တချို့က ပြောကြတယ်။ "ငါ့နှယ် တသက်လုံး ကံဆိုးလိုက်တာ"တဲ့။

ဒီစကားကို ကျွန်တော် လက်မခံပါ။ လောကကြီးမှာ အမြဲတမ်း ကံဆိုးနေသူ မရှိသလို အမြဲတမ်း ကံကောင်းနေသူဆိုတာလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ အဖြူနဲ့ အမည်း၊ အမှောင်နဲ့ အလင်း၊ ရိုးသားခြင်းနဲ့ ကောက်ကျစ်ခြင်း၊ လူကောင်းနဲ့ လူဆိုး၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတဲ့ ဆန့်ကျင်ဖက်တွေဟာ အမြဲဒွန်တွဲနေကြပါတယ်။ အဲဒီ ၂ ခုထဲက ကောင်းတာ တစ်ခုကိုပဲ လိုချင်လို့ မရပါဘူး။ ဒါဟာ လောကရဲ့ အမှန်တရားပါ။

ဒါဆိုရင် စောစောက လူက ဘာလို့ တသက်လုံး ကံဆိုးတယ်လို့ ပြောရတာလဲ။ တကယ်တော့ သူ့ဘဝမှာ ကံကောင်းတာတွေလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ သူက ကံဆိုးတာကိုပဲ တွေးနေတော့ ကံကောင်းတာကို ဘယ်မြင်ပါ့မလဲ။

ဒီနေရာမှာ ကျွန်တော့်ဘဝအကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်။

ကျွန်တော်ဟာ ၇ တန်းနှစ် စတက်စဉ်မှာ တီဘီရောဂါဖြစ်ပါတယ်။ ဆရာဝန်က ၂ လလောက် ကျောင်းမတက်ပဲ အိမ်မှာပဲ အနားယူခိုင်းတယ်။ကျွန်တော့်ကို အနားယူစေချင်သလို ကျောင်းက တခြားကျောင်းသားတွေကို ရောဂါကူးစက်မှာကို ကာကွယ်ချင်လို့လည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ဘဝဟာ ကမ္ဘာကြီးပျက်သလို ခံစားလိုက်ရတယ်။ အသက်က ၁၃-၁၄ နှစ်လောက် ကျောင်းမှာ စာသင်ရတာ ပျော်တယ်။ မုံ့စားလွှတ်ချိန်မှာ အတန်းသားတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေကျ၊ ညနေဆိုရင် ဘောလုံးကန်နေကျ၊ ဒါတွေကို မလုပ်ရပဲ အိပ်ယာထဲမှာပဲ အချိန်ပြည့်နားနေရလို့ စိတ်ဓါတ်အကြီးအကျယ် ကျသွားတယ်။

အိပ်ယာထဲမှာပဲ နေရပြီး တနေ့လုံး ဘာမှ မလုပ်ရဘူး။ အိပ်ယာပေါ်က ဆင်းပြီး တစ်ခုခု လုပ်မယ်ဆိုရင် အမေနဲ့ အမတွေက အိပ်ပေါ် အတင်းတက်ခိုင်းပြီး လှဲနေခိုင်းတယ်။ စိတ်ညစ်လိုက်တာမပြောပါနဲ့တော့။ ဘာမှ လုပ်စရာ မရှိတော့ အိမ်မှာ ရှိတဲ့ မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ ငွေတာရီ မဂ္ဂဇင်းအဟောင်းတွေ စဖတ်တယ်။ ငယ်ကတဲက ရွှေသွေး၊ ကလေးဂျာနယ်နဲ့ ပုံပြင်စာအုပ်တွေပဲ ဖတ်နေခဲ့တာပါ။ အမေက ၄ တန်းအထိပဲ ကျောင်းနေဖူးပေမယ့် အိမ်မှာ လစဉ်မဂ္ဂဇင်းအစုံ ဝယ်ထားပေးတယ်။ အမတွေကလည်း ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး စတဲ့ မြန်မာဝတ္ထုစာအုပ်တွေ ဝယ်ထားတယ်။ အကိုကလည်း အထုပ္ပတ္တိစာအုပ်၊ လင်းယုန်မောင်မောင်၊ မြသန်းတင့်တို့ရေးတဲ့ ဘာသာပြန် စုံထောက်နဲ့ စစ်ဝတ္ထုတွေ ဝယ်ထားတယ်။ အိမ်မှာ စာကြည့်တိုက်နီးပါးလောက် စာအုပ်တွေ ရှိနေတယ်။ ၂ လအတွင်းမှာ အဲဒါတွေအားလုံး ဖတ်လို့ ကုန်သွားတယ်။ စာအုပ်ဆိုင်က စာအုပ်တွေ ဝယ်ပြီး ဖတ်တယ်။ ပြန်ကြားရေးစာကြည့်တိုက်က စာအုပ်တွေ ငှားဖတ်တယ်။ ကြာတော့ ပြန်ကြားရေးစာကြည့်တိုက်က စာအုပ်တွေ မဖတ်ဖူးတာ မရှိတော့ဘူး။ ပီမိုနင်းရဲ့ တက်ကျမ်းအားလုံးကိုလည်း ဖတ်တယ်။ စာဖတ်တဲ့ အကျင့်ဟာ အဲဒီအချိန်က စပြီး သန္ဓေတည်ခဲ့တယ်လို့ ထင်ပါတယ်။

