“လူတွေက ခက်တယ်” နေပူလိုက် မိုးရွာလိုက်မို့ ရာသီ ဥတုဆိုးသည်ဟု ဆိုရမည်။ နေပူနေ လျက်ရုတ်တရက် မိုးရွာလာ ၍ သစ်ပင်ရိပ်အောက် မိုးဝင်ခိုပါမှ ထို အသံကြား၍ ငဲ့ကြည့်မိသည်။ လူပုံက စုတ်တီးစုတ်ပြတ်၊အငွေ့မထွက်တော့သော ဆေးလိပ် တိုကြီးကိုင်ပြီး သူဘာသာသူ ရေရွတ် နေသလိုနှင့် စကားပြောနေ သည်။
“ကျုပ်ရွှေထီးဆောင်းခဲ့စဉ်က လူတွေ ဆက်ဆံပုံ ဒီလိုမဟုတ်ဖူး” ပြန်ငဲ့ကြည့်မိသည်။ အသား အရောင်က မွဲခြောက်နေပြီ။ ဆံပင် ကပါ အဖြူရောင်သန်းပြီးထိုးထိုး ထောင်ထောင်။
” ခင်ဗျားမသိလို့ ဒီရွာကလူ တွေ ကျေးဇူးကို မသိတတ်ကြဘူး” ခပ်လှမ်းလှမ်းမှာ ရောက်တော့ မည့် ရွာကိုလှမ်းကြည့်မိသည်။ မိုးဖွားလေးများကြား ရွာကမှုန်မှုန် မွှားမွှား။
” ကျုပ်ရွှေထီးဆောင်းစဉ် ကာ လတုန်းကဆို တစ်ရွာလုံး ကျုပ် အနားမှာ ဟေးလားဝါးလား လုပ်နေ ကြတာ။ ခုကြည့်စမ်း။ တစ်ယောက်မှ ကျုပ် အနားမလာကြတော့ဘူး။ သိပ်စိတ် နာဖို့ကောင်း တဲ့ရွာ” ထိုသူပြောပုံအရဆိုလျှင် သူပင် ထိုရွာသွားမည့်ခရီး ပြန်ပျက်၍ လှည့် ပြန်ရတော့မလိုလို။
” အဲဒီတုန်းကဆို ရွာသူကြီး ကိုယ်တိုင်ကအစ ကျုပ်နားမှာနေပြီး ကွမ်းဆိုကွမ်း၊ ဆေးလိပ်ဆို ဆေးလိပ် တပြုံးပြုံးနဲ့ ကမ်းပေးခဲ့တာ။ အခုလို ကျတော့ လှည့်တောင်မကြည့်ကြ တော့ဘူး။ ခါးပါတယ်ဗျာ ဘဝက” ပြောပုံအရ ခန့်မှန်းရလျှင် ထို သူမှာ ယခင်က တစ်ခုခုဖြင့် ကြီး ပွားခဲ့ပုံရသည်။ မိုးကလည်း မစဲသေး ၍ ခြေလှမ်းကို ပြန်စ၍မရ။
ထိုသူမှ ပင် ” ဆွေမျိုးဆိုကလည်း သိပ်ယုံရ တာမဟုတ်ဘူး။ ဆွေမျိုးတင် မဟုတ် ပါဘူးဗျာ။ မိဘ ညီအစ်ကို မောင်နှမ ကအစ ယုံရတာမဟုတ်ဘူး။ ကျုပ်ရွှေ ထီးဆောင်းစဉ် ကာလကဆို အံ မယ်…အကောင်းစားအင်္ကျီ လုံချည်နဲ့။ အမေဆိုတာ ဆံပင်တောင် ကိုယ်တိုင် မထုံးဘူး။ လူငှားထုံးခိုင်း တာ။ ညီလေး ကလည်း ဘာထူးလို့လဲ တစ်နေကုန် မူးရူးနေတာ။ အခု ကြည့်ပါဦး ဘယ်မှာလဲ မိဘ၊ ဘယ်မှာ လဲညီ”
အနည်းငယ် စိတ်ဝင်စားသွား မိသည်။” ရွှေရှိမှ အမျိုးတော်သည်” ဆိုသောစကား အမှန်များ ဖြစ်နေမ လားဟူ၍ စိတ်ထဲ၌ပင် ထင့်ခနဲတွေး လိုက်မိသည်။
” အစ်မဆိုတာကလည်း ကျန် တဲ့ အချိန်ဆို ဘာမှမလုပ်တာ။ ကျုပ်ရွှေထီးဆောင်းချိန်ကတော့ အံမယ်သူငယ်ချင်းအားလုံး အိမ်ခေါ် ထမင်းကျွေးတာ။ အခုကျ လင်ယူပြီး ပြေးပြီ။ ပြောပုံအရဆိုလျှင် ဒီလူတစ်ရွာ လုံး သာမက ဆွေမျိုး မိဘသားချင်း များကိုပါ အတော်စိတ်နာ နေပုံရ သည်။ ထိုသို့လူမျိုးများကလည်း လောကတွင်မရှားကြောင်း တွေး လိုက်မိသည်။ကောင်းကင်ကို မော့ကြည့်လိုက် သည်။ မိုးက အနည်းငယ် စဲနေပြီမို့ ခရီးဆက်ရန် ခြေလှမ်းပြင်လိုက်သည်။
ထိုစဉ်မှာပင် ” အဲ…အဲ့မှာလာနေတဲ့ ကောင် တွေ့လား” သူ့စကားကြောင့် ခရီးဆက် ရန်ပြင်နေသော ခြေလှမ်းတန့်သွားပြီး သူညွှန်ပြရာ အလိုလို ကြည့်လိုက် မိ ၏။ ရွာထဲမှ နွားနှစ်ကောင်ဆွဲပြီး ထွက်လာသော လူတစ်ယောက်။ ထိုသူနှင့် သက်တူရွယ်တူလောက်ပင် ရှိပေမည်။
