စကားတစ်ခွန်းကြောင့်ဘုရားနှစ်ဆူကြားထိ လမ်းမှားသူ 


ကဿပဘုရားရှင် လက်ထက်တော်တွင် သူငယ်ချင်းလယ်သမားနှစ်ဦးရှိ၏။
လယ်သမားတစ်ဦးသည် ဘုရားရှင်၏ တရားတော်ကိုနာကြားပြီး တရားအရသာကို သူ၏သူငယ်ချင်းလယ်သမားအား ခံစားစေချင်သည်။

ထို့ကြောင့် သူနှင့်အတူတရားလိုက်နာရန် တိုက်တွန်း၏။ သူငယ်ချင်းဖြစ်သူ လယ်သမားသည်လည်း
မည်သို့ပင် ပြောဆိုသော်လည်း မလိုက်ပေ။

"တရားမနာချင်ပါဘူး သူငယ်ချင်းရာ"ဟု ပြောလိုက်ရင်ပြီးတာပါပဲ။
အပြစ်ဆိုချင်သည့်စိတ်, အကောင်းမမြင်သည့်စိတ် ပါလာသောအခါ သံသရာမှာ နစ်မွန်းရပေတော့သည်။

သူပြောလိုက်သည့်စကားမှာ

"ဟေ့ကောင် မင်း ဘုရားတရားကိုလိုက်နာလို့ ငါ ဘာအကျိုးရှိမှာလဲ။
မင်းဘုရားက ငါ့လယ်ကို လာထွန်ပေးမှာလား"ဟု ပြောလိုက်၏။

အမြတ်ဆုံးဖြစ်သည့် ဘုရားရှင်အားပြစ်မှား စော်ကားသည့်
စကားဖြစ်သွားသည့်အတွက် "အရိယူပဝါဒကံ" ထိုက်မှန်း သူမသိချေ။

မသိ၍ရှိခိုးတောင်းပန်ခြင်းလည်း မပြုခဲ့ချေ။
ယခုခေတ်တွင်လည်း ဘာသာရေးအသိနည်း၍ 
"အရိယူပဝါဒကံ" ထိုက်မှန်းမသိထိုက်နေသူများရှိနိုင်ပေသည်။
သတိထားသင့်၏။

အဆိုပါ လယ်သမားသေလွန်သည့်အခါ 
တောကြီးမျက်မည်းထဲတွင် လယ်သမားပြိတ္တာဖြစ်သွား၏။
ရပ်နားချိန်မရဘဲ ပြစ်မှားခဲ့သည့် စကားတစ်ခွန်းကြောင့် 
ချွေးသံတရွဲရွဲဖြင့် လယ်ထွန်နေရ၏။
မည်မျှကြာသနည်းဆိုသော ဘုရားနှစ်ဆူကြာလေ၏။

တစ်နေ့တွင် ဘုရားဖူးလာသည့် ရဟန်းတော်များလမ်းမှားနေ၍ 
လယ်သမားပြိတ္တာကြီးအား ရိုးရိုးလူထင်ပြီး လမ်းသွားမေး၏။
ထိုအခါ ပြိတ္တာကြီးက

"အရှင်ဘုရားတို့ လမ်းမှားတယ်ဆိုတာ ရက်ပိုင်းပဲရှိပါသေးတယ်ဘုရား။
တပည့်တော် "အရိယူပဝါဒကံ" ကြောင့်
လမ်းမှားနေတာကတော့ ဘုရားနှစ်ဆူတောင်ရှိပါပြီဘုရား" ဟု လျှောက်ထားလေသည်။

" စကားပြောရာတွင် မိမိပြောသည့်စကား
ဘယ်အဓိပ္ပါယ်ရောက်သွားသည် ၊ဘယ်သူထိခိုက်သွားသည် 
ဆိုသည်ကို မသိကြချေ။
ပြောချင်တာ ရမ်းပြောတတ်ကြ၏။
တစ်သက်လုံးပြောနေပြီး မတတ်တာ " စကား" ပင်ဖြစ်၏။ "

_သို့ပါ၍ မိမိတို့ပြောဆိုသည့် စကားတစ်ခွန်းသည်
"သီလ သမာဓိ ပညာ"နှင့် ပြည့်စုံသော 
ပုဂ္ဂိုလ်တစ်ဦးဦးအား ပြောမှားဆိုမှားဖြစ်သည် ဆိုပါက ချက်ချင်း တောင်းပန်ရန်လိုအပ်ပြီး ၊ မတောင်းပန်မိပါက သံသရာတွင် 
နစ်မွန်းတတ်ပေသည်။