Baaghi (2016)
ရထားတစ်စင်းပေါ်မှာကောင်မလေးတစ်ယောက်ဟာ တွဲကူးနေရာကနေမတ်တပ်ရပ်ရင်း ရွာနေတဲ့ မိုးစက်လေး တွေကိုကြည့်ရင်း စကားတွေပြောနေခဲ့တယ်။ ဒီမြင်ကွင်းကိုသဘောကျလို့ လက်ပိုက်ကြည့်နေတဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ သူကတော့ ခပ်ဆိုးဆိုး ခပ်ပေပေ ဘဝကို ဦးတည်ချက်မရှိဖြတ်သန်းနေတဲ့ လူငယ် တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကို လွှတ်ရင်း စာလေး တစ်ရေးပြီးအကူအညီတောင်းခဲ့တယ်။ သူ့သားဘဝကို တည့်မတ်ပေးပါပေါ့။ သိုင်းသင်တန်းကျောင်းမှာ အောက်ခြေသိမ်းလုပ်ရင်း မိုးစက်တွေကို ချစ်တတ်တဲ့ကောင်မလေးကို ထပ်တွေ့ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ်။ ဗီဇဆိုးတွေကိန်းအောင်နေတဲ့ သိုင်းဆရာကြီးရဲ့သားဟာ အဲ့ဒီ ကောင်မလေးကို ချစ်ခဲ့တယ်။ ငွေ အာဏာ အရည်အချင်းတွေ မယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲ ပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ်။ သိုင်းဆရာကြီးခိုင်းတဲ့ အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကို ကောင်လေးသိသွားခဲ့ရတယ်။ ဒီလိုနဲ့ ဆရာကိုလေးစားရင်း သိုင်းပညာတွေလည်း ဆက်သင်ရင်း ကောင်မလေးနဲ့ ဘဝတစ်ခုဖြတ်သမ်းမယ်လို့ ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေရှိလာခဲ့တယ်။ သိုင်းဆရာကြီးရဲ့ သားဟာ အချစ်ကို နှလုံးသားနဲ့အနိုင်ယူလို့မရမှန်းသိတော့ အာဏာ ငွေကြေးနဲ့ သိမ်းပိုက်ဖို့ကြိုးစားရင် နောက်ဆုံးပြန်ပေးဆွဲ မလုပ်သင့်တာတွေကို လုပ်တဲ့အထိ ဖြစ်လာ တယ်။
ဒီကားဟာ အိန္ဒိယအက်ရှင်ကားတွေထဲက တမူကွဲထွက်လာတဲ့ ကားလို့ဆိုချင်ပါတယ်။ လက်နဲ့ရွယ်လိုက်ရုံနဲ့ ၆ပေ လောက်လွင့်သွားတဲ့ ကားမျိုးမဟုတ်ပါဘူး။ အိန္ဒိယသိုင်းကား ဒါရိုက်တာ ဆတ်ဘာခမ်က သိုင်းကွက်တွေ ခြေအနှုတ်အသိမ်း အကန်ခံရတာတွေ အားလုံးကို အနုစိတ်ရိုက်ကူးထားတယ်။
သိုင်းသမားဟန် လှုပ်ရှားကွက်တွေ defence အကွက်တွေ အတော်လေးကိုလှပါတယ် မင်းသား Tiger Shroff က ပင်ပန်းကြမ်းတမ်းစွာ သရုပ်ဆောင်ခဲ့တယ် သူ့ရဲ့ကြိုးစားမှုတွေကတော့အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
အိန္ဒိယအလှအပရှုခင်းတွေ တွေ့ရမှာဖြစ်သလို ဗန်ကောက်မှာ ပြန်ပေးဆွဲထားတော့ ထိုင်းရဲ့အလှအပ ရှုခင်း တွေလည်း ခံစားရမှာဖြစ်ပါတယ်။



