ကျွန်တော်တို့ အားလုံး ထာဝရ ခရီးသွားများဖြစ်ကြသည်။ သို့သော် ထိုခရီးသည် ကျွန်တော်တို့ သွားသည် ဖြစ်စေ၊ မသွားသည်ဖြစ်စေ တစ်ချိန်တွင် အမှန်ရောက်မည့် ခရီးဖြစ်သည်။ ကျွန်တော်ပြောလို သည်က သွားမှ ရောက်မည့် ခရီးများအကြောင်းဖြစ်သည်။
ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးဖြစ်သွားပြီဆိုသော စကားသံ တို့ ကျယ်လောင်လာခဲ့ပြီ ဖြစ်သည်။ အတိတ်ကာလက လချီ၊ နှစ်ချီကြာအောင် သွားခဲ့ရသော ခရီးတို့သည် ယခုအခါတွင် နာရီပိုင်းအတွင်း ရောက်နိုင်သည့် ခရီးအဖြစ်ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဆက်သွယ် သွားလာရ ပိုမိုချောမွေ့လာသည် နှင့်အမျှ ကမ္ဘာအဝှမ်းခရီးသွားလာသူတို့ ပို၍များပြားလာခဲ့ကြသည်။
တချို့က ပြည်တွင်းခရီးသွားများဖြစ်သည်။ တချို့တွေကတော့ ပြည်တွင်းသာမက ပြည်ပသို့ပါ ခြေဆန့်ကြ သူများဖြစ်သည်။ ခရီးသွားဖြစ်စေသည့် အကြောင်းခြင်းရာများကလည်း မျိုးစုံဖြစ်သည်။ ၎င်းတို့ ထဲမှ တချို့ကို ဖော်ပြရလျှင် အားလပ်ရက် ခရီးသွားခြင်း၊ စီးပွားရေးကိစ္စအတွက် ခရီးသွားခြင်း၊ မရောက် တာ ကြာပြီဖြစ်သည့် ဆွေမျိုးမိတ်ဆွေများထံသို့ ခရီးသွားခြင်း၊ ဘုရားဖူးခရီးသွားခြင်း၊ အားကစားပွဲတော် များသို့ ခရီးသွားခြင်း၊ လွှတ်တော် ရှိရာ၊ ညီလာခံများ ကျင်းပရာသို့ ခရီးသွားရခြင်း၊ ကျန်းမာရေးအတွက် အပမ်းဖြေရန် ခရီးသွားရခြင်း၊ စာတမ်းပြုစုရန်၊ သတင်းအချက်အလက်စုစည်းရန်အတွက် ခရီးသွားရခြင်း၊ ပြပွဲများပြသရန် ခရီးသွားရခြင်းနှင့် စာပေဟောပြောပွဲများ၊ အစည်းအဝေးပွဲများ ကျင်းပရန် ခရီးသွားရခြင်း တို့ဖြစ်သည်။
ခရီးသွားရသည့် အကြောင်းခြင်းရာများ များပြားသည်နှင့်အမျှ ခရီးသွားသူဦးရေလည်း တစ်နေ့တစ်ခြား တိုးပွားများပြားလာသည်။ ထိုများပြားလှသည့် ခရီးသွားများအနက်မှ အနည်းဆုံးမှာ လူငယ်၊ လူရွယ်များဖြစ်သည်။ မိမိသဘော ဆန္ဒအလျောက် ဒေသန္တရဗဟုသုတအလို့ငှာ ခရီးသွားသူ အလွန်နည်းသည်။ မိဘနှင့်အတူလိုက်ကာ ဘုရားဖူးခရီးထွက်သူများ၊ ဆွေမျိုးများထံ အလည်သွားသူများ သာ များသည်။
နိုင်ငံခြားတိုင်းပြည်များမှ (၁၈)၊ (၂၀) အရွယ်လူငယ်များ ကျောပိုးအိတ်တစ်လုံးဖြင့် ကျွန်တော်တို့ နိုင်ငံသို့ ဒေသန္တရဗဟုသုတအဖြစ် ခြေဆန့်နေကြချိန်တွင် ကျွန်တော်တို့လူငယ်အများစု ခြေဆန့်ဖြစ်ကြ သည်က လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်သို့ ဖြစ်သည်။
ဟိုယခင်ကဆိုလျှင် တက္ကသိုလ်ဌာနအသီးသီးမှ မှန်လုံကားကြီးများဖြင့် လေ့လာရေးခရီးထွက် တတ်ကြ သော်လည်း ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးမထွက်ဖြစ်ကြတော့။ ဆရာသမား၊ လူကြီးမိဘများ စီစဉ်ပေးမှ ခရီးထွက်နိုင်သည်ဟူသော အမြင်များကိုပြောင်းကာ မိမိနှင့် ဆန္ဒတူသူ သူငယ်ချင်း ငါးယောက်၊ ဆယ်ယောက် စသဖြင့်စုဖွဲ့ကာ ခရီးထွက်နိုင်သည်။ ခရီးထွက်သင့်သည်။
