အကုသိုလ်တရား(၃)ပါး ဖြစ်တဲ့ ....
             "လောဘ၊ဒေါသ၊မောဟ" ဆိုတဲ့ စကားလုံးတွေကတော့... ဓမ္မမိတ်ဆွေတို့အတွက် စိမ်းတဲ့ စကားလုံးတွေမဟုတ်ပါဘူး။
             ဒါပေမယ့်...
             မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တွေအနက် အများစုဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြတဲ့အလျောက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပေမယ့်လည်း၊ ဗုဒ္ဓစာပေတွေ လေ့လာ လိုက်စားမှုမှာကျတော့ အားနည်းကြတဲ့ သူတွေက များလှ ပါတယ်။ 
             အခုလို "လောဘ၊ဒေါသ၊မောဟ" ဆိုပြီး ပြောလိုက်တာနဲ့ " လောဘ နဲ့ ဒေါသ" ဆိုတာကိုတော့ အလွယ်တကူ နားလည်သဘောပေါက်ကြပါတယ်။
             ဒါပေမယ့်..
            "မောဟ" ဆိုတဲ့ အဓိပ္ပါယ် ကိုတော့ ရေရေရာရာနဲ့ တိတိကျကျ နားမလည်ကြတာတွေ တွေ့ရပါတယ်။
             "လောဘ နဲ့ ဒေါသ " ဖြစ်နေတဲ့အချိန် ဆိုတာ..သတိထားမယ်ဆိုရင် သတိထားမိပေမဲ့..
         "မောဟ" ဘယ်အချိန်ဖြစ်သလဲဆိုတာ မသိတဲ့လူ အတော်များပါတယ်။
           တစ်ချို့က..."အိပ်ပျော်နေတဲ့အချိန် " မောဟ " ဖြစ်ပါတယ်"...တဲ့၊ မမှားပါဘူး။
            ဘယ်အချိန်မှာ "မောဟ " ဖြစ်သလဲဆိုရင် " လောဘ၊ ဒေါသ " မဖြစ်တဲ့ အချိန်ဟာ "မောဟ " ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။
             ဘာဖြစ်လို့ " မောဟ" ဖြစ်နေရသလဲဆိုရင်တော့....
              " သတိ" ကပ်မနေလို့ ပါ
လို့ ပဲ ဖြေပါရစေ။
             ဦးစွာအကြမ်းဖျင်းအနေနဲ့ ပြောရရင်..." လောဘ"ဆိုတာ...
             တက်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ် တပ်မက်ခြင်းသဘော။
"လောဘ" ဟာ ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေကို ဘယ်သောအခါမှ " မရောင့်ရဲ မတင်းတိမ်စေဘဲ" အာရုံအသစ်တွေ ကို အမြဲ ရှာဖွေနေစေပါတယ်။
               အဲဒီ"လောဘ" နဲ့ သေသူ ရဲ့ လားရာဂတိ ကတော့ " ပြိတ္တာပြည်" ပဲ ဖြစ်ပါတယ်။
              " ဒေါသ" ဆိုတာကတော့
ပစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။
               " ဒေါသ" နှင့်တူတဲ့ အပြစ်ပါ လို့ မြတ်စွာ ဘုရားဟောထားသည်နှင့်အညီ "ဒေါသ"ဟာအဖျက်ဆီးတတ်ဆုံးသောတရားဖြစ်ပါတယ်။ မြွေပွေးမြွေဟောက်နှင့်တူတယ်လို့ တောင် ဆိုပါတယ်။ တက်ကြွတဲ့ " ဒေါသ" က သာဖျက်ဆီးတတ်တာမဟုတ်ပါဘူး။ ဆုတ်နစ်နေတဲ့ "ဒေါသ" ကနေဖြစ်တဲ့ စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊လွန်ကဲစွာပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေပါတယ်။
ဒီ "ဒေါသ" နဲ့ သေတဲ့သူ ရဲ့ လားရာဂတိ ကတော့ "ငရဲပြည်"သာဖြစ်ပါတယ်။
          "မောဟ" ဆိုတာကတော့...
           တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။
            "မောဟ" ဟာ ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော ဖြစ်တဲ့ လောက အမှန်တရားတွေကို မသိအောင် ဖုံးကွယ်ထားပြီး သတ္တဝါတွေကို အမှောင်တိုက်၌ ကျင်လည်စေပါတယ်...။
             "မောဟ"နဲ့ သေတဲ့သူ ရဲ့ လားရာဂတိမှာတော့ တိရစ္ဆာန်ပြည် ဖြစ်သာဖြစ်ပါတယ်။
              ခုနပြောခဲ့သလို မိရိုးဖလာ သာမန် ဗုဒ္ဓဘာသာဝင် တို့ အနေနဲ့ ဒီလောက်ကတော့ သိထားကြမယ်ထင်ပါတယ်။
            ဒီထက် နည်းနည်း အကျယ်ချဲ့ပြီး "မောဟ" အကြောင်းရှင်းပြရရင်..
