❝ သစ္စာသိပြီးမှလှူပါ....❞

▬▬▬▬▬▬▬▬▬
မိုးကုတ်ဆရာတော်ဘုရားကြီး၏

ဒကာကြီးဦးချန်ထွန်းမှ မိုးကုတ်ဆရာတော်
ဘုရားကြီးအား သင်္ကန်းသွားရောက်
ကပ်လှူသော အခါ ...

မိုးကုတ်ဆရာတော်ဘုရားကြီးမှ.....

▶မင်း... သင်္ကန်း အသာချထားဦးကွာ ၊
    မင်း... ဘယ်က လာတာလဲ

⏩တပည့်တော် ရန်ကုန်ကပါဘုရား

▶မင်း တရားထိုင်ဖူးသလား

⏩မထိုင်ဖူးပါ ဘုရား

▶အေး...ဒါဆို မင်းတင်ပျဉ်ခွေထိုင် ၊
    မျက်လွှာချထား ၊ မင်းဥာဏ်နဲ့
    မင်းခန္ဓာထဲကြည့်နေ...

- ဆိုကာ ဆွမ်းဘုန်းပေးရန်ကြွသွားလေသည် ။
နာရီဝက်ခန့်ကြာမှ ပြန်ရောက်လာ၏ ။

▶ဘယ့်နှယ့်လဲကွ ၊ ဘာတွေတွေ့သလဲဟေ့ ...

⏩တပည့်တော်ဖြင့် ဘာမျှမတွေ့ပါဘူးဘုရား ၊
    ညောင်းတာ ကိုက်တာ ခဲတာတွေပဲ 
    တွေ့နေတယ်ဘုရား.... 

- လို့ ဖြေလိုက်သည် ။

▶အေး...ဟုတ်ပြီ အဲဒါတွေဟာ
    ချမ်းသာတွေလား ၊ ဆင်းရဲတွေလား

⏩ဆင်းရဲတွေပါ ဘုရား

▶ဆင်းရဲဆိုတော့ ဒုက္ခတွေပေါ့

⏩မှန်ပါ့ဘုရား

▶အဲဒါတွေက မတည်ငြိမ်ဘူး
    ပြောင်းလဲ နေတယ်

⏩မှန်ပါ့ဘုရား

▶ဒုက္ခသစ္စာဆိုတာ ဒါတွေပဲ 

⏩ေဩာ်... မှန်ပါ့ဘုရား

▶အဲဒီ ဒုက္ခသစ္စာတွေကို
    လိုချင်သလား မလိုချင်ဘူးလား

⏩မလိုချင်ပါဘူး ဘုရား

▶ " ကဲ... ဒါဆိုရင် အဲဒီ ဒုက္ခသစ္စာမျိုးတွေကို
      မလိုချင် ၊ မရချင်လို့ ဒီသင်္ကန်းကို လှူပါတယ်
      ဘုရား " လို့ မင်းစိတ်ထဲက ဆုတောင်းပြီးလှူပါ

- လို့ သစ္စာသိပြီးမှလှူရန် မိုးကုတ်ဆရာတော်ဘုရားကြီးမှ
ဟောကြားတော်မူခဲ့ပါသည် ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏
ဥပနိဿယ အတိုင်း ဆရာတော်
အရှင်ဥာဏောဘာသ (အေးစေတီ၊မင်းဘူး) မှလည်း ....
ယခုလို ဟောကြားတော်မူခဲ့ပါသည် ။

▶တရားနာ ပရိတ်သတ်ကြီး
    အခုထိုင်နေတာကြာနေပြီဆိုတော့
    မညောင်းဘူးဘူးလား ?

⏩ညောင်းပါတယ်ဘုရား 

▶ညောင်းတာဟာ၊
    ချမ်းသာတာလား၊ဆင်းရဲတာလား ?

⏩ဆင်းရဲတာပါ ဘုရား

▶ဆင်းရဲတယ် ဆိုတာ၊ မြန်မာလို
    ပြောတာ။ ပါဠိလို ဒုက္ခမဟုတ်လား ?

⏩ဟုတ်ပါတယ်ဘုရား

▶ညောင်းတဲ့ဆင်းရဲဖြစ်ပေါ်နေတာဟာ
    လူပြော သူပြောလား။ ကိုယ်တွေ့
    လက်တွေ့လား ?

⏩ကိုယ်တွေ့လက်တွေ့ပါဘုရား

▶ကိုယ်တွေ့လက်တွေ့ဆိုတော့
     မမှန်တာလား၊မှန်တာလား ?

⏩မှန်တာပါဘုရား

▶မှန်တယ်ဆိုတာ မြန်မာလိုပြောတာ။
    ပါဠိလို သစ္စာမခေါ်ဘူးလား ?

⏩ခေါ်ပါတယ်ဘုရား

▶ဒါဆိုရင် ဒုက္ခနဲ့ သစ္စာပေါင်းတော့ ?

⏩ဒုက္ခသစ္စာပါဘုရား

▶ဒါဖြင့်ညောင်းတာက ဘာသစ္စာ ?

⏩ဒုက္ခသစ္စာပါဘုရား

▶ညောင်းတာဒုက္ခသစ္စာလို့ သိပြီနော်။
    ညောင်းတယ်ဆိုတာလည်း သူ့အလိုလို
    ပေါ်လာတာလား ၊ ဒီခန္ဓာကြီးရှိလို့လား ?

⏩ဒီခန္ဓာကြီးရှိလို့ပါဘုရား

▶ဒီခန္ဓာကြီးရှိလို့ညောင်းတာပေါ်တာ ။
    ဒီခန္ဓာကြီးချုပ်ငြိမ်းသွားရင် ညောင်းတာ
    ဆိုတာ ပေါ် ပါဦးမလား ?

⏩မပေါ်ပါဘူးဘုရား

▶ဒီခန္ဓာကြီးရှိနေတာက အကြောင်း ၊
    ညောင်းတာကအကျိုး ၊
    အကျိုးညောင်းတာကို မလိုချင်ရင်
    အကြောင်းခန္ဓာကြီးကိုလည်း
    မလိုချင်ပါနဲ့ ။ အကြောင်းဒုက္ခဖြစ်လို့
    အကျိုးဒုက္ခဖြစ်ရတာ ။
    ဒီတော့ .... 
    ဒီခန္ဓာဝန် ဒုက္ခသစ္စာကြီးမှ လွတ်လို
    ကျွတ်လို လို့လှူတာ ဆိုပြီး စိတ်ထဲ
    ဥာဏ်ထဲမှ သိပြီးတော့လှူပါ ....

    သာဓု...သာဓု...သာဓု...
    သစ္စာဥာဏ်ဖြင့်
    စာစီ ပူဇော်ပါသည်ဘုရား...

Credit : Mogok Min Min