ကျွန်တော်တို့ နိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် တန်ခိုးကြီးဘုရားများ၊ ထင်ရှားသည့် ပွဲတော် များ၊ ထင်ရှားကျော်ကြားသည့် နေရာများ၊ သွားရောက်လေ့လာနိုင်သည့် ရှေးဟောင်းမြို့တော်များ၊ သွားရောက်လေ့လာသင့်သည့် ရှေးဟောင်းအမွေအနှစ်များ များစွာရှိသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ခရီးထွက် လျှင်ပင် (၇)နှစ်ခန့် ခရီးလှည့်၍ ရသောနိုင်ငံဖြစ်သည်။ ကမ်းခြေကို သွားနိုင်မှ၊ ဘန်ဂလိုတွင်တည်းနိုင်မှ ခရီးထွက်ခြင်းမည်သည် မဟုတ်ကြောင်းကို သတိပြုသင့်သည်။
နိုင်ငံခြားတိုင်းပြည်များမှ ကျောပိုးအိတ်တစ်လုံးဖြင့် ရောက်လာကြသည့် (Budget Traveler) များကို မြင်ဖူးကြမည် ထင်ပါသည်။ သူတို့တတွေ တည်းခိုသည့်အခါ စျေးအသက်သာဆုံးသော ဟိုတယ်ကို တည်းသည်။ တချို့နေရာများတွင် ယာဉ်၊ ရထားမစီးဘဲ ခြေလျင်သွားသည်။ အဝတ်အစား နှစ်စုံ၊ သုံးစုံခန့် ဖြင့် ကမ္ဘာလှည့်ကာ ဒေသန္တရ ဗဟုသုတရှာနေကြသူများဖြစ်သည်။
လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို စာပေကိုကြည့်၍ ဆုံးဖြတ်နိုင်သည်ဟု ဆိုကြသည်။ လူမျိုး တစ်မျိုး၏ အမြင်ကျယ်မှုကို ၎င်းတို့၏ ခရီးသွားစာပေများကိုကြည့်၍ သုံးသပ်လျှင် ရနိုင်လောက်သည်ဟု ဆိုချင်ပါသည်။ စာဖတ်ခြင်းသည် ပြည့်ဝစေပါသည်။ လက်တွေ့လူမှုဘဝတွင် တွေ့ကြုံလာရသည့် အခြေ အနေများနှင့် ဆက်စပ်အသုံး ချနိုင်မှသာ စာဖတ်ခြင်း၏ အကျိုးကို ပြည့်ဝစွာ ခံစားရနိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် စာအုပ်ကြီးသမားဟူ၍ နှိမ့်ချခေါ်ဝေါ်ခံရမည် ဖြစ်သည်။ စာအုပ်ထဲမှ အသိပညာ ဗဟုသုတတို့ကို အသုံးချနိုင်ရန်အတွက် ကျွန်တော်တို့အားလုံး ခရီးသွားသင့်သည်။
ခရီးသွားခြင်းကြောင့် ဝန်းကျင်အပြောင်းအလဲဖြစ်ကာ စိတ်အာရုံတက်ကြွလန်းဆန်းလာနိုင်ပါသည်။ အကြံသစ်၊ ဉာဏ်သစ်များလည်း ထွက်လာနိုင်ပါသည်။ ထို့ကြောင့်ပင် စာရေးဆရာအများစု ခရီးသွားရင်း စာတွေရေး ကြခြင်းဖြစ်သည်။ လုပ်ငန်းရှင်ကြီးများ အပန်းဖြေခရီးအမည်တပ်ကာ ခရီးများသွားနေကြခြင်း ဖြစ်သည်။
ခရီးတစ်ခုသည် မည်မျှပင် ပြင်ဆင်ထားသည်ဆိုစေဦး လမ်းခရီးတွင် ထင်မှတ်မထားသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများ ရှိနေနိုင်သည်။ ထိုအရာများကို သင်ဘယ်လိုကျော်ဖြတ် သည်ဆိုသည်က သင့်ဘဝအတွက် စမ်းသပ်ချက်ဖြစ်သည်။ လက်တွေ့ဘဝထဲမှ သင်ကံကောင်းစွာနှင့် ရရှိလိုက်သည့် သင်ခန်းစာလည်းဖြစ်သည်။ အခက်အခဲတစ်စုံတစ်ရာကြုံသည်နှင့် ဝိုင်းဝန်းအဖြေရှာကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်တစ်ခုကိုလည်း ရရှိလာမည်ဖြစ်သည်။ ထိုအထဲမှ မည်သူ ခေါင်းဆောင်၊ မည်သူနောက်လိုက်ဆိုသည်လည်း ကွဲပြားသွားနိုင်သေးသည် မဟုတ်လား။ ထို့ကြောင့် ခရီးသွားခြင်းဖြင့် အတွေ့အကြံုသစ်၊ ဗဟုသုတသစ်များကို ရရှိနိုင်ပါသည်။
ကျွန်တော်တို့ လူငယ်လူရွယ်များအားလုံးသည် အသစ်အသစ်တွေကို ဖန်တီးနိုင်ရန်အတွက်ဖြစ်စေ၊ ဒေသန္တရ ဗဟုသုတအတွက်ဖြစ်စေ၊ စိတ်ဓာတ်ခွန်အားဖြည့်တင်းရန်အတွက်ဖြစ်စေ တစ်နှစ်လျှင် အနည်း ဆုံး ခရီးတစ်ခုတော့ ထွက်ဖြစ်အောင် ကြိုးစားသင့်သည်။ ခရီးထွက်ဖြစ်ရန်လည်း အားထုတ်သင့်သည်။ ပြည်ပခရီးထွက်နိုင်လျှင်မူကား အတိုင်းထက်အလွန် ဖြစ်တော့သည်။
ချင်းတွင်းဂျာနယ်



