🙏🙏      ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သတ္တဝါတွေ အားကိုးလွဲမှာ စိုးရိမ်လာတယ်။ အားကိုးလွဲမှာ စိုးရိမ်သောကြောင့် အားကိုးမှန်ကို ငါဟောမယ်ဟေ့လို့ ဘုရားက တရားချီ လိုက်တယ်နော် (မှန်ပါ ဘုရား)။
      အားကိုးလွဲမှာစိုးလို့ အားကိုးမှန်ကို ငါဟောမယ်၊ ဪ တယ် မြင်တဲ့ ကိုယ်တော်ကြီး ပါလားလို့ ဒကာ ဒကာမတွေက မှတ်ရမယ်။

အားကိုးလွဲလို့ကိုယ်ကျိုးနည်းခဲ့ရတယ်

      ဘာ့ကြောင့်လဲ ဆိုတော့ တစ်သံသရာလုံး အားကိုးလွဲ လို့ ကိုယ်ကျိုးနည်းခဲ့ကြရတယ်၊ တစ်သံသရာလုံး အားကိုးလွဲလို့ ကိုယ်ကျိုး နည်းခဲ့ကြရတာကို၊ ခုထိတိုင်ပဲ အားကိုးကလွဲတုန်းဆို ရင်ဖြင့်၊ ကိုယ်ကျိုးနည်းတဲ့ ဇာတ်ဟာ မသိမ်းပါဘူး သိမ်းပါ့မလား (မသိမ်းပါဘူး ဘုရား)။
      တစ်သံသရာလုံး အားကိုးမှားလို့လည်း ကိုယ်ကျိုးနည်း ခဲ့ပြီးပြီ၊ ဒီဘဝအားကိုးလွဲလို့ရှိရင်လည်း ကိုယ်ကျိုးနည်းတဲ့ဇာတ် ပြန်ဖွင့်တာပဲ၊ ဒီဇာတ်ပဲ ပြန်ခင်းတာပဲ အစ်မ သဘောကျပလား (ကျပါပြီ ဘုရား)။
      ဒီနေ့ သေသေချာချာ နားထောင်ပါ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူကမှ တောင်းပန်လို့ ဟောတဲ့တရား မဟုတ်ဘူးဆိုသဖြင့်၊ ကိုယ်တိုင်ဉာဏ်ထုတ် ဟောတဲ့တရားဆိုတာ သေချာပြီ (တင်ပါ ဘုရား)။

ကိုယ်တော်တိုင်က သနားလို့ဟောတာ

      ဘယ်သူမှ တောင်းပန်လို့ ဟောတဲ့တရားမဟုတ်ဘူး၊ အတ္တဒီပသုတ်ဆိုတာ ကိုယ်ကိုယ်တိုင်က သနားကရုဏာရှေ့ ထားပြီး သကာလ ဟောတဲ့သုတ်လို့ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ကဲဒါဖြင့် ပါဠိရွတ်လိုက်တယ် 
      “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ” မိမိ အားကိုးကြကွ၊ မိမိ အားကိုးကြကွ၊ မိမိဟာ မိမိအားကိုးကြကွ၊ ဒီလိုဆိုတော့ ကိုယ်တော်ကြီးက မရိပ်မိမှာစိုးလို့ “ဓမ္မဒီပါ ဓမ္မ သရဏာ အနညသရဏာ” ဓမ္မအားကိုးကြယ် ဓမ္မအားကိုးကြ ဟေ့။

ဓမျမကိုသာအားကိုးပါ

      ဓမ္မကို အားကိုးကြဟေ့ ဓမ္မနောက်ပဲ အားကိုး လိုက်၊ ဓမ္မကိုပဲ အားကိုးလုပ်ကြမှ ဓမ္မကို အားမကိုးကြလို့ရှိရင် ဖြင့်၊ မင်းတို့ဘာဖြစ်မယ်ဆိုတာ ငါ သေသေချာချာ ပြောပြ မယ်။
      ဓမ္မကို အားကိုးပါလို့ ပြောတဲ့ဥစ္စာ မင်းတို့တွေးလုံးထုတ် ပါဦး၊ ဓမ္မအားကိုးပါလို့ ပြောတဲ့ဥစ္စာကို တွေးလုံးထုတ်ကြပါဦး၊ ဪ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးသည် ဓမ္မ ကို အားကိုး ခိုင်းပါလိမ့်မတုံး ဆိုတဲ့တွေးလုံးထုတ်ပါ။ တွေးလုံး ထုတ်ရင် ငါအစဖော်ပြမယ်။
      ဓမ္မကို အားကိုးကြယ်၊ ဓမ္မမှတစ်ပါး ကျန်တာကို - အားမကိုးကြနဲ့ပေါ့။ ဒါကို သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတာသည် ဓမ္မအားကိုးရင် ဘာဖြစ်မလဲ လို့ အစ်မတို့က မေးမေး မောင်ထွန်းရင်တို့က မေးမေး။

အဆုံးကပြန်ပတ်တယ်

      ဓမ္မအားမကိုးလို့ ရှိရင်ကွာတဲ့ ပဋိစ္စသမုပ္ပါဒ် ပြန်လှည့် လိမ့်မယ် (တင်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြန်ပတ် လိမ့်မယ်တဲ့။
      ဓမ္မအားမကိုးရင် ဘာတဲ့တုံး (ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်ပတ်မှာပါ ဘုရား) အမလေး ကြောက်စရာ ကြီးပါလား၊ ဆုံးတဲ့ဥစ္စာကို ဆုံးတာယူခဲ့လို့ ရပ်စဲမသွားဘဲနဲ့ ပြန်ပြီးသကာလ အစ အဝိဇ္ဇာကပဲ ပြန်ပတ်ရတယ်။
      သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿကနေ အဝိဇ္ဇာ ပြန်ပတ်တယ်၊ အဲဒါ မင်းတို့ စဉ်းစားကြတဲ့၊ အားကိုးလွဲမှာ ငါ အင်မတန် စိုးရိမ်တယ်၊ အားကိုးလွဲပြီ ဆိုမှဖြင့် မင်းတို့ ပဋိစ္စ သမုပ္ပါဒ် အဆုံးကနေ ပြန်ပတ်မယ်။
      အဆုံးကပြန်ပတ်တယ်ဆိုတော့ ဦးသံဒိုင်တို့က စဉ်းစား ဖို့ကောင်းပါတယ်၊ အဆုံးက ပြန်ပတ်လို့ ရှိရင် အစပြန်ရောက် မှာပဲ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿက နေပြီး အဝိဇ္ဇာ ပြန်ရောက်မှာပဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဘာကြောင့်ပဋိသန္ဓေဝိညာဏ်ပြန်ပေါ်ပါလိမ့်

      အဲဒီလိုရောက်တဲ့ ပုဂ္ဂိုလ်အပေါင်းကို အစ်မတို့က စဉ်းစားရမယ်၊ ဘယ့်နှယ်ကြောင့် ပြန်ပြန်ပြီး အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်ဆိုတဲ့ ပဋိသန္ဓေနာမ်ရုပ်တွေ ထပ်ထပ်ပြီး ပေါ်ပါလိမ့်မတုံးဆို၊ အို ငါဘုရား မင်းတို့ကို သေသေ ချာချာဟောတယ်၊ အားကိုးလွဲတဲ့ ပုဂ္ဂိုလ်ရတာကွ (တင်ပါ ဘုရား)။
      အားကိုးလွဲတဲ့ပုဂ္ဂိုလ်မှာရတာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ အစ ပြန် ပတ်ရတယ်၊ ပြန်ပတ်လို့ ပဋိသန္ဓေ ပေါ်လာတယ်၊ ဇာတိဒုက္ခ ပြန်ပေါ်လာတယ်၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်ပြန်ပေါ်လာတယ်။
      ဘယ့်နှယ်ကြောင့် အဆုံးကနေ အစပြန်ပတ်ပါလိမ့်မလဲ လို့ မင်းတို့စဉ်းစားကြည့်ပါ။ အဲဒါ အားကိုး လွဲတဲ့ ပုဂ္ဂိုလ် ဖြစ်ထွေ ပဲ၊ အတော် သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ မောင်ချစ်ဆွေ ဘယ်သူ့ ဖြစ်တဲ့တုံးကွ (အားကိုးလွဲတဲ့ သူ ဖြစ်ထွေပါ ဘုရား)၊ အားကိုးလွဲတဲ့ပုဂ္ဂိုလ်၏ ဖြစ်ထွေပဲဆိုတာ သေသေချာချာမှတ်ပါ။

အဆုံးကနေ အစပြန်ပတ်တယ်

      ဟုတ်ပါတယ်ကွ၊ အားကိုးလွဲတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေကို ငါ သေသေချာချာ အကျယ် ပြောပါဦးမယ်၊ မင်းတို့ သည် တစ်သံသရာလုံး ပဋိစ္စသမုပ္ပါဒ်အဆုံးကနေ အစချည်း ပြန်ပြန် ပြီးသကာလ၊ လူတစ်ယောက် သေလိုက် အဆုံးကနေ အစပြန် ပတ်လိုက်၊ သူများသေလည်း အဆုံးက နေပြီး အစပြန်ပတ်တာ၊ သူများသေလည်း သောကပရိဒေဝ ဖြစ်တာပဲ။
      သောကပရိဒေဝက ဘာလို့ဖြစ်ပါသတုံးဆိုတော့ အို မသိတဲ့ ပုဂ္ဂိုလ်မို့ ဖြစ်တာဆိုတော့ အဝိဇ္ဇာ ပြန်ရောက်တယ် (တင်ပါ ဘုရား)။
      ကိုင်း- အဝိဇ္ဇာပြန်ရောက်တော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတဲ့ ကာယကံ ဝစီကံတွေနဲ့၊ မျက်ရည်သုတ်လား အော်လား ဆိုတဲ့ ဝစီကံတွေ လာတော့တာပဲ (တင်ပါ ဘုရား)။ သင်္ခါရ အလုပ်တွေ တစ်ခါတည်းပေါ်လာတယ်။
      သင်္ခါရပစ္စယာ စုတေမနေသေလွန်တော့ ဝိညာဏ် ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်ပေါ်လာတယ်။ ဒါဘယ့်နှယ် ကြောင့် အဆုံးကနေ အစပြန်ပတ်တဲ့အဓိပ္ပါယ်ရောက်ရပါလိမ့် ဆိုတော့ အားကိုး လွဲလို့ပေါ့။
      ဒါကြောင့် ဓမ္မကို အားကိုးကွ၊ ဓမ္မကိုအားကိုး၊ ဓမ္မကို အားမကိုးလို့ရှိရင်၊ မင်းတို့သည် အဆုံးကနေ အစချည်း ပြန်ပတ်နေမယ်ဆိုလို့ရှိရင် ဘယ်မှာ နောက်တစ်ခါဆုံးပြန် အစပြန်ပတ်ပြန်ပြီ အစပြန်ရောက်ပြီ၊ ဒီလိုဆိုလို့ရှိရင်ဖြင့် မင်းတို့ အတွက်ဟာဖြင့် ဘေးကကြည့်လည်း မကောင်းဘူး၊ ကိုယ်ကိုယ် တိုင်ကတော့ အရူးအနှမ်း ပြေးပြေးတာဟာဖြင့် မသိလို့ ရှိပါစေတော့၊ ဘေးကကြည့်လို့ကို မကောင်းဘူး၊ ဘုရားရှင်ကိုယ်တော် မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ကြည့်လိုက်တာ (တင်ပါ ဘုရား)။

အားကိုးလွဲတဲ့ပုဂ္ဂိုလ်၊ အဆုံးကပြန်စတယ်

      ဒါဖြင့် အားကိုးလွဲတဲ့ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ဘယ်ဆက်ပါလိမ့်မတုံး (အဆုံးကနေ အစပြန်ဆက်ပါတယ် ဘုရား)၊ အဆုံးက နေပြီးတော့ အစ ပြန်ဆက်ပါတယ်။ သောက ပရိဒေဝ၊ ဖျတ်ဆို လူတစ်ယောက် ပျက်စီးသွားတယ်၊ အားကိုးတဲ့ပုဂ္ဂိုလ် သောကပရိဒေဝက လာလိုက်တယ် (တင်ပါ ဘုရား)။
      သောကပရိဒေဝက လာလိုက်တဲ့ အခါကျတော့၊ အားကိုးလွဲတဲ့သောကပရိဒေဝကလာပြီ၊ လာတဲ့ အခါကျလို့ ရှိရင် သိသော ပုဂ္ဂိုလ်လာတာလား မသိသောပုဂ္ဂိုလ် သောကပရိ ဒေဝဖြစ်တာလား (မသိသောပုဂ္ဂိုလ် သောကပရိဒေဝဖြစ်တာ ပါ ဘုရား)။
      ဒါဖြင့် သောကပရိဒေဝ ရှေ့ကျတော့ နောက်မသိမှု ဖြစ်ပြီးတော့နေတော့ အဝိဇ္ဇာဘက် ပြန်လှည့်တယ်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလှည့်တယ်၊ ကာယကံတွေနဲ့ ရင်ထု၊ ဝစီကံတွေနဲ့ အော်လို့ ဟစ်လို့ မလာဘူးလား (လာပါတယ် ဘုရား)။
      အဲတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာပြန်လုပ်တော့၊ သင်္ခါရပစ္စယာ ဝိညာဏံပဲလာမယ် မလာပေဘူးလား (လာပါ တယ် ဘုရား)၊ ဒါဘယ်သူတို့၏ ပစ္စည်းတုံး၊ ပဋိစ္စသမုပ္ပါဒ်ကြီးဆုံး နေတဲ့ ဥစ္စာကို ဆုံးတဲ့လက်စနဲ့ မဆက်ပါနဲ့လို့ မေးစမ်းပါတဲ့၊ မေးတဲ့အခါကျတော့ အားကိုး လွဲတဲ့ပုဂ္ဂိုလ်တို့၏ ဖြစ်ထွေကွ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ဘယ်သူတို့၏ ဖြစ်ထွေလည်း (အားကိုးလွဲတဲ့ပုဂ္ဂိုလ်တို့ ၏ ဖြစ်ထွေပါ ဘုရား) အားကိုးလွဲတဲ့ ပုဂ္ဂိုလ်တို့၏ ဖြစ်ထွေဆို ပြီး အတ္တဒီပသုတ်မှာ၊ ဒါကြောင့် ကဲကွာတဲ့ ငါသေသေချာချာ ရုပ်နာမ်ထဲမှာပဲ မင်းတို့ကို ရှင်းပြပါ့မယ်တဲ့ဘုရားက။
      ရုပ်နာမ်ထဲမှာ ရှင်းပြမယ်တဲ့၊ မင်းတို့အားကိုးလွဲတာ ဘယ်ထဲရှင်းပြမတုံး (ရုပ်နာမ်ထဲ ရှင်းပြပါ့မယ် ဘုရား) ရုပ်နာမ် ထဲမှာကို ငါအသေအချာ ရှင်းပြမယ်တဲ့ မင်းတို့အားကိုးလွဲတာ။

ကိုယ့်ခန္ဓာငါးပါးကိုအားကိုးတယ်

      မင်းတို့ဟာတဲ့ မင်းတို့ရူပက္ခန္ဓာကြီးကိုလည်း “ငါ” ထင်တာပဲ ၊ မင်းတို့သည် စားလို့ကောင်း၊ သောက်လို့ ကောင်းတာကို လည်း ငါဟန်ကျပြီလို့ ထင်တာပဲ။ ဝေဒနက္ခန္ဒာကိုလည်း ဒီစာပိုဒ်ကလေး ထားခဲ့တာကို၊ ဒါလေး ကျုပ်တို့ အားကိုးနေရတာ ဆိုပြီး သညာလေးအားကိုးတာပဲ မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား) သင်္ခါရအရေးဆိုတဲ့ စေတနာလေး၊ ဝီရိယလေးတို့၊ အင်း အကြံကောင်း ဉာဏ် ကောင်းလေးတို့ ၊ အပြောအဆို အလည်အပတ်ကလေးတို့၊ အင်း ဒါတွေက သူသင်္ခါရအားကိုးနေတာ လောကီ ဉာဏ်ကလေးပေါ့ လောကီဉာဏ်က သင်္ခါရက္ခန္ဓာကို။
      ကိုယ့်စိတ်ကိုယ်လည်း ကောင်းကောင်းထားတာပါပဲ။ စိတ်ကောင်းတဲ့ တစ်နေ့ကျတော့ မင်းတို့ မငတ်နိုင်ပါဘူးဆိုပြီး၊ ကိုယ့်စိတ်ကလေးလည်း ကိုယ်အားကိုးလိုက်တယ် (တင်ပါ ဘုရား)။
      အမယ် ဘယ်နှစ်ပါးအားကိုးလိုက်တာတုံး (ငါးပါး ပါ ဘုရား)၊ ကိုယ့်ကိုယ်ကို အားကိုးတာ။

အားကိုးအသစ်လည်းရှာတယ်

      အင်း ဒါက ကိုယ့်ခန္ဓာငါးပါးကို ကိုယ်အားကိုးတာ ဒို့တော့ ဒီအတိုင်းနေလို့ ဒီလိုနေလို့ မတော်သေးဘူးလေ၊ အားကိုးတစ်ယောက်တော့ ရှာဦးမှပဲဆိုပြီး ခင်ပွန်းတည်ထောင် လိုက်တယ်၊ တည်ထောင်လိုက်တယ်၊ အားကိုးတစ်ခု ကိုယ့်ကိုယ် လည်းကိုယ် အားကိုးတယ်၊ အသစ်လည်း ရှာလိုက်သေးတယ် (တင်ပါ ဘုရား)။
      အားကိုးတစ်ခုလည်း ရှာလိုက်သေးတယ်၊ ယောက်ျား လည်းထို့အတူ၊ မိန်းမလည်း ထို့အတူပဲ၊ ဦးသံဒိုင် အားတော့ ကိုးကုန်ကြပြီ၊ ဘာတုံးဆိုတော့ ဒီခန္ဓာငါးပါးပဲ လှည့်အားကိုး နေတာ၊ ကိုယ့်ခန္ဓာ ငါးပါးကို ကိုယ့်အားကိုးလိုက်၊ သူများ ခန္ဓာ ငါးပါးကို (အားကိုးလိုက်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာငါးပါး အားကိုးလိုက်ဆိုတော့ ခန္ဓာငါးပါးက ပင်ကိုသဘောက အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

ခန္ဓာကလည်းသူ့သဘောသူပြောတယ်

      ဆိုတော့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တ သဘော မင်းမပြောပါနဲ့ဆိုလို့ ဦးသံဒိုင် ရမှာလား မရပါဘူး မရဘူး ခန္ဓာငါးပါးက သူ့သဘောသူလုပ်မှာပဲ (တင်ပါ ဘုရား)။ 

      သို့သော် ဒကာ ဒကာမတွေက အားကိုးထားတော့၊ သူ့သဘောလည်း ပြလိုက်ပါရော သောက ပရိဒေဝလာတယ် သူ့သဘောပြလိုက်တော့ (သောက ပရိဒေဝလာပါတယ် ဘုရား) ဪ မင်းတို့ ခက်ပါဘိသနဲ့။
      ခန္ဓာက သူ့သဘောပြောလို့ရှိရင် မင်းတို့က ဟုတ်ပါ မေ့လို့ဆိုပြီးသကာလ၊ ဪ ခန္ဓာသဘောဟာ ဒီအတိုင်း ပါလားလို့ မသွားဘဲနဲ့၊ ဖြစ်မှဖြစ်ရလေဆိုတဲ့ သောက၊ ပရိဒေဝကော မလာဘူးလား (လာပါတယ် ဘုရား)။
      ဒါဖြင့် ဘယ့်နှယ်ကြောင့်တုံးလို့ ဒီသောက ပရိဒေဝ လာရသတုံးလို့ သောကဆိုတာ စိုးရိမ်တာ၊ ပရိဒေဝဆိုတာ ငိုကြွေးတာ၊ ဒုက္ခ ဒေါမနဿ-ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ဥပါယာသ - ပြင်းစွာပူပန်ခြင်း။
      တဲ့ ဘယ်ကလာတာတုံးဆိုတော့ အားကိုးလွဲက လာတာပေါ့ကွာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အားကိုးလွဲက လာတာ ဦးသံဒိုင် ရှင်းပလား ဘယ်ကလာတာတုံး (အားကိုးလွဲကလာတာပါ ဘုရား)။

အားကိုးလွဲကုန်ပြီ

      ဒါဖြင့် ကိုယ့်ဟာကိုယ်ခေါ်လာတာ အားကိုးလွဲကုန်ပြီ ကော၊ ဝေဒနာကို ငါထင်၊ သညာငါထင်၊ သင်္ခါရငါထင်၊ ဝိညာဏ်ငါထင်၊ အဲ့ဒါတွေ ရုပ်ကလည်းပျက်လိုက်၊ ဝေဒနာက္ခန္ဓာ ကလည်း သူ့အနိစ္စ သဘောနဲ့ ပြောလိုက်တယ်။
      ခန္ဓာကြီးက၊ သညာက္ခန္ဓာကလည်းပြောလိုက်၊ သင်္ခါရက္ခန္ဓာကလည်းပြောလိုက်၊ ဝိညာဏက္ခန္ဓ ကလည်း သူ့သဘောသူပြောလိုက်တဲ့အခါ ဖောက်ပြန်ပျက်စီးတဲ့ အခါကျတော့၊ နဂိုကလွဲထားတာ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးဗျ။ ဘယ့်နှယ်ဖြစ်နေတုံး (နဂိုက လွဲထားတော့ ဒီလိုဖြစ်မယ်မထင်လို့ပါ ဘုရား)။
      နဂိုက လွဲထားတော့ ဒီလိုဖြစ်တတ်တဲ့ဥစ္စာကို ဘုရားက မင်းတို့အားကိုးရမှာက ဒီဟာ အားမကိုးရဘူး၊ အားကိုးလွဲလို့ရှိ ရင် မျက်ရည်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      အားကိုးလွဲရင် မျက်ရည်ကျမှာပါ ဘုရား)၊ မျက်ရည် ရမယ်ဆိုလိုက်ပါတော့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ဪ ကျုပ်တို့မှာဖြင့် ခိုကိုးရာမဲ့ အားကိုးရာမဲ့ဖြစ် ) နေတယ်လို့၊ တချို့ ဒကာ ဒကာမက ညည်းလုံးများ ထုတ်သေးတယ်၊ ငိုစရာမရှိလို့ဖြစ်မယ် ဘယ့်နှယ်ကြောင့်တုံး၊ (ငိုစရာ မရှိလို့ ရှာနေတာပါ ဘုရား) ငိုစရာ မရှိလို့ ညည်းလုံးထုတ်တာ (တင်ပါ ဘုရား)။

မျက်ရည်ရလေသမျှ၊ ဒိဋ္ဌိက

      နောက်ကျတော့ဖြင့် လိမ်လိမ်မာမာ အေးအေး ချမ်းချမ်းနဲ့၊ ခြယ်ခြယ်လှယ်လှယ်နဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် နဲ့ ရပြီဆိုမှဖြင့် ခန္ဓာငါးပါးသွားအားကိုးလိုက်ပြန်ပြီ၊ အားကိုး တဲ့ခန္ဓာ ငါးပါးက ခန္ဓာသဘောပြောလိုက်တာပဲ ၊ ပြောလို့ ရှိရင် မျက်ရည်ရကြမှာပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ။
      ဒါဖြင့် မျက်ရည်ရတာ မျက်ရည်ပေးလေသမျှ အားမကိုးကောင်းတာ အားကိုးကြတဲ့ ဒိဋ္ဌိကလို့ မှတ်ပါ၊ မျက်ရည်ရလေသမျှ ဒိဋ္ဌိကပဲ ရှင်းပလား၊ မျက်ရည်ရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) စိုးရိမ်မှုရလေသမျှ (ဒိဋ္ဌိ ကပါ ဘုရား)။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) ပြင်းစွာသော မှားခြင်းရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) နောက် အဝိဇ္ဇာ ပြန်လှည့်တာပဲ (တင်ပါ ဘုရား)
      ဒိဋ္ဌိကကြောင့် အဝိဇ္ဇာပြန်ပတ်သွားပြန်ပြီ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ပြီးတော့ အဝိဇ္ဇာ ပြန်လှည့်ပြန်တယ်၊ အဲဒါလည်း ဘယ်သူ့ကြောင့်တုံး (ဒိဋ္ဌိကြောင့်ပါ ဘုရား)။
      အဝိဇ္ဇာပစ္စယာသရာ ပြန်ဖြစ်ပြန်တာကော (ဒိဋ္ဌိကြောင့်ပါ ဘုရား)၊ ဒိဋ္ဌိကြောင့်ပဲ (တင်ပါ ဘုရား)၊ အားကိုးမှားခဲ့ပြီကို (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      အင်း ဒါဖြင့် ဒကာ ဒကာမတွေ တောင် သွား၊ မြောက်သွား သွားကြတယ် ၊ ဘယ့်နှယ်ကြောင့် သွားကြလာကြပါလိမ့်မတုံး ကိုမပြောပါနဲ့၊ အားကိုးရှာ ကြလို့ (တင်ပါ ဘုရား)၊ အားကိုးရှာကြတာ ဘာဖြစ်လို့တုံး ငိုချင်လို့ ရိပ်မိပလား ၊ ဘာဖြစ်လို့ အားကိုးရှာကြတာတုံး (ငိုချင်လို့ အားကိုးရှာကြတာပါ ဘုရား)။
      တောင်သွား မြောက်သွား၊ တောင်ကနေ မြောက်သွား ပြီး ပစ္စည်းရှာပြန်ရင်လည်း၊ ပစ္စည်းက ရူပက္ခန္ဓာကိုကွ ဒါလည်း ငိုချင်လို့၊ ဝေဒနက္ခန္ဓာရှာရင်ကော (ငိုချင်လို့ပါ ဘုရား)၊ ငိုချင်လို့ ချည်းပဲတဲ့။

အားကိုးမှန်နဲ့အားကိုးလွဲကို စဉ်းစားဖို့အချိန်

      အဲတော့ မင်းတို့ဟာကွာတဲ့၊ စဉ်းစားဖို့ ကောင်းပါတယ် တဲ့ ၊ အားကိုးလွဲ အားကိုးမှန်လို့ နှစ်မျိုး ရှိတယ်ဆိုတာ မင်းတို့ စဉ်းစားဖို့အချိန်ရောက်ပြီတဲ့ ရှင်းပလား၊ အားကိုးမှန် အားကိုးလွဲကို စဉ်းစားဖို့ အချိန်ရောက်ပြီတဲ့။
      မင်းတို့ဟာ အားကိုးမှားနဲ့ချည်း၊ ပဋိစ္စသမုပ္ပါဒ် အဆုံး ကနေအစ ပြန်ပတ်နေတဲ့ဥစ္စာ ၊ ခုထက်ထိ လည်း မင်းတို့ မရိပ်မိသေးဘူး၊ အားကိုးရှာတုန်းပဲ အားကိုးမှား ရှာတုန်းပဲ သဘောကျပလား (ကျပါပြီ ဘုရား)။
      အိုတော့ ဆေးပေး မီးယူလို လာသလိုလို၊ ကိုယ့်အိမ် ကိုယ့်ရွာမှပဲ ဟန်ကျသလိုလို၊ ကိုယ့်အိမ် ကိုယ့်ရွာ ဆိုတာ ရူပက္ခန္ဓာဆိုတာပဲ (တင်ပါ ဘုရား)။
      ဘာဖြစ်လို့တုံးဆိုတော့ သူများအိမ်ပျက်တော့ မျက်ရည်မကျဘူးကွ (တင်ပါ ဘုရား)၊ ကိုယ့်အိမ် ပျက်တော့ (မျက်ရည်ကျပါတယ် ဘုရား)။

မျက်ရည်ဆုတောင်းတုန်းရှိသေးတယ်

      ဪ ခက်လိုက်တဲ့ဖြစ်ခြင်း၊ မျက်ရည် ဆုတောင်းတုန်းရှိသေးတယ် ရိပ်မိရဲ့ လား မောင်ထွန်းရင်၊ သညာလေးကော အမှတ်သညာလေး သူအားကိုးနေတယ် (အားကိုးပါတယ် ဘုရား) ဘာဖြစ် လို့တုံး မျက်ရည် ရအောင်လို့။
      အမလေး ကြောက်စရာကြီးပါလား ၊ ဒါဖြင့်ဘုရား သခင်ကိုယ်တော်မြတ်ကြီးက မင်းတို့မျက်ရည်ရတာ အားကိုးမှား ဒိဋ္ဌိကရတာ ပေါ်လာပြီ (တင်ပါ ဘုရား)၊ မျက်ရည်ရတာ ဘယ်ကပါလိမ့် (အားကိုးမှားဒိဋ္ဌိကပါ ဘုရား) အားကိုးမှား ဒိဋ္ဌိက။
      နောင်တစ်ဖန် ပဋိသန္ဓေရတာ လှည့်လိုက်ဦး၊ ဘယ်သူ့ ကြောင့်တုံး (အားကိုးမှား ဒိဋ္ဌိကြပါ ဘုရား)၊ ဪ ဒါဖြင့် ဒို့မျက်ရည်ရတဲ့ ဘဝပေါင်း ဘယ်လောက်ရှိပြီတုံးဆိုတော့၊ မရေ တွက်နိုင်ဘူးတဲ့ ၊ ဒီတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးက အစပြန် ပတ်တာကော ဘယ်လောက်များခဲ့ပြီတုံး မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမတုံး (မရေတွက်နိုင်ပါဘူး ဘုရား) ဒါလည်း မရိပ်မိဘူး။

ထိပ်ချလို့ဓားပြမှန်းမသိသေးဘူး

      “ထိပ်ချလို့ ဓားပြမှန်းမသိသေးဘူး” (တင်ပါ ဘုရား) အလိုက်တာ၊ ထူလိုက်တာက၊ လွန်နေတယ် ဒါဆရာသမားက မြည်တာထက်ကို ထူတာက ပိုနေသေးသလားဆိုတာလည်း အကဲခတ်ပါဦးကွ (ထူတာကပိုပါတယ် ဘုရား)။
      ဒါ ဂုဏ်ယူစရာလားကွ မင်းတို့၊ မဟုတ်ဘူး ဂုဏ်ယူစရာ မဟုတ်တာကိုတဲ့ ဒကာ ဒကာမတွေ ကလည်း တပည့်တော်တို့က လိုတာပေါ့ ဂုဏ်ယူတော့မလို့။
      မကင်းတရားလေး မကောင်းတရားလေး၊ အမလေး မကင်းတရားလေးဆိုတာက မပေါ့သွားဘူးလား၊ မကောင်း တရားလေးဆိုတာကော (ပေါ့သွားပါတယ် ဘုရား) ကိုယ့်အကြောင်း ရှိတော့ ဘယ့်နှယ်လုပ်မတုံးဘုရာ့၊ ကိုယ်ကသွား မထားလို့ရှိရင် အားကိုးလုံးလေးတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
      ဒါ့ကြောင့် တပည့်တော်က တစ်ချက်ခုတ်သုံးချက်ပြတ် လုပ်ခဲ့ရတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ပြီးတော့ မှ အားကိုးတဲ့အမှားဆိုတာ သူသိပြီကိုကွ မင်းအလွဲလိုက်လုပ် နေတာ ဦးသံဒိုင် ဘယ့်နဲ့တုံး အလွဲချည်း လုပ်နေတာဗျ မောင်ထွန်းရင် ရိပ်မိပလား။
      အားကိုးမှန်လား အားကိုးမှားလား အကဲခတ်ပါ (အားကိုးမှားပါ ဘုရား) အားကိုးမှားတဲ့ ဟိုတုန်းက အားကိုးမထားတဲ့ ပုဂ္ဂိုလ်၊ သူ့ဟာသူ အင်္ဂလန်မှာ ဆင်းရဲသား တစ်ယောက်သေသတဲ့ ဆိုရင်၊ သူ့ပေါ်မှာ အားမကိုးတော့ ကျွတ်ထိုးတဲ့ အသံလည်း မလာဘူး၊ ဝမ်းနည်းတဲ့အသံလည်း မလားဘူး(တင်ပါ ဘုရား) အားမှ မကိုးတာဗျ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
      အဲတော့ ကျွတ်ထိုးတယ်၊ ဖြစ်မှဖြစ်ရလေ ဆို တဲ့ဥစ္စာ ခင်ဗျာတို့ အားကိုးမှားကစပြီး ဒါငိုတော့ မလို့သာမှတ်ပေတော့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ဒါဖြင့် သမုဒ္ဒရာလေးစင်းရေထက် မျက်ရည်များ သေးတယ်ဆိုတာ ကောင်းကောင်း သဘောကျပလား (သဘော ကျပါပြီ ဘုရား)။
      အဆုံးကနေ အစချည်း ပြန်ပတ်တာ အဆုံးကငိုပွဲ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အဆုံးကငိုပွဲတဲ့ အစ ကငိုစရာရှာပွဲ၊ အစကငိုစရာ ရှာပွဲ (တင်ပါ ဘုရား)။
      အဆုံးက (ငိုပွဲပါ ဘုရား) အစကျတော့ (ငိုစရာရှာတာ ပါ ဘုရား) မင်းတို့က ငိုစရာရှာပွဲ နောက်ငိုစရာရှာ ပွဲပြတ် သွားတော့ ငိုပွဲ ငိုပွဲကနေပြီး သကာလ ငိုစရာရှာပွဲလုပ်ပြန် တာပဲ ဒီလို ဆက်နေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
      ဒီနေ့ တရား သေသေချာချာ နားထောင်ပါ (တင်ပါ ဘုရား) သေသေချာချာနားထောင်ပါ အားကိုးလွဲတာက သတ္တုချလိုက်တော့ ဘယ့်နဲ့ဆိုကြမတုံး (အားကိုးလွဲတာပါ ဘုရား) အားကိုးလွဲက လာတယ်နော် (တင်ပါ ဘုရား) အစ်မရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာဓမ်မ မဂျဓမ်မကိုအားကိုးပါ

      အေး ဒါကြောင့် ဘုရားက ‘‘အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ’’ တစ်ပါးကိုတော့ မကိုးကြ ပါနဲ့ကွ ဓမ္မသရဏာ လုပ်ပါ (တင်ပါ ဘုရား)။
      ဓမ္မကိုပဲ ငါရှင်းရှင်းပြောပါ့မယ် တဲ့ ဝိပဿနာဓမ္မ မဂ်ဓမ္မယူပါကွ ဒါမှ ငိုဇာတ်သိမ်းမယ် ဒါကြောင့် သတိ ပဋ္ဌာန်းပါဠိတော်က သောက ပရိဒေဝါနံ သမာတိက္ကမာယ သောကပရိဒေဝ လွန်အောင် ငါလုပ်နိုင်တယ်ကွ သတိပဋ္ဌာန်ဘက်က “ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ” ဒုက္ခ ဒေါမနဿလည်း ချုပ်စေနိုင်တယ်ကွ ကိုယ်တော်ကြီးဖြင့် အာပေါက်အောင်ဟောတာ (မှန်ပါ ဘုရား)။
      မပတ်စေနဲ့နော် အဆုံးက အစကို မပြောဘူး လား (ပြောပါတယ် ဘုရား) သောကပရိဒေဝါနံ သမတိက္ကမာယ သူ့လွန်မြောက်အောင်နော် (တင်ပါ ဘုရား) မမှာဘူးလား (မှာပါတယ် ဘုရား)။
      ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ သူတို့ကို ချုပ်အောင် လုပ်နော်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဉာယဿ အဓိ ဂမာယ၊ ဉာယဿ - မဂ်ကို အဓိဂမာယ - ရအောင်လုပ်လိုက်ကွ မဂ်ရအောင် လုပ်လိုက်၊ မဂ်ရအောင် လုပ်လိုက်ဆိုတော့ ဒီထက် တော့ မပြောနိုင်တော့ဘူး၊ မောင်ချစ်ဆွေ ဒီထက်တော့ (မပြောနိုင်တော့ပါ ဘုရား)။
      ဒါဖြင့် ကိုယ်တော်ကြီးမှာ အာပေါက်နေပြီ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား) ကိုယ်တော်ကြီးတော့ အာပေါက် ပြီကွ၊ မင်းတို့က တော်တော်ပေပြီး တော်တော်ကို တေတဲ့လူတွေမို့၊ နားကိုမထောင်ဘူး၊ (တင်ပါ ဘုရား)။
      ကဲ မင်းတို့ စိတ်ထဲက ဒီတက်မကောင်း ဟိုတက်ပြောင်း မှာပေါ့ လှေလှော်သလို (တင်ပါ ဘုရား)၊ ဒီတက်မကောင်း တော့ဆို လည်းဒုက္ခရောက်တာပဲ၊ ဟိုတက်ပြောင်းပြန်တော့ ရောက်တဲ့ အခြားမဲ့၌ (ဒုက္ခရောက်ပါတယ် ဘုရား)၊ ဒီလိုပဲ မနေ ဘူးလား (နေပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

လောကုတ်တရာမဂျကိုသာအားကိုးပါ

      ဒါကို ဘယ့်နှယ်လုပ်ကြမတုံး၊ “ဓမ္မဒီပါ ဓမ္မသရဏာ” ဓမ္မကို သာ ကျွန်းကြီးသဖွယ် အားကိုး လိုက်စမ်းပါ။ အနညသရဏာ သူမှတစ်ပါး ဒိပြင်သွားအားမကိုးလေနဲ့။ ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ် မှတစ်ပါး ကျန်တာ အားမကိုးနဲ့၊ ငါသေသေချာချာမှာတယ်ဆိုတော့ တန်းမကုန် သေးဘူးလား (တန်းကကုန်ပါပြီ ဘုရား)။
      မင်းတို့က ဒီလမ်းမလိုက်လို့ရှိရင် ဘာဖြစ်လိမ့်မတုံး၊ ငိုချင်လို့ဗျ (မှန်ပါ့ ဘုရား)၊ ဒီလမ်း မလိုက်တော့ ဘယ့်နှယ် ဆို ကြမတုံး (ငိုချင်လို့ပါ ဘုရား) ငိုချင်ရုံတင်ပဲလား၊ နောက်တစ်ခါ ငိုစရာ အထည် လိုချင်လို့ ဆိုရင်ကော၊ ပြီးတော့ ဘာဖြစ်ဦးမတုံး မေးတော့ ငိုပွဲဆင်ရဦးမှာပဲ၊ ငိုပွဲဆင်းရဦးမှာပဲ ဆိုရင်ကော လွဲ သလား (မလွဲပါဘူး ဘုရား)။

ညံ့လိုက်တဲ့ဖြစ်ခြင်း

      ဪ ဦးသံဒိုင်ကြီးတို့ ညံ့လိုက်တဲ့ဖြစ်ခြင်း၊ မောင်ထွန်းရင်တို့ အဖြစ်တွေက သိပ်ညံ့လွန်းအား ကြီးတယ်၊ မင်းတို့ စကားသာ ပြောနေတာပဲ မင်းတို့ ဒီဟာအရေးကြီးတယ် လို့ လာကိုမလာဘူး၊ ရိပ်မိပလား။
      ကဲ့ အင်မတန် ဆိုးဝါးနေပြီကွ၊ ခုတော့ ဆိုးဝါးနေတယ် ဆိုတာ ပေါ်ပလား (ပေါ်နေပါပြီ ဘုရား)၊ အဲဒါဖြင့် အားကိုး လွဲတာ အားကိုးလွဲတာသည်ကားဆိုလို့ရှိရင်ဖြင့်တဲ့ ခုနက ခန္ဓာ ငါးပါးကို ခန္ဓာငါးပါး ကြောင့် ငိုရတာကို၊ ခန္ဓာငါးပါးအသစ်ရှာရင် ဒါအားကိုးလွဲတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ခန္ဓာငါးပါးကြောင့် ငိုရတာကို နောက်ခန္ဓာငါးပါး အသစ်ရှာရင် (ငိုရမှာပါ ဘုရား)၊ ဒါဖြင့် အရင်ခန္ဓာ ငိုပွဲဆင်ခဲ့ရ တယ်၊ နောက်ခန္ဓာ မရှိလို့ရှိရင် အငိုဇာတ်သိမ်းမှာပေါ့ (တင်ပါ ဘုရား) ဟုတ်ဘူးလား။

နောက်ခန္ဓာမရှာရင် အငိုဇာတ်သိမ်းမယ်

      အရင်ခန္ဓာငိုပွဲဆင်ခဲ့ရတာ သေချာပြီမဟုတ်လား၊ နောက်ခန္ဓာမရှာရင် အငိုဇာတ်သိမ်းမှာ၊ ငိုပွဲမသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
      ကျုပ်ဖြင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရမှာ ဘယ်တော့မှ မကြိုက်ဘူး၊ ငွေမရှိတာ ကျုပ်အရေး မကြီးဘူး၊ ဒီစိတ်တော့ ထိ ခိုက်တာ ကျုပ်မကြိုက်ဘူး၊ ဒါ အပိုပြောနေတာ အပိုပြောနေ တာ မောင်ထွန်းရင်၊ အားကိုးမှားကြီးရထားလို့ ရှိရင် ဒါ အလကား ပြောတာ၊ သူငိုဖို့စီစဉ်ထားပြီးသား ဘယ့်နှယ် ဆိုကြ မတုံး (ငိုဖို့ စီစဉ်ထားပြီးသားပါ)။
      အဲဒါ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရမှာတော့ ကျုပ်တော့ ဖြင့် အကြောက်ဆုံးပဲ၊ ကြောက်လည်း ကြောက် စီစဉ်ပြီးသားလည်း ဖြစ်နေတယ်၊ ဘယ့်နှယ်ဆိုကြမတုံးကွ (အရူးပါ ဘုရား)။
      ဒိပြင်ဟာ ဆိုစရာမရှိဘူး၊ ကြောက်လည်းကြောက်သတဲ့ ကွ မျက်ရည်ကြီးငယ်ကျရမှာကို၊ ကျစရာက လုပ်ပြီးပလားမေး တော့ (လုပ်ပြီးပါပြီ ဘုရား)၊ မကြောက်နဲ့တော့ ဒါဖြင့် ကျရ တော့မှာပဲ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)၊ သေချာပြီ မောင်ချစ်ဆွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်းမျက်ရည်ကျစရာဘယ်လောက်ရှိသတုံး

      မင်းခင်တဲ့သူ ဘယ်လောက်ရှိတုံး ငါမမေးချင်ပါဘူး ကွာ၊ မျက်ရည်ကျစရာ ဘယ်လောက် ရှိတုံးသာ မေးကြ၊ မမေး သင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ ဒါပဲ အစ်မပြောရ မယ်၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
      တပည့်တော်က လူခင်လူချစ်များတယ်ဘုရာ့ ဆိုလို့ရှိရင် သွားပြီ၊ ဒီလူ မျက်ရည်ပွဲထဲ သွားပြီ၊ ရိပ်မိပလားကွ၊ မင်း စောင်းဟောနေတယ်လို့ အောက်မေ့မနေနဲ့ဦး။
      တပည့်တော်က လူခင်လူချစ် များတယ်၊ သူကလည်း ခင်တဲ့လူပဲ၊ ကိုယ်ကလည်းခင်အောင် လုပ်တတ်တယ်ဘုရား ဆိုလို့ရှိရင် မျက်ရည် အပေါဆုံးလူက သူပဲ၊ ဘာမှ သံသယမရှိနဲ့ (တင်ပါ ဘုရား)။
      ဘယ်သူဖြစ်ဖြစ် ဘယ်သူဘာဖြစ်တယ်ဆိုရင် ဒီထဲက လား အမလေး ကျုပ်အိမ်၊ သောက်အိမ်ဗျ သွားပေါ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငိုပွဲချည်း ပြောတာပဲ

      မင်းတို့အကြိုက်ကလည်း ဘယ်လိုဖြစ်နေတုံးလို့ မေးတဲ့ အခါကျတော့ ချွေမှရတယ်၊ လာမယော့ နှုတ်ချိုမှ ပြည်စိုးသကွ၊ အမလေး လာလိုက်တာ ငိုပွဲချည်းပြောတာပဲ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။ ဘာတွေပြောနေတုံး (ငိုပွဲချည်းပြောပါတယ် ဘုရား)။ ငိုပွဲကို ပြေးတာကို အပြေးကောင်း ထင်နေတာ ရှင်းပလား ဦးသံဒိုင်တို့ ရိပ်မိပလား။
      ဪ ဒီလို တရားစစ်တရားမှန်ကို တကယ်ပြောရ တော့မယ်ဆိုတော့၊ သူ့အကွက်နဲ့သူ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် လက်ကိုင်ထား ပြီးတော့ အမှန်ကို ပြောတော့မှ ဪ ဒို့သည် - သောက ပရိဒေဝါနံ သမတိက္ကမာယ = သောကပရိဒေဝမှ လွန်မြောက်အောင် ဘုရားကလည်း ဟောထားတယ်၊ ဒုက္ခ ၊ ဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒုက္ခဒေါမနဿမှလည်း ချုပ်အောင်၊ ဉာယဿ အဓိဂမာယ = မဂ်ဉာဏ် ရအောင်လို့ သတိပဋ္ဌာန်လုပ်လို့ ဆိုတဲ့ဥစ္စာ၊ သူ့မလုပ်သရွေ့တော့ ငိုပွဲချည်းရ မယ်၊ သူ့ပါဠိတော်လေ ဒီဥစ္စာ ဘုရားက ဟောတာ (တင်ပါ ဘုရား)။

တစ်ပင်လဲရင်တစ်ပင်ထူထဲကလား

      ဘုန်းကြီးက ချဲ့ပြောနေတာမဟုတ်ပါဘူး ၊ သံယုတ်မူတည်ပြီး သတိပဋ္ဌာန်ထည့်လိုက်တာပါပဲ၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့ ဘယ်လိုများ ရှေ့စခန်းသွားကြမယ် စိတ်ကူးတုံးကွ၊ တစ်ပင်လဲမူ တစ်ပင်ထူ ထဲကပဲလား (မဟုတ်ပါဘူး ဘုရား)။
      ဘာ မဟုတ်တာတုံးကွ မင်းတို့ ဒီအိမ်မှာ ခိုင်းစရာလူ တစ်ယောက်မရှိလို့ ဟိုလူတစ်ယောက် ခေါ်လို့ ရှိရင်ဖြင့် ဟိုလူ့ အတွက် ငိုရဦးမှာပဲ၊ အိမ်ခံတင် မဟုတ်ဘူးအစ်မ အိမ်ခံတင် မဟုတ်ဘူး။ 

အားကိုးလွဲရင်ပွဲချည်းပဲ

      အဲဒီတော့ မင်းတို့ကွာ ဖြစ်လိုက်ပျက်လိုက်ပဲရှိတော့ ဒါ ခင်ပွန်းတင်ဆိုတာ မဟုတ်ဘူးကွ၊ အလုံးစုံ အကုန်အားကိုးလွဲ လို့ရှိရင် ငိုပွဲချည်းရမယ်။
      ဒါဖြင့် ဓမ္မဒီပါ ဓမ္မသရဏာ လုပ်လိုက်ရုံပဲ၊ ဓမ္မကို ကျွန်း ကြီးသဖွယ် ဓမ္မသရဏာ ဓမ္မသာလျင် ခိုအောင်းရာ ရှိတယ်လို့ ဦးသံဒိုင်တို့ လုပ်ရမယ်၊ မလုပ်သရွေ့ ကာလပတ်လုံးဖြင့် ငိုပွဲနဲ့ ဟုတ်လား၊ နောက်ငိုပွဲဖြစ်မှုနဲ့ ဒါတွေ ဆက်နေတာ ဒိပြင် ဘာရှိ သေးတုံး (ဘာမှမရှိပါဘူး)၊ ပဋိစ္စသမုပ္ပါဒ်ကို နားလည် ထားမှ ဒါကလည်း ရှင်းတာကိုကွ (တင်ပါ ဘုရား)။

ငိုပွဲဘယ်ကလာသတုံး

      ဒါဖြင့် ငိုပွဲဘယ်က လာသတုံးလို့မေးတဲ့အခါ အားကိုး လွဲကလာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ငိုပွဲ ဘယ်ကလာသတုံး (အားကိုးလွဲက လာပါတယ် ဘုရား)၊ အားကိုးလွဲက လာတယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
      အခုတော့ အသုဘအိမ်ဆိုလို့ရှိရင်ဖြင့် ဘာများဖြစ်နေ လိမ့်မလဲလို့ ဒို့မတွေးပါဘူး၊ ငိုပွဲပဲရှိတယ် ဟုတ်ပြီလား၊ ဘာဖြစ် လို့တုံးဆိုရင်ဖြင့် အဖေတစ်ယောက် သမီးတစ်ယောက် ဒီလိုလာ ဦးမှာကို မလာပေဘူးလား (လာပါတယ် ဘုရား)။
      ဒီလူဘာမှ လုပ်မကျွေးချင်ရင် အသာထားပါ၊ အိမ်ဦး ခန်းမှာ ထိုင်ဖော်ရလို့ အဖေရှိသေးတယ် ပြောရရင် တော်ပါပြီ၊ အားကိုးပုံပြောတာကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
      ဒီဟာလေး ဒီအားကိုးလေး ဒီအားကိုးလေးကို အခု ပြတ်သွားတဲ့အတွက်၊ နဂိုက အားကိုး ထားတာ ပျက်သွားတဲ့ အတွက် ငိုပွဲဆင်နေတာ၊ ဒါဖြင့် ငိုပွဲဟူသ၍ မောင်ထွန်းရင်မှတ် အားကိုးလွဲက လာတာချည်းပဲ အားကိုးမှား၊ အားကိုးလွဲ၊ အဲတော့ ဒါကမြန်မာလိုပြောနေတာ စာလိုပြောတော့ ဒိဋ္ဌိက လာတာချည်းမှတ်လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပြုတ်၍ ငိုပွဲဇာတ်မသိမ်းပါ

      ဒါဖြင့် ဒိဋ္ဌိမပြုတ်သ၍ ငိုပွဲဇာတ်မသိမ်းပါဘူး (တင်ပါ ဘုရား) ရှင်းကြပလား ဒိဋ္ဌိမပြုတ်သ၍ (ငိုပွဲဇာတ် မသိမ်းပါဘူး ဘုရား) ငိုပွဲ ဇာတ်မသိမ်းပါဘူး ဆိုတာ သေချာ ပလား။
      ခင်ဗျားတို့ အသုဘ သွားတဲ့အခါကျတော့ ပျော်ပျော် ရွှင်ရွှင်သွားနေကြသလား၊ မျက်နှာ ညှိုးညှိုးငယ်ငယ်နဲ့ သွားနေ ကြသလားလို့ မေးရုံနဲ့ မင်းတို့ တစ်ပြိုင်နက် အဖြေတူထွက်မှာ (တင်ပါ ဘုရား)၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။
      မျက်နှာညှိုးညှိုးငယ်ငယ်နဲ့ သွားကြရတယ် (ညှိုး ငယ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံးဆို တော့ ထိုက်တန် သလောက် သူအားကိုးထားတာကို ဒီအားကိုးလွဲလို့ ညှိုးငယ်တာ (တင်ပါ ဘုရား)။
      မောင်ချစ်ဆွေ ဘာတဲ့တုံး (အားကိုးလွဲကညိုးစေ တာပါ ဘုရား) ဒါကိုယ်ညှိုးတာ မရိပ်မိဘူး၊ သနားတာပါပဲဗျာ ဘာဟုတ်မလဲ သနားတာပဲလို့ ဖုံးပစ်တာ၊ ဘယ်ဟုတ်မလဲ တစ်ခါတည်း ဒုက္ခ ဒေါမနဿက သူနဲ့ပတ်သက်ပြီး မဖြစ်ထိုက် သေးဘူး ဖြစ်တယ်ဆိုပြီးတော့ တစ်ခါတည်း မျက်နှာညှိုးဖြစ် သွားတယ်။
      ဟိုနီးစပ်တဲ့ပုဂ္ဂိုလ်ကျတော့ နဂိုက သွေးသားကလည်း စပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ တစ်ခါတည်း ယူကျုံးမရ ဖြစ်လာတာပဲ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဘယ်ကလာတာတုံး

      ဒါ ဘယ်က လာတာတုံးကွ (အားကိုးလွဲက လာတာပါ ဘုရား)။ အားကိုးလွဲကလာတာ ဒါဖြင့် အားကိုးလွဲက လာလို့ ရှိရင်ဖြင့် ဒုက္ခဒေါမနဿလာမယ် မလာဘူးလား (လာပါတယ် ဘုရား)၊ အားကိုးမှားရင် ဒုက္ခဒေါမနဿမှ တစ်ပါး တခြား လာစရာရှိသေးရဲ့လား။
      လာရင်လည်း ဒီတင်ရောက်မှာလား၊ အဝိဇ္ဇာ သင်္ခါရ ပြန်ပတ်မှာလား (ပြန်ပတ်မှာပါ ဘုရား) အဝိဇ္ဇာ သင်္ခါရ ပြန်ပတ် မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် (၃၁)ဘုံမှာ မျက်ရည် ဇာတ် မသိမ်းခဲ့ရတဲ့ ဥစ္စာ ဒီနေ့-လက်သည်ပေါ်သွားပြီ (ပေါ်ပါ ပြီ ဘုရား)။

ကံမကောင်းလို့ ငိုတာလား

      ခင်ဗျားတို့ မျက်ရည်ပွဲကြီးနဲ့ တစ်သံသရာလုံး ငိုခဲ့ကြရ တာတွေကို သေသေချာချာ စဉ်းစားတော့ ကံမကောင်း အကြောင်းမသင့်လို့ ငိုရတာ တစ်ခုမှမပါဘူး (မပါပါဘူး ဘုရား)၊ အားကိုးလွဲလို့ (တင်ပါ ဘုရား)။
      မင်းတို့သုံးနေတာက မောင်ထွန်းရင်တို့က သူ့မှာကံ မကောင်းအကြောင်းမသင့်လို့ မျက်ရည် ကြီးငယ်ကျ ရတာ၊ ဘယ်ဟုတ်မလဲ နဂိုက ဒီဥစ္စာ အားမကိုးခဲ့လို့ရှိရင်၊ ဒီဟာကြီး ဘာဖြစ်သွားသွား သူမျက်ရည်မကျဘူး၊ ကျပါ့မလား (မကျပါဘူး ဘုရား)။
      အခုတော့ သူက ဒါတွေအားကိုးထားလိုက်တော့ ခန္ဓာ ငါးပါး၊ ဒါဖြင့် ခင်ဗျားတို့ အတွက်ဟာ အတော် ခက်တယ်၊ ပရမတ်က ပရမတ်အတိုင်းပြောရင်လည်း ခင်ဗျားတို့ က ငိုချင်းချတယ်။
      ပရမတ်က ပရမတ်သဘောပြောရင် (ငိုချင်းချပါတယ် ဘုရား) ခက်ပြီ မောင်ချစ်ဆွေ၊ အစ်မ ဘယ့်နဲ့တုံး (ခက်ပါပြီ ဘုရား) ပရမတ်က သဘောပြောလို့ရှိရင်ဖြင့် ဉာဏ်ဆိုက်ရမှာ ကိုဗျ၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
      ဉာဏ်ဆိုက်ရမှာမဟုတ်လား၊ မဂ်ဉာဏ်ပေါ်ရမယ်၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပေါ် ရမယ် (တင်ပါ ဘုရား)။ မပေါ်တဲ့အပြင် မင်းတို့မှာ ဘာဖြစ်နေတုံး (ငိုချင်းချနေပါတယ် ဘုရား)၊ ငိုချင်းချ နေတယ်။
      ဪ ဘုရားအဆူဆူနဲ့လွဲတာ၊ တရားအမျိုးမျိုး နဲ့လွဲတာ၊ ဘုရားအဆူဆူတရားတွေ ထားခဲ့ပါတယ်၊ သာသနာ ထားခဲ့တဲ့ ဘုရားတွေလည်း မနည်းပါဘူး၊ အဲဒီတရားနဲ့လည်း ပြလိုက်ပါရော၊ ငိုချင်းချတာပဲ (တင်ပါ ဘုရား)။
      တရားပြ ငိုချင်းချ၊ တရားပြ ငိုချင်းချ၊ ရှင်းပလား ဒါဘယ်ကလာတာတုံးကွ (အားကိုးလွဲကပါ ဘုရား)၊ အားကိုး လွဲတစ်လုံးတည်း ဟောနေတာပဲ၊ ဒီနေ့အတွက် ဒိပြင် များများ မပါသေးပါဘူး၊ ဘယ်က လာတာပါလိမ့် (အားကိုးလွဲက လာတာပါ ဘုရား)၊ တယ်ခက်ပါလား မင်းတို့ အင်မတန် ခက်နေပြီ ကွ မောင်ချစ်ဆွေရ။

တရားကိုအားကိုးစမှးပါ

      ဒါဖြင့် ဘုရားက “ဓမ္မဒီပါ ဓမ္မသရဏာ” ဓမ္မအားကိုးစမ်း ပါကွ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ ဓမ္မသရဏာ တဲ့ တရားပဲ ဦးသံဒိုင် အားကိုးစရာရှိတယ်လို့ သေချာမှာတာပဲ၊ ဒီသုတ်မှာ မမှာဘူးလား၊ ဒီတစ်ပုဒ်တည်းနဲ့ ကိစ္စပြီးလောက်ပါ တယ်၊ မပြီးလောက်ဘူးလား (ပြီးလောက်ပါတယ် ဘုရား)။
      ပြီးလောက်ပါတယ် တဲ့၊ ကဲ ဒါဖြင့် ဒီလိုအားကိုးမှား တော့ကိုတဲ့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါကျတော့၊ ဪ သောကပရိဒေဝ ဒုက္ခ ဒေါမနဿဖြစ်မှာ ဘုရားက စိုးရှာလွန်း လို့ အားကိုး မလွဲစေနဲ့ပေါ့။
      သောက ပရိဒေဝ ဒုက္ခဒေါမနဿဖြစ်မှာ သနားလွန်း လို့ (တင်ပါ ဘုရား)၊ ရင်ဝယ်သားကဲ့သို့ သနားတယ် (တင်ပါ ဘုရား)။

အားကိုးမှန်ရင်နိဗ္ဗာန်ပေါ်လာတယ်

      ဒီတော့ ခင်ဗျားတို့က အစ်မတို့ လူစုက အားကိုးတော့ မလွဲစေနဲ့ စကားတစ်လုံး နားထောင်လို့ ရှိရင် သောက ပရိဒေဝ ချုပ်တယ် (တင်ပါ ဘုရား)၊ အားကိုးမလွဲရင် သောက ပရိဒေဝချုပ်တယ်။ “အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလမုတ္တမံ” ဆိုတဲ့အတိုင်း နိဗ္ဗာန်ကြီးပေါ်လာတယ် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။
      အားကိုးမှန်သွားရင် (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)၊ သူ မဂ်ပေါ်အောင် လုပ်လိုက်တဲ့အခါကျတော့ အားကိုး မှန်သွားတော့ နိဗ္ဗာန်ပေါ်လာတယ်။
      အားကိုးလွဲလိုက်တော့ မျက်ရည်တွေထွက်လာတယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မျက်ရည်အစ အားကိုးမှား၊ ဒိဋ္ဌိကပေါ့ကွာ (တင်ပါ ဘုရား)။
      မျက်ရည်အစ (အားကိုးမှားဒိဋ္ဌိကပါ ဘုရား)၊ ဒါဖြင့် မင်းတို့ကတော့ဖြင့် ဦးသံဒိုင်တို့ လူစုတွေ ကတော့ အို-သနား လိုက်တာ သနားတယ် ကျုပ်ဖြင့် မကြည့်ချင်ဘူး။
      မကြည့်ချင်ဘူးဆိုပြီး စိတ်ထဲထိခိုက်တယ်၊ စိတ်တော့ ထိခိုက်တယ်၊ ဘာဖြစ်လို့ မကြည့်ချင် တာတုံး ထိုက်တန် သလောက်အားကိုးရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
      ရှိတယ်တဲ့ ဒီဥစ္စာတွင်ဖြင့် ကိုယ်ကိုင်တဲ့ တောင်ဝှေး လေး ပျောက်သွားတာတောင် စိတ်ပျက် လိုက်တာ လာသေး တယ်(တင်ပါ ဘုရား)။ လာသေးတယ် ကိုယ်ကိုင်တဲ့ တောင်ဝှေး လေး ပျောက်သွားရင် ဘယ့်နှယ်တုံး (စိတ်ပျက်တာ လာပါတယ် ဘုရား) အားကိုးမှားပါပြီကော၊ ဒီတောင်ဝှေးလေးနဲ့ ထောက်သွားနေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
      အဲတော့ ဘယ်ဟာရယ်လို့မဟုတ်ဘူး၊ အားကိုးမှားဟူ သ၍ဟာ သောက ပရိဒေဝကို ကျေးဇူးပြုမှာပဲ (တင်ပါ ဘုရား) ပေါ်ကြပလားကွ (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာမဂ်သာလုပ်ပါ

      ဒါဖြင့်ကွာတဲ့ မင်းတို့အတွက်ဖြင့် မဂ်စစ်ကို ငါမဟော နိုင်သေးပါဘူး၊ ဝိပဿနာ ရှေ့ပြေး မဂ်သာ ငါဟောပရစေဦးတဲ့၊ ဒီသုတ်မှာလာတာ (တင်ပါ ဘုရား) မဂ်စစ်ကို ငါမဟော သေးဘူးတဲ့၊ ဝိပဿနာမဂ်ပဲ မင်းတို့ကို ဟောပရစေဦးတဲ့။
      ဝိပဿနာမဂ်သာ မင်းတို့လုပ်လိုက်လို့ရှိရင်၊ တဒင်္ဂဖြစ် တဲ့ သောကပရိဒေဝ အကုန်ငြိမ်း တယ်ကွတဲ့၊ ဒီသုတ်မှာ ပါတာ တဒင်္ဂသောက ပရိဒေဝ အကုန်ငြိမ်းမယ်တဲ့ (တင်ပါ ဘုရား)၊ ဝိပဿနာမဂ်သာ လုပ်စမ်းပါတဲ့ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
      ဒါဖြင့် မင်းတို့ခန္ဓာကိုယ်ကြီးကို ခန္ဓာငါးပါးခွဲလိုက်ပြီး သကာလ တစ်ပါးပါးကို ဪ အနတ္တ ဖြစ်အောင်၊ အနိစ္စ၊ အနတ္တဖြစ်အောင် ရှုလိုက်ပြီဆိုမှဖြင့် ဪ အားကိုးစရာမရှိ ပါလား ငိုပွဲသိမ်းတယ်။
      ကိုယ်က အားကိုးစရာမရှိဘူး၊ သူ့ကြည့်တော့လည်း အားကိုးစရာမရှိတဲ့အကြောင်း သူက ပြောနေတယ်။ မပြောဘူး လား (ပြောပါတယ် ဘုရား) ခန္ဓာက မပြောဘူးလား (ပြောပါ တယ် တယ် ဘုရား)။
      ပြောတဲ့အခါကျတော့၊ အင်းဒါဖြင့် ပြောလည်း ပြော ရော၊ ကိုယ့်ခန္ဓာထဲ မဂ်ကပေါ်လာတယ်၊ ခန္ဓာကလည်း အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကို ဦးသံဒိုင် ပြော ပါရော ကျုပ်တို့မှာ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ ဘုရား)။

မဂ်ဉာဏ်က စိုးရိမ်မှု၊ ငိုကြွေးမှုကိုငြိမ်းစေတယ်

      မဂ်ဉာဏ်က သောကပရိဒေဝကို သွားငြိမ်းသတ်တယ်၊ နောင်လာလတ္တံ့ သောကပရိဒေဝကို အနာဂတ်လှမ်းသတ် လိုက်တယ်၊ ရိပ်မိကြပလားကွ (ရိပ်မိပါပြီ ဘုရား)။
      ကဲ ဝိပဿနာနဲ့ပဲ တဒင်္ဂဘယ့်နှယ်နေတုံး (ငြိမ်းပါ တယ် ဘုရား) ဝိပဿနာဉာဏ်ကိုကွာတဲ့ တဒင်္ဂ ကျေးဇူးများ တယ်ဆိုတာ ငါဒီသုတ်မှာ ဟောပါတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      မဂ်ဆိုက်အောင်လုပ်လို့ရှိရင်တော့ အကုန်သိမ်းပါ တယ်၊ တဒင်္ဂတာ ငြိမ်းတယ်၊ တဒင်္ဂဆိုတာ ခဏပေါ့ကွာ (မှန်ပါ ဘုရား) ဝိပဿနာမဂ်နဲ့ အလုပ်လုပ်ထားတောင် အားကိုး မှန်ခဲ့လို့ရှိရင်ဖြင့် အဲဒါကို ဒါဖြင့် အားကိုးမှန်ဟာ ဘာတုံးဆိုတော့ လောကီက လောကုတ္တရာမဂ်လို့ အဋ္ဌကထာဆရာက ဖွင့်ဆိုတယ် လောကီက လောကုတ္တရာမဂ် လောကီမဂ်နဲ့ လောကုတ္တရာမဂ် နှစ်ခုအားကိုးကွ။

လောကီမဂ်ကခဏငြိမ်းတယ်

      ရှေးဦးစွာ လောကီမဂ်လာမယ် နောက်လောကုတ္တရာ မဂ်လာမှာပေါ့ကွ၊ အဲဒါ အားကိုးလိုက်လို့ ရှိရင် တဒင်္ဂငြိမ်းတယ် ကွတဲ့။
      လောကီမဂ်အားကိုးရင် တဒင်္ဂငြိမ်းတယ်၊ လောကုတ္တရာ မဂ် အားကိုးလို့ရှိရင် သမုစ္ဆေဒ ငြိမ်းတယ် (တင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      အဲတော့ကို မျက် ရည်ကြီးငယ်ကျရမှာကို ကျုပ် အင်မတန် ကြောက်တယ်လို့ညည်းမနေနဲ့၊ မျက်ရည်ကြီးငယ် ဇာတ်သိမ်းတဲ့ မဂ်ကိုအားကိုးလိုက် (တင်ပါ ဘုရား)၊ ရှင်းပလား ဘာအားကိုး ကြမတုံး (မဂ်ကိုအားကိုးရမှာပါ ဘုရား) မဂ်ကို အားကိုးလိုက်။

မဂျကိုအားကိုးပါ

      အဲတော့ ခန္ဓာကို အားကိုးလို့ရှိရင် သောကပရိဒေဝဖြစ် မယ်၊ မဂ်ကိုအားကိုးလို့ရှိရင် သောက ပရိဒေဝ သိမ်းမယ် (တင်ပါ ဘုရား)၊ ခန္ဓာကို အားကိုးရင် (သောကပရိဒေဝဖြစ်ပါမယ် ဘုရား)၊ မဂ်ကို အားကိုး လိုက်ရင်ကော (သောက ပရိဒေဝ ငြိမ်းပါ့ မယ် ဘုရား)၊ ငြိမ်းမယ်ဆိုတာ ခုန ပါဠိတော် ရွတ်ပြီးပြီ ဟုတ် ဘူးလား။
      “သောကပရိဒေဝါနံ သမတိက္ကမာယ” ဘုရားအဆူဆူ ဖွင့်မှာကိုကွ ဒီဥစ္စာ၊ သတိပဋ္ဌာန် ပါဠိတော်ကိုကွ၊ ဒုက္ခ ၊ ဒေါမနဿာနံ အတ္ထင်္ဂမာယ ဒုက္ခဒေါမနဿကလည်း မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဉာယဿ ဆိုတယ်။

ခန္ဓာကိုအားမကိုးပါနဲ့

      ဉာယဿပြီး မဂ္ဂဿကို၊ မဂ်ပဲကွတဲ့ တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘာအားကိုးရမတုံး (မဂ်ကို အားကိုးရမှာပါ ဘုရား) ခန္ဓာကို အားမကိုးနဲ့ မဂ်ကို (အားကိုး ရမှာပါ ဘုရား)။
      အဲတော့ မဂ်ကို အားကိုးလိုက်လို့ရှိတော့၊ သောက ပရိဒေဝတွေက ငြိမ်းသွားတော့၊ ပြန်ပြီး အဝိဇ္ဇာ သင်္ခါရ လှည့်သေးရဲ့ လား (မလှည့်ပါဘူး ဘုရား) ဒါဖြင့် သံသရာပြတ် တယ် (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။
      ခန္ဓာကို အားကိုးလိုက်တဲ့အခါကျတော့ ခန္ဓာက အနိစ္စ သဘော ဒုက္ခသဘော အနတ္တ သဘောပြောလည်း ပြောပြီး ရော
      သောက ပရိဒေဝ ထတောက် တယ် (တင်ပါ ဘုရား) မတောက်ဘူးလား (တောက်ပါတယ် ဘုရား) တောက်ပြီးတာနဲ့ အဝိဇ္ဇာ သင်္ခါရဘက်ပြန်လှည့်သွားတယ်။
      ခန္ဓာကို အားကိုးလို့ရှိရင်ဖြင့် သောကပရိဒေဝရမယ်၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)၊ မဂ်ကိုအားကိုးလို့ ရှိရင် သောကပရိဒေဝ သိမ်းမယ်ငြိမ်းမယ် ဆိုရင် ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ဒီဓမ္မကိုသာ အားကိုးကြ ရင် အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဓမ္မဒီပါ ဓမ္မသရဏာ” ဒီဓမ္မကိုသာ အားကိုးကြ၊ ငါသေချာမှာ ခဲ့တယ် မင်းတို့ကို မျက်ရည် ဇာတ်သိမ်းတာဖြင့် ဒီနည်းပဲ ရှိတယ် (တင်ပါ ဘုရား)။
      သံသရာစခန်းသတ်တာကော (ဒီနည်းပါပဲ ဘုရား)။ ဒီနည်းပဲရှိတယ်ဆိုတော့ ဦးသံဒိုင်တို့ ဒါမှတ်လိုက်ဖို့ကောင်း တယ် (မှန်ပါ ဘုရား)၊ မောင်ထွန်းရင် ဘယ့်နှယ်တုံး (မှတ်လိုက်ဖို့ ကောင်း ပါတယ် ဘုရား) မှတ်လိုက်ရမှာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
      ဒါဖြင့် ဒီတရားဟာ နောက်ကို ဘယ်သူငိုတယ်ဆိုတာ ကြည့် ဦးသံဒိုင်တို့ကနော်၊ ဘယ်သူ မျက်နှာ မသာမယာ ရှိလဲ ဆိုတာကြည့်၊ အားကိုးလွဲကချည်းလာတာ၊ ဆောင့်ငင် အောင့်ငင်နဲ့ သွားလို့ရှိရင်ကော ဘာထင်ကြတုံး အားကိုးလွဲပဲ ဦးသံဒိုင် ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။
      ဒါဖြင့် မျက်စိမျက်နှာ မကြည်မသာ အလုပ်ဟူသ၍ ကား ဘယ်ကလာတာတုံး (အားကိုးလွဲက လာတာပါ ဘုရား)။ အရှက်မရှိအောင် ငိုပွဲဆင်၊ အဝတ်တွေ မသိမ်းနိုင် မဆည်းနိုင် လောက်အောင် ဘယ်က လာတာတုံး (အားကိုးလွဲက လာတာပါ ဘုရား)။
      ဒါ ဘာတုံးဆိုလို့ ရှိရင်ဖြင့်တဲ့ ဓမ္မကို အားမကိုးဘဲနဲ့ သဘောကျပလား၊ ဓမ္မကို အားမကိုးဘဲနဲ့ ခန္ဓာကို သွားအား ကိုးလိုက်တာ ရှင်းပလား၊ ခန္ဓာငါးပါးကို ယောက်ျားမိန်းမ လုပ်ပြီး တစ်ခါတည်း အကြီးအကျယ် အားကိုး နေလိုက်တယ်၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာထဲဝိပဿနာရှုပါ

      ကဲ ဒါဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်လည်းမချမ်းသာ ဘူး ဆိုလို့ရှိရင်၊ ကိုယ့်ကိုယ်မြန်မြန် ဝိပဿနာ ရှုလိုက်၊ကိုယ့်ခန္ဓာ ထဲ တစ်ခုခု မြန်မြန်ရှုပါ၊ ဝေဒနာကြိုက် ဝေဒနာရှု၊ စိတ်ကြိုက် စိတ်ရှု၊ မြန်မြန်ရှုလိုက်လို့ရှိရင်ဖြင့် သောကပရိဒေဝ ငြိမ်းသွား တာပဲ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
      သို့မဟုတ် လို့ရှိရင် သူ့ကြောင့်ကိုယ့်ကြောင့်သာ ရှုပ်နေရင်တော့သွားပြီ ငိုပွဲသာ လာတော့မှာပဲ၊ မောင်ထွန်းရင် သူ့ကြောင့် ကိုယ့်ကြောင့် ရှုပ်ရင်ဘာတုံးဗျ (ငိုပွဲလာမှာပါ ဘုရား)။

“သူ” “ကိုယ်” နှိပ်စက်နေတယ်

      အဲတော့ ခင်ဗျားတို့မှာလည်း ငိုပွဲဆင်ရအောင်ပဲ သူရှိ အောင်လည်းလုပ်ထားတယ်၊ ကိုယ်ရှိအောင်လည်း လုပ်ထား တာ ဒိဋ္ဌိဗျ (တင်ပါ ဘုရား)။
      သူရှိအောင်လုပ်ထားတာကော (ဒိဋ္ဌိပါ ဘုရား) ကိုယ်ရှိ အောင် လုပ်ထားတာကော (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ မှာဖြင့် သူ ကိုယ်နှိပ်စက်နေတယ်၊ မောင်ထွန်းရင် ဘယ်သူ နှိပ်စက် နေတာတုံး (သူ ကိုယ်နှိပ်စက်နေပါတယ် ဘုရား)၊ သူကိုယ် နှိပ်စက်နေတယ်ကွ၊ သူ့ကိုယ်သူ သူလို့ လုပ်ထားပြန်တော့ သူက နှိပ်စက်တယ်၊ ကိုယ့်ကိုယ်ကို ကိုယ်လုပ်ထားပြန်တော့ ကိုယ်က နှိပ်စက်တယ်။

အားကိုးမှန်မှ ကိုက်မယ်

      ဒါဖြင့် သူ ကိုယ်နှစ်ခုသည်ကားလို့ရှိရင် ဒိဋ္ဌိက လာတာ ချည်းပဲ ရှင်းပလား၊ ငါရှိတော့ ငါ့ဥစ္စာကိုကွ၊ အတ္တမို့ အတ္တနိယ ပေါ်ပလား။
      ဒါဖြင့် ဒကာ ဒကာမတွေမှာ စိတ်မချမ်းသာ လက် မချမ်းသာနဲ့ ပျော်တာက နည်းနည်း၊ ငိုပွဲကများများ၊ ဒါအားကိုး လွဲကလာတာချည်းပဲဆိုတဲ့ အဓိပ္ပါယ် ရှင်းလောက်ပါပြီကွ (မှန်လှပါ ဘုရား)။
      ဒါဖြင့် မင်းတို့ တဒင်္ဂငြိမ်းမှ လောကုတ္တရာငြိမ်းမှာ (မှန်ပါ) အားကိုးမှန်မှ ကိုက်မယ်ဆိုတဲ့ဥစ္စာကို ဒီတရား နိဂုံးချုပ်လိုက်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
      ကဲတော်ပြီ။
      သာဓု သာဓု သာဓုပါ ဘုရား။

,(မိုးကုတ်ဆရာတော်ဘုရားကြီး)