အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ၏ လူသိနည်းသောအချက်များ
====================
အီဂျစ်ဘုရင်မကလီယိုပက်ထရာ (Cleopatra) ဟာ သမိုင်းတစ်လျှောက် ထင်ရှား ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ။ အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးဖာရိုဘုရင်မဖြစ်တာကြောင့်သာမက ဉာဏ်ပညာထက်မြက်မှု၊ ဆွဲဆောင်မှုရှိမှုတို့ကြောင့်ရော သမိုင်းမှာအရေးပါခဲ့တဲ့ ဂျူးလိ ယက်ဆီဇာနဲ့ မက်(ခ်)အန်တိုနီတို့နဲ့ အချစ်ဇာတ်လမ်းရယ်ကြောင့်ပါ ကျော်ကြားခဲ့တာပါ။
ကလီယိုပက်ထရာဆိုရင် မြင်သူငေးရလောက်အောင်လှတဲ့သူ၊ သူရဲ့အလှမှာ ခုနစ်ပြည်ထောင်မင်းတွေတောင် ကျရှုံးရတဲ့သူအဖြစ် ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ရေး ဖွဲ့ဖော်ပြထားကြပေမယ့် တကယ်တမ်းမှာတော့ ကလီယိုပက်ထရာကစာဖွဲ့ရလောက် အောင် မလှပါဘူး။ ရုပ်ရည်အားဖြင့် လှပသူမဟုတ်ပေမယ့် စကားပြောကောင်းပြီး စကား၊ အသံ၊ အမူအရာ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်နိုင်သူပါ။ ဉာဏ်ထက်မြက်ကာ ဘာသာစကားအများကြီးလည်း ပြောတတ်ပါတယ်။
အီဂျစ်မင်းဆက်မှာ ကလီယိုပက်ထရာကတစ်ယောက်တည်းမဟုတ်ဘဲ စုစုပေါင်း ခုနစ်ယောက်တောင်ရှိခဲ့တာပါ။ လူအများသိကြတာကတော့ ကလီယိုပက်ထရာနံပါတ် (၇)ပါ။
ကလီယိုပက်ထရာဆိုတဲ့အမည်က “အဖေ့ရဲ့ကျက်သရေ” လို့ အဓိပ္ပာယ်ရပါ တယ်။
ဒါကြောင့်လည်း တိုလမီမင်းဆက်မှာ သမီးမိန်းကလေးမွေးတာနဲ့ ဒီနာမည်မှည့် တတ်ကြပါတယ်။ သားလေးမွေးရင်တော့ တိုလမီ (Ptolemy) လို့ပေးတတ်ကြပါတယ်။
တိုလမီမင်းဆက်မှာ တော်ဝင်သွေးကို တခြားသွေးတွေနဲ့ မရောစေချင်တာကြောင့် မောင် နှမအချင်းချင်း ပြန်ပေးစားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း တိုလမီနဲ့ကလီယိုပက် ထရာနာမည်တွေက ဒီမင်းဆက်မှာ ထပ်ခါတလဲလဲပြန်လည်အသုံးပြုလေ့ရှိကြတာပါ။
ကလီယိုပက်ထရာက အီဂျစ်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ အီဂျစ်ဘုရင်မဖြစ်ပေမယ့် အီဂျစ် လူမျိုးမဟုတ်ပါဘူး။ ဂရိအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ အလက်ဇန္ဒားသည်ဂရိတ်ရဲ့တပ်ထဲက မာစီဒိုးနီးယန်း-ဂရိလူမျိုးဗိုလ်ချုပ်တိုလမီကနေ ဆင်းသက်လာတာပါ။ တိုလမီမင်း ဆက်က ဘီစီ ၃၀၅ ကစကာအုပ်ချုပ်ခဲ့တဲ့ အီဂျစ်နိုင်ငံရဲ့နောက်ဆုံးမင်းဆက်ပဲဖြစ်ပါတယ်။
ကလီယိုပက်ထရာဟာ သူ့ရဲ့မောင်တော်အရင်းနှစ်ယောက်နဲ့ လက်ဆက်ပြီး တိုင်း ပြည်ကိုအတူတကွအုပ်ချုပ်ခဲ့ရတဲ့ အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးဘုရင်မကြီးပါ။ ကလီယို ပက်ထရာကို ၆၉ ဘီစီမှာ ဖွားမြင်ခဲ့ပြီး ၁၈ နှစ်သမီးအရွယ်မှာ ဖခမည်းတော်တိုလမီ (၁၂)ဘုရင်ကြီးနတ်ရွာစံသွားပါတယ်။ နတ်ရွာမစံခင်မှာ ထီးနန်းဆက်ခံမယ့်သားတော် တိုလမီ (၁၃) က အသက် ၁၀ နှစ်အရွယ်ပဲရှိသေးတာကြောင့် သမီးတော်ကလီယို ပက်ထရာနဲ့ အတူတကွ တိုင်းပြည်ကိုအုပ်ချုပ်ဖို့အပ်နှင်းခဲ့ပါတယ်။ တိုလမီမင်းဆက် တို့ရဲ့ ထုံးစံအတိုင်းသားတော်နဲ့ သမီးတော်တို့ကို လက်ဆက်ပေးခဲ့လို့ မောင်အရင်းရဲ့ မိဖုရားဖြစ်လာပါတယ်။
