ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊
၁ အစိန္တေယျ၊ အပ္ပမေယျ၊ သေဋ္ဌဇေဋ္ဌ၊ အတုလပရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ အနုတ္တရမာရဇိ၊ တိလောကန္တဂူ၊ သယမ္ဘူဘဝိဿရ၊ ဤသို့စသား၊ အသင်္ချေယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဋ္ဌ်ဖြင့်၊ ဇမ္ဗူဒိပ်မှတက်၍၊ ဘဝဂ်တိုင် ကြေညာလျက်၊ ကာမရူပ၊ အရူပဟု၊ သြကာသသုံးရပ်၊ လောက ဓာတ်နှိုက်၊ အမြတ်ထက်အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာ ကဝိန်၊ သုခမိန် တို့သည်။ ပညိန္ဒြေရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍၊ မဆုံးမကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြား ကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော် မူထသော…….
၂ အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ် သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်းငှာမထိုက်၊ မကိုဋ်မင်္ဂလာ၊ ဤကမ္ဘာ နှိုက်၊ ပထမာဒိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြုပြည်ပြု၊ သမ္မုတိ ဒေဝရာဇ်၊ နေနွယ်ဖြစ်၍၊ စင်စစ်အမျိုးတော်အားဖြင့် မြတ်သော ဇာတိ မဟတ္တဂုဏ်။ သုံးဘုံရပ်လုံး၊ ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွတ်ရာဖြစ်၍၊ စင်စစ် ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုညမဟတ္တဂုဏ်။ ဝသုန် သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက်၊ နှိုင်းတုစက် လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည်ဖြစ်၍၊ စင်စစ်ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တ ဂုဏ်။ ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူ တည်းသော အပ္ပဋိ ပုဂ္ဂိုလ် ဖြစ်တော်မူထသော………
၃ ဇမ္ဗူကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင်၊ ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလနှိုက်၊ ကာမလောကဓာတ်၊ ခုနစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်၊ တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေ ကြည်ဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီး လုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီးသေဌ်နင်း၊ မာရ်နတ်မင်းကို ဖြည့်တင်းတော်မူခဲ့ သော ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန်လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင် မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန ဘာဝနာဖြင့်၊ ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာပဇ္ဇနဝသီ၊ ပစ္စဝေက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာနဝသီတည်းဟူသော၊ ဝသီဘော်ငါးတန်ဖြင့်၊ အဖန်ဖန် လေ့လာတော်မူပြီးလျှင်၊ ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဖူးသမျှ၊ ဒေသ ရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုးစသော၊ ပရမတ် ပညတ်တို့ကို၊ တပ်အပ် သိနိုင်စွမ်းသော ပုဗ္ဗေနိဝါသဉာဏ်။ သုံးတန်ဘုံသား၊ အများသတ္တ၊ ဝေနေယျ တို့၏၊ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန်ဌာနနှင့်တကွ၊ ဒူရပဋိစ္ဆန္န၊ သဏှသုခု မဖြစ်သော ရူပါရုံကို၊ အကုန်မြင်နိုင် စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်။ လေးတန် သြဃ၊ အာသဝနှင့်၊ ယောဂဂန္တာ၊ လေးဖြာ ဥပါဒါန်၊ ခြောက်တန်နီဝရဏ၊ အနုသယ ခုနစ်အင်၊ သံယောဇဉ်ဆယ်တန်၊ ခြံရံလျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို စင်စွာ ပယ်ဖြတ်၊ အလွန်မြတ်သောကြောင့်၊ အရဟတ္တမဂ္ဂ၊ အမည်ရသော၊ အာသ ဝက္ခယဉာဏ်။ ဤသုံးတန်သော ဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်၊ လူတမွတ်ဟု၊ မချွတ်သမိုက်အပ်ထ သော-----