“အဲဒီကောင်နာမည် သာဗျော တဲ့။ ကျုပ်ရွှေထီးဆောင်းစဉ် ကာလ မှာ ကျုပ်က ဟေ့ကောင်ကြီး သာ ဗျော ငါ့ကို ‘က’ ပြစမ်းကွာ ဆိုရင် မငြင်းဘူး။ ကွေးနေအောင် ‘က’ တာ။ အခု ကြည့်စမ်း လူကိုအဖက် တောင် မလုပ်ချင်ဘူး” စကားကို နားမထောင်တော့ပဲ ခြေလှမ်းစမည် ပြင်တုန်းမှာပင်… ” မယုံရင်ကြည့်၊ ကျုပ်သက် သေပြမယ်၊ ဗျိုး.. ကိုရင်သာ ဗျော” သူက နွားဆွဲလာသူကို လှမ်း ခေါ်လိုက်သည်။ နွားဆွဲလာသူက ဆွေစောင်းပင် မကြည့်။ ” တွေ့လား ခေါ်တာတောင် အဖက်မလုပ်ဘူး” သူသာ အားနာစိတ်ဖြင့် ခြေလှမ်းစရ ခက်သွားပြန်သည်။
” ကိုရင်သာဗျော၊ အခုကျတော့ လှည့်တောင်မကြည့်ဘူး ဟုတ်လား။ ကျုပ်ရွှေထီးဆောင်းစဉ်တုန်းက ဒီလို မဟုတ်ပါဘူး” ဟိုလူ လှည့်ပင်မကြည့်။ နွားဆွဲ ပြီး သူသွားလိုရာသွားသည်။ ထိုသူက ပင် မဲ့ပြုံးပြုံးပြီး “တွေ့တယ်မဟုတ်လား။ အဲဒီ အချိန်တုန်းကဆို ဒီလိုဘယ်ဟုတ်ပါ့ မလဲ။ ကျုပ်အနားမှာ အမြီးမနှံ့ရုံ တမယ်နေတာ။ အိပ်ပေါ်ကနေ အိမ် အောင်ဆင်း မယ်ဆိုတာတောင် ပြေး ပြီးဖိနပ်စီးပြီးသား”သူပြောပုံအရဆို
တစ်ချိန်တစ်ခါ က ထိုသူသည် ရွာမှာအလွန် တန်ခိုး ထွားခဲ့ပုံရသည်။ “ဒါတင်ဘယ်ကမလဲဗျာ။ ကျုပ် က သိပ်မပြောချင်လို့။ အဲဒီအချိန် ကဆို ကျုပ်လာပြီဆိုတာနဲ့ ရွာဦး ကျောင်း ဆရာတော်ကပါ ထွက်ကြိုရ တာ။ ကျုပ်ကလည်း သွားပြီဆို အ နောက်ကလိုက်သူရော အရှေ့ ကကြို လမ်းရှင်းပေးသူရော နည်းမှ မနည်း ဘဲ။ သြော်.. ကျုပ်ရွှေထီး ဆောင်း တဲ့ ကာလကိုး” မိုးကစဲနေပြီ။ နေလည်း မသိ မသာပွင့်လာပြီ။ ခရီးဆက်မည်ဆို ဆက်သွားလို့ရမည့် အနေအထား။ သို့သော် အောင်မြင်ချိန်နှင့် ကျရှုံးချိန်ကို ပြန်ပြောပြနေသည့် စကားလုံးက မဆုံးသေး။
“ကျုပ် ရွှေထီးဆောင်းတုန်း က ဆိုရင်”
“ကျုပ် ရွှေထီးဆောင်းတုန်းက ဆိုရင်” သူအလွန်သိချင်သွားသည်။ အောင်မြင်မှု ကျရှုံးမှုတို့၏ နောက် ကွယ်မှ အဖြစ်အပျက်များ၊ လောကဓံတရားများ၊ သံဝေဂရ ယူစ ရာများ..။
ထို့ကြောင့်…… ” ဒါနဲ့နေပါဦး။ ခင်ဗျား ဘယ်တုန်းက ရွှေထီးဆောင်းခဲ့ တာလဲ” ထိူသူအတိတ်ကို သတိရဟန်နှင့် သက်ပြင်းချသည်။
ပြီးတော့ ခပ်ဝေး ဝေးကို ငေးရီရင်း ” ရှင်ပြုတုန်းကလေ”
“ဟင်”
” ဘယ်။ ကျုပ်အဲဒီတုန်းက ရွှေထီးဆောင်းတုန်းကဆို မိဘ တောင် ဒီလို မဟုတ်ဘူး။ ကျုပ်ကရွှေ ထီးနဲ့ကိုးဗျ။ သာဗျောက ကွေးအောင် ကတော့ ဆရာတော်ကလည်း ကျောင်းထိပ်ကထွက်ကြို” ခရီးကို စတင်သင့်ပြီဖြစ်မှန်း သိ သွားသည်။
လောကတွင် ရှင်ပြုချိန် လေးကို ရွှေထီးဆောင်းခဲ့ခြင်းလို့တစ်သက်လုံး ပြောမဆုံးနိုင်သူတွေ အများကြီးရှိကြောင်း သူသိသွား သည်။ ထိုသူကတော့…
” ကျုပ် ရွှေထီးဆောင်းတုန်းက ဆိုရင်….”
အကြည်တော်