ကားတစ်စီးတွင် တာယာသည် အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တာယာတစ်လုံးရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရဖို့ဆိုရင် တာယာလေပေါင်ဖိအားမှန်ကန်နေဖို့သည်လည်း အရေးကြီးလှပါတယ်။ လေပေါင် များခြင်း နည်းခြင်းသည် တာယာကို အချိန်မတိုင်ခင် ပျက်စီးစေနိုင်ပါတယ်။

လေပေါင်များပါက တာယာအလယ်တွင်ရှိသော ပန်းသားများစားသွားနိုင်ပြီး၊ လေပေါင်နည်းပါက တာယာဘေးနှုတ်ခမ်းသားတွေ စားသွားနိုင်ပါတယ်။ လေပေါင် နည်း/များ ခြင်းသည် တာယာရဲ့သက်တမ်းကိုသာမက ယာဉ်ပေါ်တွင်လိုက်ပါလာသူတွေကိုပါ အန္တရာယ်ရှိစေတာကြောင့် နောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာ တာယာလေပေါင်မီးလို့ ခေါ်ဆိုကြတဲ့ Tire Pressure Monitoring System Warning Light ကိုတပ်ဆင်ပေးလာကြပါတယ်။

တာယာလေပေါင်နဲ့ပတ်သက်ရင် အရေးကြီးတာတစ်ခုကတော့ လေပေါင်ဘယ်လောက်ထိုးရမလဲဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာကတော့ ကားလေးဆိုရင် ၃၀ – ၃၂ ကြားပတ်လည်ထိုးကြလေ့ရှိပါတယ်။ ကားတစ်စီးကို လေပေါင်ဘယ်လောက်ထိုးရမလဲဆိုတာ ကားထုတ်လုပ်သူတွေက ယာဉ်မောင်းဘက်ခြင်း တံခါးအတွင်းမှာ တစ်ခါတည်းရေးပေးထားပါတယ်။

ကျွန်တော်တို့ဆီမှာ အသုံးပြုနေတဲ့ ကားလေးအများစုဟာ ဂျပန်ကားလေးတွေသာ ဖြစ်တဲ့အတွက်ကြောင့် လေပေါင်ထိုးရမယ့်ပမာဏရေးထားတဲ့နေရာမှာ ဂျပန်စာတွေသာ ဖြစ်နေတတ်ပါတယ်။ ဒီကနေ့လို့ IT ခေတ်ကြီးထဲမှာ ဂျပန်စာမဖတ်တတ်လည်း Google Translate ကို အသုံးပြုလိုက်မယ်ဆိုရင် ဘယ်နံပါတ်က ရှေ့ဘီး/နောက်ဘီး ဆိုတာ အလွယ်တကူခွဲခြားသိနိုင်ပါတယ်။

ပြဿနာတစ်ခုရှိတာကတော့ ယူနစ်ပါပဲ။ ဂျပန်မှာအသုံးပြုတာက kPa (kgf/cm2) ဖြစ်ပြီးတော့ မြန်မာပြည်မှာကတော့ psi ပဲ ဖြစ်ပါတယ်။ ဒါကြောင့် kPa ကနေ psi ကို ပြန်လည်ပြောင်းပေးရမှာပါ။ ဒါလည်းအလွန်ပင်လွယ်ပါတယ်။ အင်တာနက်လေးဖွင့်ပြီး Browser တစ်ခုခုအသုံးပြုကာ kpa to psi လို့ရိုက်လိုက်တာနဲ့ ယူနစ်ပြောင်းလို့ရမယ့် Unit Converter Table လေးပေါ်လာမှာဖြစ်ပြီး သိချင်တဲ့ နံပါတ်ရိုက်ထည့်ပြီး ပြောင်းလိုက်လို့ရပါတယ်။

100 kPa = 14.5038 psi, 200 kPa = 29.0075 psi, 210 kPa = 30.4579 psi, 220 kPa = 31.9083 psi, 230 kPa = 33.3587 psi, 240 kPa = 34.8091 psi, 250 kPa = 36.2594 psi, 420 kPa = 60.9158 psi

ပုံထဲကအတိုင်းဆိုရင်တော့ ရှေ့ဘီးကို 36 psi ထိုးရမှာဖြစ်ပြီး နောက်ဘီးကတော့ 32 psi ထိုးရမှာဖြစ်ကာ စပယ်ယာဘီးအတွက်ကတော့ 61 psi ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ အဆိုပါလေပေါင်ပမာဏတွေသည် စက်ရုံကသတ်မှတ်ထားတဲ့ ဂွေ/တာယာ အရွယ်အစားအတိုင်း တပ်ဆင်ထားတဲ့ကားတွေအတွက်သာ အကြုံးဝင်တာဖြစ်ပါတယ်။

သင့်ကားရဲ့တာယာတွေကို အချိန်မတိုင်ခင် မပျက်စီးစေဖို့နဲ့ စွမ်းဆောင်ရည်အကောင်းဆုံးရရှိနိုင်ဖို့အတွက် မှန်ကန်တဲ့လေပေါင်ချိန်ကိုအသုံးပြုပြီး ပုံမှန်စစ်ဆေးနေသင့်ကြောင်း အကြံပေးလိုက်ပါရစေ။

CREDIT မူရင်းရေးသားမျှဝေပေးသောစာရေးသူအားလေးစားလျက်ပါ