၂ လကြာတော့ ကျောင်းပြန်တက်ခွင့်ရပြီ။ ဆရာဝန်က ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုလို့ ကျောင်းက ပြန်လာရင် မကစားရတော့ ကျောင်းစာတွေ လုပ်တယ်။ စာလုပ်ပြီး အချိန်အားပြီဆိုရင် ဝတ္ထုစာအုပ်တွေ၊ ဘာသာပြန်စာအုပ်အထူကြီးတွေ၊ အထုပတ္တိ၊ နိုင်ငံရေးစာအုပ်တွေ ဖတ်နေတယ်။ ၇ တန်းကျောင်းသားတစ်ယောက်ဟာ တကယ့်စာကြီးပေကြီးတွေ ဖတ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိတယ်။

တိုတိုပြောရရင် ငယ်ကတဲက အတန်းထဲမှာ အမြဲတမ်း အဆင့် ၂၀ အောက်မှာ ရှိနေခဲ့တဲ့ ကျွန်တော်ဟာ အပြင်မှာ ဘောလုံးကန်တာ၊ ဆော့ကစားတာတွေ မလုပ်ရလို့ ကျောင်းစာတွေကိုပဲ ဖိလုပ်ရင်းနဲ့ ၇ တန်းမှာ ကျောင်းသား ၄၀ ကျော်မှာ ပထမအဆင့် ရလိုက်တယ်။ အားတက်သွားလို့ ဆက်ကြိုးစားရင်း ၈ တန်းနှစ်မှာ ဗန်းမော်ခရိုင်လူရည်ချွန် အရွေးခံရပြီး ငပလီအပန်းဖြေစခန်းကို ရောက်ခဲ့တယ်။ ၁၀ တန်းအောင်တော့ ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မှီပေမယ့် အင်ဂျင်နီယာလိုင်းကို သဘောကျလို့ စက်မှုတက္ကသိုလ်တက်တယ်။ ဘီအီးဘွဲ့ရပြီး အစိုးရအလုပ်ကို ၁၀ နှစ်လုပ်တယ်။ နောက်ဆုံးစင်္ကာပူမှာ အနှစ်အစိပ်လောက် အလုပ်လုပ်ခဲ့တယ်။ အခုတော့ အလုပ်က အနားယူလိုက်ပြီ။

ကျွန်တော့် ဘဝကို ပြန်တွေးကြည့်မိတယ်။ ၇ တန်းနှစ်မှာ တီဘီရောဂါဖြစ်တုန်းက ငါ့လောက် ကံဆိုးတဲ့ သူ ဒီလောကမှာ မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ တမျိုးတွေးမိပြန်တယ်။ အဲဒီရောဂါသာ မဖြစ်ခဲ့ရင် ငါဟာ ၇ တန်းနှစ်မှာ ပထမအဆင့် ရပါ့မလား။ ၈ တန်းနှစ်မှာ လူရည်ချွန်ဖြစ်လာပါ့မလား။ ၁၀ တန်းတောင် အောင်ပါ့မလား။ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပါ့မလား။ နိုင်ငံခြားကုမ္ပဏီကြီးမှာ အလုပ်လုပ်ခွင့် ရပါ့မလား။ အခုလို သုတစာပေ စာရေးဆရာတစ်ယောက် ဖြစ်လာပါ့မလား စတာတွေကို တွေးမိတယ်။ အဲဒါတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ သေချာတာကတော့ ငယ်ငယ်က တီဘီရောဂါ မဖြစ်ခဲ့ရင် ဒီလိုဘဝမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိဘဝကိုအားရကျေနပ်တယ်။

ဒါတွေကို ရေးပြနေတာဟာ ကိုယ်ရည်သွေးပြနေတာ မဟုတ်ပါဘူး။ အမြဲကံဆိုးနေတယ်ဆိုတာ မရှိဘူးဆိုတာကို တကယ့်အဖြစ်အပျက်နဲ့ ပြောပြတာပါ။

အချုပ်အားဖြင့် ပြောပြချင်တာက လောကမှာ တသက်လုံး ကံဆိုးနေတယ်ဆိုတာ မရှိပါဘူး။ ကံကောင်းတာတွေလည်း ရှိပါတယ်။ ကံကောင်းတာတွေကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။

ဗန်းမော်သိန်းဖေ
၀၃-၀၅-၂၀၁၇