၂ နှစ် ၃ နှစ်အကြာမှာ တိုလမီ (၁၃) က သူ့အစ်မတော်မိဖုရားက သူ့ကိုထိန်းချုပ် ဖို့ကြိုးစားနေတယ်လို့ခံစားရလို့ ကလီယိုပက်ထရာကို ဖြုတ်ချဖို့ ကြိုးစားပါတယ်။
ကလီယိုပက်ထရာက တခြားနယ်ကို သွားရှောင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ဂျူးလိယက် ဆီဇာရဲ့အကူအညီနဲ့ ထီးနန်းကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ တိုလမီ (၁၃) နတ်ရွာစံ သွားတဲ့အခါ မောင်အငယ်ဖြစ်သူတိုလမီ (၁၄) နဲ့ လက်ဆက်ပြီး နိုင်ငံကိုအတူတကွ အုပ်ချုပ်ခဲ့ကြရပြန်ပါတယ်။ ဒါပေမဲ့လည်း ဒီလင်တော်မောင်လည်းသက်ဆိုးမရှည်ပါဘူး။ ၃ နှစ်အကြာမှာ နတ်ရွာစံခဲ့ပြန်ပါတယ်။
ကလီယိုပက်ထရာဟာမောင်တော်နှစ်ယောက်နဲ့သာ လက်ဆက်ခဲ့ရတာမဟုတ် ပါဘူး။
သမိုင်းမှာအလွန်ထင်ရှားကျော်ကြားပြီး ရောမအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ ဂျူးလိယက်ဆီဇာနဲ့ သားတစ်ယောက်၊ မက်(ခ်) အန်တိုနီနဲ့ အမြွှာသမီး၂ယောက်၊ သားတစ်ယောက်ကိုပါ ဖွားမြင်ခဲ့သူပါ။ ကလီယိုပက်ထရာဟာ တိုလမီ (၁၃)နဲ့ အာဏာ လုပွဲဖြစ်နေချိန်မှာ အီဂျစ်ပြည်ကို ခဏတာရောက်နေတဲ့ ဂျူးလိယက်ဆီဇာကို အရူးအ မူးချစ်မြတ်နိုးအောင် ဆွဲဆောင်ဖြားယောင်းနိုင်ခဲ့ပါတယ်။
ဆီဇာရဲ့အကူအညီကြောင့် သာစစ်နိုင်ပြီးထီးနန်းကို ပြန်လည်ရယူနိုင်ခဲ့တာပါ။ ရောမအင်ပါယာအတွင်း မငြိမ်မ သက်ဖြစ်ကာ ဆီဇာလုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း နှစ်အနည်းငယ်အကြာမှာတော့ ဆီဇာ ရဲ့စစ်သူကြီးလည်းဖြစ် လက်ရုံးလည်းဖြစ်တဲ့ မက်(ခ်)အန်တိုနီနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ မက်(ခ်)အန်တိုနီကလည်း ခေသူမဟုတ်ပါဘူး။ ဆီဇာလုပ်ကြံခံရပြီးနောက် ရောမအင် ပါယာကို သုံးပွင့်ဆိုင်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့သူသုံးဦးထဲက တစ်ယောက်ပါ။
မက်(ခ်)အန်တိုနီက ကလီယိုပက်ထရာကို အီဂျစ်ထုံးတမ်းအရလက်ထပ်ခဲ့ပေမယ့် အဲဒီအချိန်က သုံးပွင့်ဆိုင်အုပ်ချုပ်ရေးထဲကတစ်ယောက်ဖြစ်တဲ့ Octavian ရဲ့ ညီမ Octovia နဲ့ လက်ထပ်ထားပြီးသားပါ။ ဒါ့ကြောင့် မာ့ခ်အန်တိုနီနဲ့ ကလီရိုပက်ထရာတို့ရဲ့ ဆက်ဆံရေးဟာ ရောမကို အရှက်ရစေခဲ့ပါတယ်။
ဘီစီ ၃၃ မှာမက်(ခ်)အန်တိုနီနဲ့ Octavian တို့အကြား ဆက်ဆံရေးကိုပြိုကွဲစေခဲ့တဲ့ အကြောင်းတစ်ချက်လည်းပဲ ဖြစ်ပါတယ်။
၃၀ ဘီစီမှာရောမအင်ပါယာအတွင်းအာဏာလုပွဲတွေဖြစ်ပွားခဲ့ပြီးမက် (ခ်)အန်တိုနီက စစ်ရှုံးသွားတဲ့အခါမှာ ကိုယ့်ဘာသာကိုယ်အဆုံးစီရင်ခဲ့ပါတယ်။
အချစ် ကြီးတဲ့ ကလီယိုပက်ထရာဟာလည်း ကိုယ့်ဟာကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ကလီယို ပက်ထရာဘုရင်မကြီးနတ်ရွာစံချိန်မှာ သက်တော် ၃၉ နှစ်ပဲရှိပါသေးတယ်။
နတ်ရွာ စံပြီးနောက်မှာတော့ အီဂျစ်နိုင်ငံကရောမအင်ပါယာအောက် ကျရောက်ခဲ့ပါတယ်။ အီ ဂျစ်နိုင်ငံရဲ့ ဘုရင်မင်းဆက်လည်း ပျက်ခဲ့ပါတော့တယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
---
အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ၏ လူသိနည်းသောအချက်များ
https://pyimyanmarnews.com/sh-fjksh-fk-sghdxlf-hsfhoisd/
==========