၄ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟူသမျှတို့၊ ရခြင်းငှာမထိုက်၊ သုံးတိုက် ဘုံသား၊ အများသတ္တ၊ ဝေနေယျပုဂ္ဂိုလ်တို့၏၊ အလိုဆန္ဒ၊ အာသယကိန်း ဟန်ကို၊ ဧကန် သိမြင်နိုင်သော၊ အာသယာ နုသယဉာဏ်။ ဣန္ဒြေရင့်မရင့်ကို၊ ထောက်ချင့် သိစွမ်းနိုင်သော ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်။ ပရမတ်ပညတ်၊ အရပ်ရပ်လုံးစုံကို၊ အကုန်အစင်၊ သိမြင်နိုင်သော သဗ္ဗညုတဉာဏ်။ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာ ပိတ်ပင်ခြင်းမရှိသော အနာဝရဏဉာဏ်။ ယမိုက်ပြာဋိဟာ၊ လွှတ်ခြင်းအရာ၌၊ လေ့လာတော်မူ နိုင်သော ယမကပါဋိ ဟာရိယဉာဏ်။ သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာ သနားတော်မူသော မဟာကရုဏာ သမာပတ္တိဉာဏ်။ ဤခြောက်တန်သော ဆအသာဓာရဏ၊ ဉာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင် ထွန်းစိုက်တော်မူသည် ဖြစ်၍၊ ဝေးနီးစင်္ကြဝဠာ၊ သမန္တာရပ်၊ လောကဓာတ် တို့ကို၊ ထုတ်ခတ် ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော မျက်စိတော် ငါးလုံးဖြင့်၊ အဆုံးမဲ့ မြင်တော်မူပြီးထသော ………
၅ ပလ္လင်အနိမိသ၊ စင်္ကမမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာ ရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်တော်မူကာ၊ အဘိဓမ္မာခုနှစ်ကျမ်း တွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူ သော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော် အသားတော်၊ အရိုးတော်စု၊ ဝတ္ထုပသာဒိန္ဒြေအလုံး မှ၊ ပြိုးပြုံး ပြိုးပြက်၊ ရိုးရိုးရက်တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ ပဉ္ဇိဌ၊ ပဘာသရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသော ရောင်ခြည်တော်။ ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသော ရောင်ခြည်တော်။ ကသစ်ခေါင်ရန်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ၊ နီသော ရောင်ခြည်တော်။ သာခွာဘော်ကြူ၊ ဖွေးဖွေးလူသကဲ့သို့၊ ဖြူသော ရောင်ခြည်တော်။ ပြာလျှံ၊ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသော ရောင်ခြည်တော်။ ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက် သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော် တည်းဟူသော ရောင်ခြည် တော် ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်း ကွန့်မြူးစေလျက်၊ လ-နေ အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင် စင်္ကြဝဠာ၊ ထွန်းလင်း ဖြာသော ဗြဟ္မာကြီး တို့၏ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်တော်ရောင်တို့ဖြင့် အထောင်အသောင်း သော လောကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီး ထသော………
၆ ပရိဗိုဇ်တက္ကတွန်း၊ ရဟန်းရသေ့၊ မုနေ့အရည်း၊ ဦးပြည်း တပသီ၊ ဗေရာဂီ တို့၏၊ ဝါဒီအလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော၊ သာသနာ့ ဗာဟီ၊ လောကီ သီလတို့ထက်၊ ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလဟု သမုတ်အပ်သော၊ အာပတ်ခုနစ်ပုံကို၊ လုံခြုံစွာစောင့်ကြောင်း ဖြစ်သော ပါတိ မောက္ခသံဝရသီလ။ ဣန္ဒြေခြောက်ပါးကို တားမြစ်ပိတ်ပင် ကြောင်းဖြစ်သော ဣန္ဒိယသံဝရ သီလ။ မိစ္ဆာဇီဝမှ ကြဉ်ခွာလျက် စင်ကြယ်စွာ အသက်မွေးကြောင်း ဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ။ ပစ္စည်း လေးဖြာကို၊ ပစ္စဝေက္ခဏာတင်၍၊ ဆင်ခြင်သုံးသပ်ခြင်း တည်းဟူသော ပစ္စယသန္နိဿိတသီလ။ ဤလေးဝသော စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန် ဖြူစင်၊ မြူမတင်ခြင်းတည်းဟူသော သီလဝိသုဒ္ဓိ။ မဟဂ္ဂုတ် လောကုတ္တရာ ဈာန်၊ မြဲမြံစွာ လေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ။ ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏီညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက် အယူ၏ စင်ကြယ်ခြင်းတည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ။ တစ်ဆယ့်ခြောက်ပါးသော