"လောဘ၊ ဒေါသ၊ မောဟ" အကုသိုလ် ( ၃ ) ပါးရှိတဲ့အနက် "မောဟ" ဟာ ကြောက်စရာအကောင်းဆုံး "အကုသိုလ်" ပဲ ဖြစ်ပါတယ်။
             " မောဟ" ရဲ့သဘော ဟာ "အကုသိုလ်"ကိုသာ ဖြစ်စေပြီး "အပါယ်"ကို ဆွဲချတတ်သည့်သဘောရှိပါတယ်။ 
              အကုသိုလ် အလုပ်တွေရှိတဲ့အနက်၊ ဘယ် အကုသိုလ်အလုပ်ကိုပဲ လုပ်လုပ်၊" မောဟ"က ပါစမြဲပင်ဖြစ်ပါတယ်။ အကုသိုလ်စိတ် ဖြစ်တိုင်း၊ ဖြစ်တိုင်း မှာ ဒီ "မောဟ" စိတ် မပါရင် မပြီးပါဘူး။ လောဘဖြစ်ရင် သော် လည်းကောင်း၊ ဒေါသ ဖြစ်ရင် သော် လည်းကောင်း၊ မာနဖြစ်ရင် သော်လည်းကောင်းအစရှိတဲ့ အကုသိုလ်စိတ်တွေ ဟာ" မောဟ" နဲ့ အတူ ယှဉ်တွဲ ပြီး ဖြစ်ကြ ရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ 
          ဒါ့ကြောင့် "အဘိဓမ္မာ" မှာလည်း ပြဆိုထားပါတယ်။
           အကုသိုလ်စေတသိက် (၁၄) ပါး မှာ "မောဟ စေတသိက်"ဟာ ထိပ်ဆုံးကပင် နေရာ ယူထားတာ တွေ့ ရပါတယ်။
         " မောဟ" ရဲ့အဓိပ္ပာယ်ကို တွေဝေခြင်း၊ အမှန်အမှားမခွဲခြားနိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆို ကြပါတယ်။
          အခုပြောတဲ့ " တွေဝေခြင်း"ဆိုတာ ကတော့ အလုပ်တွေ များလွန်းလို့ ဘယ်အလုပ်ကိုစပြီး လုပ်ရမှန်းကို မဆုံး ဖြတ်နိုင်ဘဲ "တွေဝေနေခြင်း"ကို ဆိုလိုတာမဟုတ်ပါဘူး။
            "ကုသိုလ်၊အကုသိုလ်" ကို မသိဘဲ "တွေဝေနေခြင်း"ကိုသာ ဆိုလိုခြင်းသာဖြစ်ပါတယ်။
              အမှန်တော့ "မောဟ"ဟာ သက်ရှိသတ္တဝါတွေ ကို ဒုက္ခပေးတဲ့နေရာမှာ အဓိကအခရာ ကျနေပါတယ်လို့ ပြောရမှာပါပဲ။
             သက်ရှိသတ္တဝါလို့ ဆိုလိုက်တဲ့အနက် ဆင်ခြင်တုံ တရား၊အသိဉာဏ်ကင်းမဲ့တဲ့ တိရိစ္ဆာန်တို့ အဖို့ တော့ " မောဟ" က အစဉ် ကိန်းအောင်းနေတယ်ဆိုတာကတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ 
            ဒါပေမယ့် အသိဉာဏ်ရှိရက်သားနဲ့ " မောဟ" ကိန်းအောင်းနေတယ်ဆိုတဲ့ လူ တစ်ယောက်အတွက်ကတော့ဖြင့် အတော်ကိုသနားစရာပါပဲ။ "လူဖြစ်တာ ရှုံးတယ်"လို့သာ ပြောရမှာပါပဲ ဖြစ်ပါတယ်။
              ဘာလို့လဲ ဆိုတော့ "မောဟ"ရဲ့ အလုပ်တာဝန် က အကုသိုလ်ကိုပြုလုပ်ဖို့ အတွက် သာပဲ အားပေး အားမြောက် ပြုတတ် တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ "မောဟ"ဟာ လူတွေကို "အကုသိုလ်ကို ပြုလုပ်မိမှန်း မသိအောင်ညှို့ယူ ဖမ်းစား"ထားတတ်ပါတယ်။ လူ့လောက မှာ ပြောတတ်ကြတဲ့ စကားတစ်ခု ရှိပါတယ်။
"မကောင်းတာကို သိလျက်နဲ့ လုပ်မိတာပါ" လို့ ပြောတတ်ကြပါတယ်။
အဲဒီ စကားဟာ မှန်တယ်လို့ ပြောနိုင်သော်လည်း အတိအကျမှန်တယ် ို့ မဆိုထိုက်ပါဘူး။
            မကောင်းတဲ့ အရာကို ပြုလုပ်တယ် ဆိုကတည်းက ပြုလုပ်နေတဲ့ အချိန်မှာ "မသိလို့ဘဲ " ဖြစ်ပါတယ်။
            ဆိုလိုတာကတော့.. 
            "အကုသိုလ် " လုပ်နေချိန် မှာ မောဟစိတ် ဦးဆောင်နေခြင်းဖြစ်သာ ဖြစ်လို့၊ အဲဒီ "အကုသိုလ်ကို အကုသိုလ်မှန်းမသိခြင်း" သာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့သာ ကျူးလွန်ကြခြင်းဖြစ်ပါတယ်။
            ဥပမာ...
             အရက်သမားတစ်ယောက် ဟာ အရက်သောက်ခြင်းကိုမကောင်းမှန်းသိနေပေမဲ့လည်း ဆက်ပြီးသောက်မြဲသောက်ပါတယ်။ 
          ဒီအရက်သမားဟာ အမှန်လက်တွေ့မှာ "အရက်သောက်ခြင်းအကုသိုလ်"ကို "တကယ်မကောင်းပါဘူး"လို့ ဆိုတာ ကို မသိလို့သောက်နေခြင်းသာဖြစ်ပါတယ်။ မကောင်းတာကို မကောင်းမှန်း၊ တကယ်သိရင် အဲဒီလူဟာ ဒီအကုသိုလ်ကိုပြုလုပ်တော့ မှာ မဟုတ်ပါဘူး။ အရက်မူးနေတဲ့ ပုဂ္ဂိုလ်တွေ မှာ "မောဟစိတ်"ဟာအမြဲ လွှမ်းမိုးနေပါတယ်။ ဒါကြောင့်"အကုသိုလ် " အလုပ်တွေကို အရက်သောက်ထားရင်၊ လွယ်ကူစွာပင် ကျူးလွန်မိတတ်ကြပါပေတယ်။
            နောက်ပြီးတော့...
             ရူးသွပ်နေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း "မောဟ"စိတ်ဟာ လွှမ်းမိုးနေပါတယ်။ ဒါ့ကြောင့် စိတ်မနှံ့တဲ့ သူဟာ၊ မိမိဖာသာ မိမိဘာတွေကို လုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။
            "မောဟစိတ်" နဲ့ ဖြစ်ပြီး သေရတဲ့ အကြောင်းကြောင့် ဖြစ်လာရမယ့် အကျိုးဆက်တွေ ကတော့ "တိရစ္ဆာန်ဘုံ ဘဝ" ကို ပဲ လားရမည် ဖြစ်ပါတယ်။ 
             တိရစ္ဆာန်တွေဟာ မောဟစိတ် တွေ နဲ့ပဲ နေထိုင်ကြပါတယ်။
             " မောဟ " ဆိုတာက..
              "မကောင်းဘူး"ဆိုတာကိုလည်း "ကောင်းတယ်" လို့ထင်မြင်နေပါစေတယ်။ 
                 "ကောင်းတယ်"ဆိုတာကိုကျတော့ "မကောင်းဘူး"လို့ ထင်မြင်နေပြန်ပါတယ်။
            ဒါ့ကြောင့်မို့ " မောဟ" ဟာ ဘယ်လိုနည်းနဲ မှ အကောင်းကို အကောင်း လို့၊ မကောင်းတာကို မကောင်းတာ လို့ အမှန်အတိုင်းမြင်ဖို့ရာ အကြောင်းမရှိနိုင်ပါဘူး။ 
              တစ်နည်းပြောရလျှင်တော့...
              " အကုသိုလ်"ကို "ကုသိုလ်"လို့ မြင်တယ်။
              "ကုသိုလ်" ကို "အကုသိုလ်"လို့ မြင်ပါတယ်။
               အဲဒါကတော့.. "မောဟ" ရဲ့ လှည့်စားနိုင်တဲ့အစွမ်းသတ္တိ ဖြစ်ပါတယ်။
            အမှန်တရားကို မမြင်နိုင်ခြင်းဟာ "မောဟ" အမှောင်ထုကပိတ်ဖုံးထားလို့ သာဖြစ်ပါတယ်။ "မောဟ"ကို "မသိမှုအဝိဇ္ဇာ လို့ လည်းခေါ်ပါတယ်။ 
ဘယ်အအရာကို မသိတာလဲ လို့ ဆိုရင်တော့..
