသည်။


ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း(၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာ အရ ကျောက်စာ၌ ငွေတောင် ဟုခေါ်သော ကေလာသတောင် ရှိ စေတီတော်ကို ရှင်စောပုနှင့် သားမက်တော် တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီ သည် သီရိမာသောကမင်း ရရှိသည့် သွားတော်ဓာတ် အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီ မင်း အဆက်ဆက်တို့ ပြုပြင်မွမ်းမံကြောင်း၊ စေတီ အနီးတွင် ရှစ်မြှောင့် ပုံသဏ္ဌာန် သိမ်တော်ကြီး တစ်ဆောင် ကိုလည်းကောင်း၊ ကေလာသ ဘုရားစေတီ အတွက် ဝတ္တက လယ်ယာမြေ တို့ကိုလည်းကောင်း၊ သားနှင့် အမိ မင်းနှစ်ပါး က လှူဒါန်းကြောင်းများ ပါရှိလေသည်။


အထက်ဖော်ပြပါ ကျောက်စာများ အရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး)ခရိုင်နှင့် သထုံခရိုင် အတွင်း၌ ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော် တို့သည် ရှေးဟောင်း စေတီတော်များစွာ တို့ကို ပြန်လည် တည်ထား မွမ်းမံ ခဲ့ကြောင်း သိရှိရလေသည်။


ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန် (ရန်ကုန်)မြို့ရှိ ဒဂုန် ဆံတော်ရှင် ရွှေတိဂုံ စေတီတော်ကြီးပေတည်း။ ဘုရင်မကြီးသည် ရွှေတိဂုံ ဆံတော်ရှင် စေတီကြီးအား အလွန်တစ်ရာ ကြည်ညို လှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါ တရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်း လွှဲအပ်ပြီးသည့်နောက်တွင် ဒဂုန်မြို့ သို့ ရွှေ့ပြောင်းစံမြန်းသည်။


ရွှေတိဂုံ ဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ် ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာ ဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာ ဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင် ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော် တို့သည် ဒဂုန် ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ 


ထို မွန်ကျောက်စာတွင် မွန်ကို (ရ္မန်=ရမန်) ဟုရေးထိုးခဲ့ပါသည်။ မွန်တိုင်း ဌာန ရာမညဒေသ ၏ မင်း အ ဆက် ဆက်တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ထိုနောက် ရှင်စောပုနှင့် သမက်တော် တို့သည် သမက်တော် မင်းပြုသော ကာလ အတွင်း သားနှင့် အမိတို့ စစ်သည် ဗိုလ်ပါ အပေါင်း ခြံ ရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက် စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။


 စေတီတော် ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်း များကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံ ပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ် တို့ဖြင့် ပတ်လည် စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူး တလည် မွမ်းမံပုံ များကို ဖော်ပြထားသည်။


ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တစ်ရာကြည်ညိုတော် မူသဖြင့် မိမိ ၏ ကိုယ် အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာ ကို မျက်ပါး ခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့ သူ၊ မြို့သား တို့ကလည်း ရွှေ ပိဿာ ချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ 


ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာ ရှိ ခေါင်းလောင်းကြီး တစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်း သည်။ စေတီတော်ကြီး အတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။


စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ


အနောက်လားသော် ကျိုက်မြောင်း ဘုရားအထိ


မြောက်လားသော် ကျိုက်မိုးရပ် အထိ


တောင်လားသော် ကျိုက်နုတ်ဘုရား .. (အချို့ က ကျိုက်သုတ် ဟုလည်း ဆိုသည်) အထိ ဟူ၍ သတ်မှတ်၍ ဘုရားကြီး ၏ ဝတ္တကမြေ အဖြစ် လှူတော်မူသည်။ 


ထို့ပြင် ဘုရားကြီး ရင်ပြင်တော် အပြည့် ကျောက်ပြားခင်းသည်။ ရင်ပြင်တော် အဆုံး ပတ်လည်တွင် မဟာရံတံတိုင်း ခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင် ၊သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင် အမျိုးမျိုး ကို စိုက်စေသည်။ တံတိုင်းအောက်ဆင့် စေတီ ပတ်ဝန်းကျင်တွင် ဇရပ်ကြီးများကို ဆောက် လုပ်စေလေသည်။


ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါန များနှင့် စပ်လျဉ်း၍ စေတီတော်ကြီးများ ၏သမိုင်းနှင့် မွန် သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပု သည် စေတီတော်ကြီးတွင် ထီးဖြူလေး စင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တစ်လုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန် ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်း ရှစ်စင်း၊ (ဇွန်းတစ်စင်းလျှင် ဆန်တစ်စလယ်ချက် ဝင်သည်။) ဆွမ်း သင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။

Credit: Tin Maung Hlaing