ယုံမှား သင်္ကာကို၊ ဖြတ်ခွာလွန်မြောက်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်းတည်း ဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ။ မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင် သော၊ ဉာဏ်၏ စင်ကြယ်ခြင်းတည်းဟူသော မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ။ မဂ်သို့ ရောက်ကြောင်း၊ အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ။ မဂ်လေးရပ်နှင့်၊ သဟဇာတ် သမ္ပယုတ်ဖြစ်၍၊ သစ္စာလေးတန်ကို၊ ဆယ့်ခြောက်နက် ဝေဖန် ၍၊ ဧကန်သိမြင်နိုင်သော ဉာဏဒဿန ဝိသုဒ္ဓိတည်းဟူသော ဝိသုခုနစ်ပါး၊ တရားဘွဲ့ဖြူ။ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်၊ တဒင်္ဂဝိမုတ္တိ၊ ဝိက္ခမ္ဘနဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိပဿမ္ဘန ဝိမုတ္တိ၊ နိဿရဏ ဝိမုတ္တိ တည်းဟူသော ဝိမုတ္တိ ငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွတ်ကျုံးပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေက မုနိတို့ထက်၊ ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ၊ အတုလမုနိလည်း ဖြစ်တော်မူထ သော…………
၇ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော် ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော် အစိတ်ကို၊ လင်္ကာရိပ်ပြရာ၌ နားပန်တော်အစုံ နှစ်ဖက်မှသည် နဖူးတော် ဆံစသို့ ယှဉ်ကူးကာ တောက်ပသော ဥဏှီသ သင်းကျစ်တော်တစ်ဖြာ-
နာရကာရွှေစင်၊ နဖူးတော်အပြင်၌ စို့သက်တံ့အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရမျက်မှောင်တော်အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင် ခြည်သဏ္ဍာန်၊ တစ်လံဝက်လောက်၊ ဝန်း၍ တောက် သော၊ ဥဏ္ဏလုံမွှေးရှင်-
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ် သဖွယ်၊ သောက်ရှူး ကြယ်တစ်ဝ၊ ရှုကြည့်တိုင်းတောက်ပသော မံသစက္ခု တော်နှစ်ဖြာ-
ပြာယိုးယားပွင့်၊ ရွှေပန်းဆိုင်းဆင့်သကဲ့သို့၊ မမြင့်မမောက်၊ မကောက်မချွန်၊ အလွန်လျှင်ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်-
လျှောက်ပတ်သားနား၊ ကွန့်လွန့်လျားသော ပါးတော်မြတ် နှစ်သွယ်-
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ်လှစွာသော သွားတော်မြတ် လေးဆယ်-
စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ်စသည့် ကိုယ်အင်္ဂါတော်အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်း လျက်၊ ချီးမွမ်းအံ့ဩ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပါယ် တော်မူထသော------
၈ ကာမဘဝါ၊ ဒိဌဝိဇ္ဇော၊ ဩဃလေးဖြာ၊ သံသရာစက်၊ ဝဲဂယက်၌ တဝဲလည်လည်၊ မတည်းမရပ်၊ ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့အလား သို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါဂယက်၊ ဩဃနက်မှ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီ မလစ်၊ မဂ်ဆီညှစ်၍ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်-
ဝိနယသုတ္တန် ဘိဓမ္မံဟု၊ သုံးတန်ပြားလာ၊ သာသနာတော်နည်း အားဖြင့် သုံးရပ်-
ကထာနည်းအားဖြင့် လည်းသုံးရပ်၊ အာဏာဝေါဟာပရမထ္တာ ဟူ၍ လည်း သုံးရပ်-
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ်ဒေသနာတော်သုံးပါး တို့ကို၊ ဟောကြားမြွက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ် တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော-
၉ ခပ်သိမ်းသော တရားအပေါင်းကို မိမိအလိုလို၊ ကိုယ်တော်တိုင် သာလျင်၊ ကောင်းစွာ ထင်ထင် သိမြင်တော်မူသည်ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့၊ ကူးစေဖို့ငှာ၊ ဒေသနာရေအေး၊ နိဗ္ဗာန် တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေးဖျန်းဆွတ်တော်မူသည်၏ အဖြစ်ကြောင့်၊ လောကသုံးရပ်၊ ဘုံသုံးထပ်၌ ယှဉ်ကပ်သော်လည်းမနိုင်၊ ပြိုင်သော်လည်းမတူ၊ တစ်ဆူးတည်းသာလျှင် ဖြစ်တော်မူထသော------
