မတွေးနဲ့

<><><>

မနေတတ်ရင် 
ပစ္စည်းရှိလေ ဆင်းရဲလေပဲ။
ရာထူးကြီးလေ ဆင်းရဲလေပဲ။ 
ပစ္စည်းရှိရှိ မရှိရှိ ၊  မရှိရှိ
နေတတ်မှချမ်းသာတာ။
ပြောစရာ အများကြီးထဲက 
တစ်ခုပဲပြောရရင် "မတွေးနဲ့" လို့
သည်တစ်ခုပဲ ပြောချင်ပါတယ်။

ဆင်းရဲတာ အဲဒီ့အတွေးကနှောင့်ယှက်နေလို့
ဆင်းရဲတာ။
ဒုက္ခ တစ်ကျပ်သားမှာ ပက်ပင်းကြုံ ဒုက္ခက
တစ်မတ်သားထက်မပိုပါ။
အတွေးကြောင့်ဖြစ်တဲ့ ဒုက္ခက 
သုံးမတ်သားလောက်ရှိပါတယ်။ 
ဟိုပက်ပင်းကြုံ ဒုက္ခတစ်မတ်သားကတော့ 
ဘုရားရဟန္တာတွေလည်း မလွတ်ပါဘူး ။ 
အဲဒီ့တစ်မတ်သားက လောကဓံကိုး။

တရားအားထုတ်တယ်ဆိုတာ 
မတွေးဖြစ်အောင် တရစပ်မှတ်ခိုင်းတာပါ။
အတွေးကို အမှတ်နဲ့လဲ ယူရတာပါပဲ။ 
တရားက ခန္ဓာထဲ ရှိပြီးသားပါ ။
ကိုယ့်အိပ်ထဲက ပိုက်ဆံ 
ထုတ်ရေကြည့်သလိုပါပဲ ။

တရားရှာတယ်ဆိုတာ ကျွဲပျောက်
နွားပျောက် ရှာတာမျိုး မဟုတ်ပါဘူး ။
တွေးတယ်ဆိုတာ သူများကြောင့်တွေးတာ။
တွေးတော့ဘာဖြစ်သတုန်း ။ 
ကိုယ့်စိတ်ကို သူများက ပိုင်သွားတာပေါ့ ။ 
ကိုယ့် စိတ်က ကိုယ့်ထဲမှာ မရှိတော့ဘူး ။

ဥပမာ ကြက်တွေးမိရင်
ကြက်ဆီစိတ်ပို့ထားရတာ ။ 
ကိုယ်တိုင်ကြက်ဖြစ်သွားရပြီလေ။
၀က်တွေး ၀က်စိတ်ပေါက် 
ကိုယ်တိုင် ၀က်ဖြစ်သွားပြီလေ။

တရားမှတ်တယ်ဆိုတာ သူများဆီထားတဲ့ 
စိတ်ကလေး ကိုယ့်ဆီ ပြန်ခေါ်တာ ။
မတွေးရင် ချမ်းသာပါ့ဗျာ ။ 
မရှိလည်း ချမ်းသာ။ ရှိလည်း ချမ်းသာ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး