အသက်တွေ ကြီးလာသည့်အခါ

💠💠💠💠💠💠💠💠💠💠

အသက်တွေကြီးလာသည့်အခါ ခေါင်းထဲကို သောကများထက်၊ အသိပညာကိုသာ ထည့်ချင်လာသည်။ တည်ငြိမ်အေးချမ်းမှုကို ရှာချင်လာသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကို ကင်းသည်ထက် ကင်းစွာနေလိုလာသည်။

တရားရှာ ကိုယ်မှာတွေ့

ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရင်းကလည်း တရားတွေအများကြီး ရနေသည်။ အတွေးအမြင်တွေ ပြောင်းလာသည်။

- ၁ သိန်းတန် နာရီနှင့် ၁ သောင်းတန်နာရီ ဘယ်ဟာယူမည်ဟု မေးလာလျှင် ၁ သောင်းတန်ကိုပဲ ယူမည်။ (နာရီဆိုသည်မှာ တန်ဖိုးကြီးရန်မလို၊ အချိန်မှန်ရန်လိုသည်ဟု တွေးလာသည်။)

- ၁ သိန်းတန် ပိုက်ဆံအိတ်နှင့် ၁ သောင်းတန် ပိုက်ဆံအိတ် ဘယ်ဟာယူမည်နည်းဟု ပေးလာလျှင် ၁ သောင်းတန်ကိုပဲ ယူမည်။ (၁ သိန်းတန်အိတ်ထဲ ပိုက်ဆံထည့်လည်း တန်ဖိုးတက်မသွား၊ ၁ သောင်း တန် အိတ်ထဲ ပိုက်ဆံထည့် ထားလည်း တန်ဖိုး နိမ့်မသွား၊ တန်ဖိုးချင်းအတူတူဟု တွေးလာသည်။)

- ကော်ဖီတစ်ခွက် ၃၀၀၀ တန်နှင့် တစ်ခွက် ၃၀၀ တန် ဘယ်ဟာ သောက်မလဲ မေးလာလျှင် (အရသာ ကွာမှန်းတော့ သိသည်၊ ၃၀၀ တန်လောက်နှင့် ကျေနပ်မိမည်။)

- အိမ်ကြီးကြီးနှင့် အိမ်ခန်းလေးတစ်ခန်း ဘယ်မှာနေမည်နည်းဟု ရွေးချယ်ခိုင်းလျှင် (တိတ်ဆိတ်ပြီး အေးချမ်းသည့် အခန်းလေးတစ်ခန်းကိုပဲ ရွေးမည်။ ကိုယ့်အတွက် အထီးကျန်စွာဖြင့် ငြိမ်းချမ်းခြင်းက လိုအပ်သည်။)

အသက်တွေကြီးလာသည့်အခါ

ပကာသနတွေက အလကားဖြစ်လာသည်။ လေယာဉ်စီးလျှင် အမြန်ဆုံးရောက်သည်မှာ မှန်သော်လည်း ကားစီးကာ ခရီးအဝေးကြီးကို အကြာကြီးငေးပြီး သွားချင်လာသည်။ 

အသက်တွေကြီးလာသည့်အခါ

သားသမီး မြေးမြစ်တွေကို သံယောဇဉ်တွေ တစ်ခုချင်းဖြတ်ချင်လာသည်။ ချစ်တော့ချစ်သည်။ သူတို့ကို အချိန်ပေးရခြင်းထက် ကျန်သောကာလလေးတွေကို လုပ်စရာတွေ လုပ်သွားနိုင်ရန် စီမံချက်တွေ ချရမည်။ ငိုသံတွေ၊ ရယ်သံတွေကို စက်ဆုပ်မုန်းတီးလာသည်။ ရန်ဖြစ်ရမည်၊ စကားတွေ အများကြီးပြောရမည်၊ ငြင်းခုန်ရမည်ကို ကြောက်လာသည်။

အသက်တွေကြီးလာသည့်အခါ

သားသမီးတွေကို မှာခဲ့ချင်သည့် ပြေစရာစကားတွေ အများကြီးရှိလာသည်

(၁) ကလေးတွေကို ချမ်းသာအောင် အတင်းမလုပ်ခိုင်းပါနှင့်။ သူတို့ မလုပ်ချင်သည်ကို အတင်း မလုပ်ခိုင်းပါနှင့်။ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာမှုက အားလုံးထက်အရေးကြီးသည်။ အရာရာကို ငွေနှင့် တန်ဖိုးဖြတ်၍မရနိုင် ကြောင်း သူတို့ကောင်းစွာ သိပါစေ

(၂) အစားအစာကို ဘေးဖြစ်အောင် မစားပါစေနှင့်။ အစာလည်းဆေး၊ ဆေးလည်းအစာ၊ ကျန်းမာစွာ စားသောက်နေထိုင်နိုင်ရေးက အရေးကြီးကြောင်း သင်ပေးပါ။

(၃) လူဖြစ်ခြင်းနှင့် လူပီသအောင်နေထိုင်ခြင်းတို့ မတူကြောင်း ရှင်းပြပါ။ 

“မြန်မြန်ရောက်ချင်လျှင် တစ်ယောက်တည်းလျှောက်ပါ”

“ဝေးဝေးရောက်ချင်လျှင် နှစ်ယောက်တွဲလျှောက်ပါ”

အသက်တွေကြီးလာသည့်အခါ

သဘာဝဆရာဝန်ကို အားကိုးရန်လိုလာသည်။ သဘာဝဆရာဝန်ဆိုသည်မှာ

၁။ နေရောင်ခြည်

၂။ အနားယူခြင်း

၃။ လေ့ကျင့်ခန်းယူခြင်း

၄။ ကြေညက်လွယ်သောအစာများကိုစားခြင်း

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း

၆။ မိတ်ကောင်းဆွေကောင်းများနှင့်အတူနေထိုင်ခြင်း

၇။ အကောင်းမြင်ခြင်း

၈။ ပြုံးခြင်း၊ ရယ်ခြင်း

(Advice from the Old)

တင်ညွန့်
၆.၁၀.၂၀၂၀
#ဆရာတင်ညွန့် fbအကောင့်မှ ကူးယူထားပါသည်။

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
ခိုင်နီလာမောင်