လူရာ၀င်တယ်ဆိုတာ 

သင်လူဘယ်လောက်များများကိုသိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက် များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။ ပြီးရင် ဒီလူတွေအားလုံးကော သင့်ကိုအသိအမှတ်ပြုပါရဲ့လား၊ သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့
လဲ၊ ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။

လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊ ဘယ်သူတွေနဲ့ ထမင်းအတူစားဖူးတယ်၊ လဘက်ရည်အတူသောက်ဖူးတယ်၊ ဘယ်လောကအဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊ ဘယ်လူကြီး၊ ဘယ်မင်းသား
နဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊ အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊ 
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊ သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊သင်နဲ့ တောက်လျှောက်အဆက်အသွယ်
မပျက် ဆက်ဆံနေချင်ကြတယ်။ ဒါတွေ ပိုအရေးပါပါတယ်။ 

လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊ 
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။အဲ…သင်လူဘယ်လောက်များများကို 
ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။ 

လူရာ၀င်တဲ့လူများဟာ အောက်ပါ
အရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာ၀င်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။ 

၂။ ပတ်၀န်းကျင်ကို ၀င်ဆံ့လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ၀င်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူသွားတာ များပါတယ်။  
လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေးဖြစ်လောက်အောင် မယှဉ်ပြိုင်ရပေမဲ့ 
အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ  ရပ်တည်မူ ရှည်ကြာသွားတာပါ။ 
၃။ သူများ အပေါ် သဘောထားကြီးခြင်း

လူရာ၀င်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေး
အဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိစည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဥာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဥာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။ 
၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း

Keep Low Profile ကို ဆိုလိုတာပါ။ 
သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလ်ိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကို နည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေ ပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း 
တွေ့ရှိစေနိုင်ပါတယ်။ 

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီးမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့  ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာ ဖြစ်တယ်။ 

၆။ ယဉ်ကျေးခြင်း၊

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း 
စိတ်ချမ်းသာအောင် ကျနော်တို့မှာ
တာ၀န်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ပါနှင့်။

၇။ မိမိကိုယ်မိမိ ဆန်းစစ်တတ်ခြင်း၊ 

လူဆိုတာ သူများကို ပိုအစိုးမရတာမို့ 
သူများအပြစ်ကို ထိုင်ပြောနေရင် 
ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိ ကိုယ်မိမိ ဆန်းးစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။ 

၈။ ကျေးဇူးတင်တတ်ခြင်း၊ 

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။ 

၉ ။ အချိန်တိကျခြင်း၊ 

ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ 
သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ 
အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကို လေးစားခြင်းဖြစ်ပါတယ်။ 
ရာထူးကြီးလေ အစည်းအဝေးကို 
နောက်ကျမှ ရောက်တတ်လေဆိုတဲ့
အကျင့်မျိုးကို လူကြီးတွေကစပြုပြင်သင့်ပါတယ်။ 

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊ 

အနိစ္စတရားဟာ သဘာ၀လည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။

၁၁။ သီးခံတတ်ခြင်း၊ 

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ် ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်
သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ 
သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။ 

၁၂။ ကတိတည်ခြင်း

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။ ။

#အောင်သင်း