၁၀ ဤမဟာဘဒ္ဒ၊ ကမ္ဘာမ၌ ကကုသန္ဓာ၊ ကောဏာဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့၊ ထီးဖြူအရဟတ္တ ဖိုလ်၊ ရိပ်ခိုနန်းမြင့်၊ သုံးကြိမ်းဆင့်၍၊ ပွင့်တော်မူကြကုန်ပြီးသည့်နောက်-
လေးဆင့်မြောက်အကျ၊ စတုတ္ထအောင်ပွဲတွင် ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဉာဏခိုင်ဖြီး၊ ဉာဏ်တော်ကြီးကို၊ ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ပွင့်မြောက်တော်မူသည်၏ အဖြစ် ကြောင့် ဗြဟ္မာ နတ်လူ၊ သုံးဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာ ဖြင့်၊ သာယာစွာဆုံးမ၊ ဟောပြ တော်မူသည်လည်း ဖြစ်တော်မူထသော-
၁၁ ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလူမင်း၏၊ ခြေရင်းတော် အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ်ပန်းကို၊ ဆွတ်လှမ်းခံယူ တော် မူစင်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမန်ဖြင့်၊ နိဗ္ဗာန် သို့ကူးယူလျှင်၊ ရလောက်တော်မူပါလျက်-
“တစ်ယောက်တည်းငါတစ်မူ၊ နိဗ္ဗာန်ကိုယူချေလျှင်၊ ဘယ်တွင် အကျိုး မရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညုရွှေဉာဏ်ကို၊ သွေမလှည်ငါရမှ၊ တရားမြတ် ဖောင်စကြာဖြင့်၊ သတ္တဝါဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ၊ ကျွန်းခေမာသို့၊ တင်ဆောင်ကာပို့မည်”ဟု၊ “တိဏ္ဏောတာ ရေယျံ၊ ဗုဒ္ဓေါဗောဓေယျံ မုတ္ထောမောစေယျံ” သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍၊ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်-
လေးအသင်္ချေ လွန်လေကုန်မြောက်၊ ကမ္ဘာတစ်သိန်းအလွန်သို့ ရောက်အောင်၊ လူသာမန်ပုဂ္ဂိုလ်တို့၊ အလွန်တရာဖြည့်ကျင့် ရှာမှီးနိုင်ခဲ့သော၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါး စသော သမ္မာသမ္ဗောဓိ အဖြစ် တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီးထသော-------
၁၂ ဂင်္ဂါဝါဠု သဲစုမြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန် သော၊ ဆူဆူမြတ်စွာ၊ စောသတ္တာတို့၏၊ သွားရာလမ်းကြောင်း၊ စရိုက် ကောင်းမူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဗာဟုဿစ္စ၊ ဝီရိယ၊ ပညာ၊ လေးဖြာဈာန်တည်းဟူသော စရဏတရား တစ်ဆယ့်ငါးပါးတို့ကို၊ အားသစ် ကျင့်ဆောင် တော်မူသဖြင့်၊ သယမ္ဘူတကာ၊ ပြည့်စုံရာသား၊ နာနာကုလ တို့၏၊ ဝေါဟာရ၊ သဒ္ဒါအနက်ကို၊ အချက်ကျသိနိုင်သော အတ္ထပဋိသမ္ဘိဒါ။ ဝါစာဂီရတ်၊ နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှတို့က၊ ဧကန္တသိနိုင်သော ဓမ္မပဋိသမ္ဘိဒါ။ တစ်ခုတစ်ခု သော ပုဒ်အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ်, ဝစနတ်, ဓာတ်, ပစ္စည်း, လိင်အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိပဋိသမ္ဘိဒါ။ ကိုယ်တိုင်သိသမျှ တရား တို့ကို၊ သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါပညတ်သို့တင်၍၊ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါလေးပါး။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတော ပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာ ကမ္မပဂ၊ အနာဂတံသတည်းဟူသော အဘိညာဉ်ခုနစ်ပါး။ ရူပဈာန်လေးရပ်၊ အရူပဈာန် လေးရပ်အားဖြင့်၊ သမာပတ်ရှစ်ပါး။ ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး။ ထူးပြားဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ။ ထိုမျှဂုဏ်ကို၊ ဥဿုံ စိုးပိုင်တော်မူ ပြီးထသော
၁၃ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရ မာရ် ဤငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊ စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တည်းဟူသော သတိပဋ္ဌာန်လေးပါး။ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ်ကံ ကို တစ်ဖန် အသစ်မဖြစ်စေခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင် လုံ့လပြု ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွားစည်ပင် စိမ့်သောငှာ၊ လွန်စွာလုံ့လပြုခြင်းတည်း ဟူသော သမ္မပ္ပဓာန်လေးပါး။ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ တည်းဟူသော ဣန္ဒြေငါးပါး။ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင်ခုနှစ်ပါး။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး။ ဤသို့ အားဖြင့်၊ ပိုင်းခြား တွက်ဖွဲ့၊ သုံးဆယ့်ခုနစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိ ပက္ခိယ၊ ဓမ္မအကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီးဗိုလ်ချုပ် တင်လျက်၊ အသင်္ချေချေ၊ တွက်ရေမဆုံး၊ ပတ်ကုံးကိလေသာ၊ မာရ်ဗိုလ်ပါ တို့ကို၊ ဆံလွှာမကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်း အောင်မြင်တော် မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင် ဖွင့်စွင့်၊ ဖွင့်တော်မူပြီးထသော…
၁၄ လေးအသင်္ချေ၊ လွန်လေတစ်သိန်း၊ တွက်ကိန်းများလှ၊ ကပ်ထိုမျှ ၌၊ လုံ့လကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမ ပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန် ကြောင့်၊ လူ့ဘုံစံ ပျော်၊ အလောင်းတော် ဖြစ်ခါစပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ ပဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက် ဆယ်ဆ တက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျားဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကာယ ဗလ၊ ဌာနာဌာန ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိ ဉာဏ်၊ ဣန္ဒိယပရောပရိယတ္တိဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် တည်းဟူသော ဆယ်ပါးသော ဉာဏဗလကို ရတော်မူသည်ဖြစ်၍၊ လူ့ပြည် နတ်ရပ်၊ ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။ လောကုတ္တရာတရား၊ မြတ်ကိုးပါးသို့၊ ထင်ရှားစွာ ရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်။ နရက် ဘဝဂ်၊ အောက်ထက် ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စောတော်မူခြင်း တည်းဟူသော ယသဘုန်းတော်။ သုံးဆယ့် နှစ်ပါး၊ သမိုက်ထားသော၊ ယောက်ျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါ မြုတေ၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သီရိဘုန်းတော်။ အလိုတော် ရှိသမျှ၊ တစ်ခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်းတည်းဟူသော ကာမဘုန်းတော်။ နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို၊ ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ပယတ္တဘုန်းတော်။ ဤခြောက် ဖော်သော၊ ဘုန်းတော်အမြတ်၊ ဂုဏ်အရ ဟတ်ဖြင့်၊ လောကဓာတ်လုံး၊ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါဟူသော ဘွဲ့ပုံတော်အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပအပ်သည် လည်း ဖြစ်ထသော -
၁၅ အဍ္ဎဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တဘဝ၊ ဖြစ်ဖြစ်သမျှတို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်းဟူသော စွန့်ခြင်းကြီး ငါးအင်ကို၊ မဂ္ဂင် ဖောင်ပျံ၊ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်းလွန်မောက်၍၊ အထောက် မတန်ပြုခဲ့သော၊ ဟေတု သမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အနိမာ၊ လင်္ဃိမာ၊ မဟိမာ၊ ပတ္တိမာ၊ ပါကမ္မ၊ ဤသိတာ၊ ဝသိတာ၊ ယတ္ထကာမာဝသယိတာဟူသော ဘာသာ မဂဓို၊ ရာဇဂြိုဟ် ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော် ကို၊ ငယ်အောင်ဖန်ဆင်းတော်မူနိုင်ခြင်း။ ရေပြင် မြေမိုး၊ ပျံလျှိုးငုပ်လွှား၊ သွားတော်မူ နိုင်ခြင်း။ ကြီးစေလိုက၊ မြင်းမိုရ်ပြန်ရာ၊ ထို့ထက်သာ၍၊ စကြဝဠာတိုက်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော် ပြည့်အောင်၊ တရှိထိုင် တော်မူနိုင်ခြင်း။ မြေထုရေထု၊ မေရုပဗ္ဗတာ သီလာတောင်ထပ်၊ အတွင်း ရပ်ကို၊ ကျဉ်းကျပ်ပိတ်ဆီးခြင်းမရှိ ပကတိကောင်းကင်၊ ဟင်းလင်းပြင် ကဲ့သို့၊ လျှိုဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း။ မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာကမ္မ၊ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း။ သုံးဆယ့်တစ်ဘုံ၊ အလုံးစုံကို၊ ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း။ လောကီ ဈာန်ရပ်၊ သမာပတ်ကို၊ မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း။ သက်မရှိသည့်၊ ဂီရိဗဟို၊ တောင်မြင်းမိုရ်မှလည်း၊ လိုတော်လိုက်ကာ၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော တန်ခိုး တော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်း မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက် သော စကြဝဠာတိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်း စိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ။ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံး တန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရားအစစ်လည်း ဖြစ်တော်မူထ သော……
၁၆ လောကသုံးရွာ၊ သတ္တဝါတို့၏ ခန္ဓာရုပ်နာမ်ဝယ်၊ အဖန်ဖန်ကပ်ငြိလျက်၊ ဖိစီးနှိပ်စက် တတ်သော၊ ပီဠနအနက်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားလေးပါး တို့သည်၊ ပြုပြင်စီရင်အပ်သော သင်္ခတ အနက်။ မရောင့်ရဲစွာ၊ သတ္တဝါတို့ကို လောင်ဆာပူပန် စေတတ်သော သန္တာပ အနက်။ ဇရာ၊ မရဏ၊ သောက၊ ပရိဒံ(ပရိဒေဝ)တို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမအနက်တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ၏ အနက်တို့ကို လည်းကောင်း။ အစမထင်၊ သင်္သရာ၌၊ လူးလာ စုန်ဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်။ ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလဖြစ်သော၊ နိဒါနအနက်။ ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော သံယောဂ အနက်။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာ ကို၊ ဆီးကာတားမြစ်တတ်သော ပလိဗောဓ အနက်တည်းဟူသော လေးပါးသော သမုဒယသစ္စာ၏ အနက်တို့ကိုလည်းကောင်း။ သံသရာဝဋ်မှ၊ ထွက်လွတ်ကူးမြောက်ပြီးသော နိဿရဏအနက်။ သင်္ခါရတို့မှ ဆိတ်သော ဝိဝေက အနက်။ ပြုပြင်ခြင်းကင်းသော အသင်္ခတအနက်။ သေခြင်းစသော ဒုက္ခခပ်သိမ်းမှ၊ ကင်းငြိမ်းချမ်း သာသော အမတအနက် တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက်တို့ကို လည်းကောင်း။ ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာထွက်မြောက်တတ်သော နိယျာနိကအနက်။ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော ဟေတုအနက်။ နိဗ္ဗာန်ကိုမြင်တတ်သော ဒဿနအနက်။ သင်္ခါရ တရား မျိုးတို့ကို အစိုးရသော အဓိပတေယျအနက် တည်းဟူသော လေးပါးသော မဂ္ဂသစ္စာ၏ အနက်တို့ကိုလည်းကောင်း။ အကြောင်းအကျိုးအားလျော်စွာ၊ လေးသစ္စာတို့ကို၊ ဒဿနာကာရဖြင့်၊ သောဠသဝေဖန်၍၊ ရွှေဉာဏ်ထင်ထင်၊ ရွှေလက်တင် ပတ္တမြားကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့် အလျောက်၊ အထောက်အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်း ထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန် တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူတတ်သော သုံးရပ်လုံးဆရာ၊ ဒေဝါဓိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရ သင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို၊ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ ဝန္ဒာမိ၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ ဘုရား။
(ဝန္ဒဝန္ဒာမိ၊ ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား)
သုခီ အတ္တာနံပရိဟရန္တု။

ဦးအေးထွန်း(ဓမ္မဒါန)