"မိဘအပေါ်ဝတ္တရား မကျေပွန်တဲ့ သားသမီးတွေ ငိုကြကွ"
========================
ကျေးဇူးတော်ရှင် မင်းကွန်ဆရာတော်ကြီးသည် မိဘများအပေါ်တာဝန်ကျေပွန်လှ၏။
ဆရာတော်ကြီးသည် တိပိဋကဓရအောင်မြင်ပြီးနောက် မိခင်ကြီးကို မင်းကွန်းဓမ္မနာဒကျောင်းတိုက်သို့ ခေါ်ဆောင်၍ ဇရပ်လေးတစ်ဆောင်၌နေထိုင်စေခဲ့၏။
မိခင်ကြီး၏ စားဝတ်နေရေးကိုလည်း ဆရာတော်ကြီးကပင် တာဝန်ယူဆောင်ရွက်ပေးခဲ့၏။
မိခင်ကြီးသည် နှစ်နှစ်သုံးနှစ် ဆက်တိုက် ဓမ္မနာဒကျောင်းတိုက်၌ နေပြီးသောအခါ ဆက်လက်မနေထိုင်လိုတော့..ပျင်းရိလာ၏။
"အဘိုးကြီး အဘွားကြီး" ဟူသည် အဘကြီး အမေကြီး"
ခေါ်ဆိုတတ်သည့်
မြေးငယ်များရှိရာ၌သာ
ပျော်မွေ့ကြသည်။
ဓမ္မနာဒကျောင်းတိုက်၌
"အမေကြီး" ဟုခေါ်ဆိုမည့်
မြေးငယ်များမရှိသဖြင့် မယ်တော်ကြီးသည် မပျော်ရွှင်တော့ ။ရွာပြန်နေချင်လာသည်။
ထိုအကြောင်းကိုဆရာတော်ကြီးအား လျှောက်ထား၏။
(ဤနေရာ၌ သားသမီးများ သတိထားစရာကောင်းလှ၏ ။
မင်းကွန်းဓမ္မနာဒကျောင်းတိုက်၌ မယ်တော်ကြီးအတွက် စားဝတ်နေရေး ဘာမှပူပင်စရာ မရှိပေ။သို့သော်မယ်တော်ကြီးကား မပျော်ရွှင်။
အဘယ့်ကြောင်းနည်း တီတီတာတာ နဲ့ သားသမီးမြေးများ မရှိသောကြောင့်ဖြစ်သည်။
ထို့ကြောင့်သားသမီးများအနေဖြင့် ငွေရေးကြေးရေး ပေးပို့ရုံဖြင့် မလုံလောက်ပေ။အနီးကပ်ပြုစုယုယအကြင်နာတွေပါ
ပေးကြရမည်ဖြစ်ပါသည်။)
ဆရာတော်ကြီးက ရွာမှာပြန်နေလိုလျှင် အိမ်ဆောက်ပေးမည်ဖြစ်ကြောင်း ၊မယ်တော်ကြီးပျော်မွေ့ရာနေရာ၌သာ နေထိုင်ရမည်ဖြစ်ကြောင်း အမိန့်ရှိပြီး ရွာ၌အိမ်တစ်လုံးဆောက်ပေး၏။
ထိုစဉ်က ဆရာတော်ကြီး၏ညီ "မောင်ဘသင်"သည် မြို့တစ်မြို့၌နေပြီး ပွဲရုံလုပ်ငန်းလုပ်သဖြင့် အတန်အသင့် စီးပွားဖြစ်သည်။မယ်တော်ကြီးအတွက် အိမ်ဆောက်ပေးသည့်အခါ ဆရာတော်ကြီးက "အိမ်ဆောက်သည့်အထဲ ကုသိုလ်ပါဝင်ရန်" မောင်ဘသင်"အား
တရားဟော၏။
"မောင်ဘသင် မင်းအမေ
မယ်တော်ကြီးက မင်းကွန်းမှာ မပျော်ဘူးတဲ့ကွ ၊ရွာမှာနေချင်သတဲ့၊ငါက မယ်တော်ကြီးအတွက် ရွာမှာအိမ်ဆောက်ပေးမလို့ ၊မင်းလည်းစီးပွားရေး အသင့်အတင့် ဖြစ်သားကွာ၊မင်းအမေအတွက် အိမ်ဆောက်တဲ့အထဲ ကုသီုလ်ပါဝင်ပါလား"
ဟုတရားဟော၏။
သည်တွင်ညီမောင်ဘသင်က "ဦးဇင်း (ညီအစ်ကိုချင်းဖြစ်၍ ဦးဇင်းဟုသုံးဟန်တူပါသည်) တပည့်တော်က သားသမီးတွေရှိသေးတယ်၊ သူတို့ကိုပေးရအုံးမှာ၊ဦးဇင်းက သားသမီးရှိတာမဟုတ်ဘူး၊တပည့်တော်များများတော့မထည့်နိုင်ဘူး၊ငွေ သီးခြား ၁၀၀ကျပ် ပို့ပေးလိုက်မည်" ဟုလျှောက်ထားပြီး ဆရာတော်ကြီး၏ ကပ္ပိယထံ
ငွေ ၁၀၀ကျပ်အပ်နှင်းလိုက်၏။
အိမ်ဆောက်၍ ကုန်ကျငွေမှာ ၁၃၂၅-ကျပ်ရှိသည်ဟု ဆို၏။
မယ်တော်ကြီးသည်
ဆရာတော်ကြီးဆောက်ပေးသည့်အိမ်၌ လေးငါးခြောက်နှစ်ခန့် နေပြီးနောက် ကွယ်လွန်သွားရှာသည်။
ဆရာတော်ကြီးက
"မယ်တော်ကြီးကွယ်လွန်သွားရှာပြီ ဖြစ်ကြောင်း"
ညီတော်မောင် မောင်ဘသင်သို့ အကြောင်းကြားလိုက်၏။
မောင်ဘသင်သည်
မယ်တော်ကြီး အသုဘကိစ္စအတွက် ရွာသို့ပြန်လာပြီး မယ်တော်ကြီး၏ အလောင်းအနီး၌ ထိုင်၍တရှုပ်ရှုပ်ငိုလေတော့၏။
ဆရာတော်ကြီးက.. "မိဘအပေါ်ဝတ္တရား မကျေပွန်တဲ့သူတွေ ငိုကြကွ ၊တို့ကတော့ ဝတ္တရား ကျေပွန်တယ်ကွ၊ငိုစရာမလိုဘူး၊ မင်း..အမေ့အတွက် အိမ်ဆောက်ပေးမယ်ဆိုတော့ ငွေ ၁၀၀ ပဲ ထည့်တယ်။မိဘဆိုတာ အသက်ထင်ရှားရှိတုန်း သူတို့စိတ်တိုင်းကျ ထားပေးနိုင်ဖို့လိုတယ်ကွ" ဟူ၍ မိန့်ကြားတော်မူပါသည်။
ဆရာတော်ကြီးသည် ညီမောင်ဘသင်ကို တွက်ကပ်ခြင်းမဟုတ်၊ယခုခေတ် လူကြီးလူငယ်များ မိဘအသက်ထင်ရှားရှိစဉ် တာဝန်ကျေပွန်အောင်ပြုစုဖို့ သူ့ညီမောင်ဘသင်ကို ဆုံးမခြင်းဖြစ်ပါလိမ့်မည်။ခေတ်လူကြီး လူငယ်များ မိဘအပေါ်ဝတ္တရားကျေပွန်နိုင်ကြပါစေ။
အရှင်ရာဇဓမ္မာဘိဝံသ
မဟာနာယကချုပ်ဆရာတော်
မစိုးရိမ်တိုက်သစ်၊မန္တလေးမြို့။
(ဆရာတော်ကြီး၏စာအုပ်မှ စာမူကို ခေါင်းစဉ်ပြောင်း၍ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
မူရင်းcredit ပေးပါသည်
ညောင်ရမ်းသားငွေသိန်း