♦️အမှန်တရားကို မသိမှု။
♦️ သစ္စာတရားကို မသိမှု လို့ပဲ ဖြေရပါမယ်။ 
♦️ ဒုက္ခသစ္စာကို မသိမှု၊
♦️ သမုဒယသစ္စာ ကို မသိမှု၊
♦️ နိရောဓသစ္စာကို မသိမှု၊
♦️ မဂ္ဂသစ္စာ ကို မသိမှု စတဲ့ အဲဒီ အမှန်တရားတွေ မသိမှုတို့ကိုရည်ညွှန်းပါပေတယ်။
            "မောဟ" အားကြီးနေသူများဟာ နေ့အလင်းရောင်တွင် နေထိုင်နေသော်လည်း၊ "မောဟ" အမှောင် ဖုံးလွှမ်းနေတဲ့ အတွက်ကြောင့်...
"အလင်းတွင်နေပြီးမှောင်နေသူများ"လို့ ပင် ခေါ်ဆိုနိုင်ပါတယ်။
              အမှောင်ထဲတွင် နေထိုင်သူသည်အမှန်ကို အမှန်တိုင်း မြင်နိုင်ဖို့ရာမဖြစ်နိုင်သလို ၊ "မောဟ အဝိဇ္ဇာ" ဟာ ပညတ် ကိုသာ မြင်ပြီး "ပရမတ်"ကိုကားမမြင်နိုင်ပါ။ လောကရဲ့ လှည့်စားထားမှုကိုသာမြင်ပါတယ်။ 
             ပြီးတော့..ဉာဏ်ကို အသုံးပြုပြီး အဆုံးစွန် သော အမှန်တရားကို ထိုးဖောက် မြင်နိုင်စွမ်းမရှိပါဘူး။ 
           ဥပမာ - 
          လူတစ်ယောက်ကို မြင်ရင် လူလို့သာပဲ "ပညတ်"ကိုသာ မြင်ပါတယ်။
           အဲဒီလူကို "ခန္ဓာငါးပါး" ဖြစ်တဲ့...
           ရူပက္ခန္ဓာ၊ 
           ဝဒေနာက်ခန်ဓာ၊
           သညာက်ခန်ဓာ၊ 
           သင်္ခါရက္ခန္ဓာ၊
           ဝိညာဏက္ခန္ဓာ.. ဆိုတဲ့ အပေါင်းအစုကြီးဟု မမြင်မိပါဘူး။ 
            ဒါ့ကြောင့် အဝိဇ္ဇာအမှောင်ထုက ကာဆီးထားရင်.. "ပရမတ်"တရားကိုထိုးထွင်းသိမြင်ဖို့ရန်လွယ်ကူမှာ မဟုတ်နိုင်ပါဘူး။
             တကယ်တော့ "မောဟ" ဟာ "မသိမသာ " ဒုက္ခပေးနေတာလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့..
             မသိလို့ မသာ (သေခြင်း) ဖြစ်နေကြသည်မှာ ငြင်းနိုင်ဖွယ်မရှိိပါဘူး။
             မသိခြင်းဟာ "မောဟ"။
             မသာ ဖြစ်ခြင်းသည် "ဆင်းရဲဒုက္ခ"။
              တစ်နည်းဆိုရရင် အဝိဇ္ဇာ ကြောင့်သံသရာမှာ မိိမိတို့၏ အသွေးအသား ခန္ဓာအသုဘ တွေ ဟာ တောင် လို ပုံနေခဲ့ကြတာ မသိလို့ပါ။ ဒါ့ကြောင့် "မသိလျှင်မသာ" ဖြစ်သည် ဆိုတဲ့ စကားဟာ အမှန်တရားကို ထုတ်ဖော် ပြောကြားထားပေသည်။ 
           "သတိ မရှိတဲ့ သူဟာ သေနေတဲ့သူနှင့်တူပါပေတယ်"။ အထူးသတိထားဖို့ ကောင်းပါတယ်။
           သေခြင်းတရားကင်းရာ လွတ်မြောက်ရာ လမ်းကို မသိသေး သ၍၊ ကျင့်ကြံအားထုတ်မှု မရှိသေး သ၍ ကတော့ သေခြင်းတရား နဲ့ ပဲ ရင်ဆိုင်နေကြရအုံးမှာပါပဲ။
               မိမိ၏ စိတ်သန္တာန် မှာ "မောဟ" မဝင်ရောက်လာ စေဖို့ အတွက် ပြုလုပ်ရမည့်နည်းလမ်းကတော့ "သတိ" ကိုအားကောင်းအောင်ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ 
              "သတိစိတ် " ဖြစ်နေခိုက်မှာ" မောဟ"စိတ်လုံးဝမဖြစ်ပါဘူး။ သတိဟာ အကုသိုလ်စိတ် မဝင်ရောက်နိုင်အောင် တားဆီးပေးတယ်။ ကာကွယ်ပေးပါတယ်။
             ဒီလို "သတိ" အမြဲရှိနေဖို့ဟာ ဉာဏ်နဲ့ ဆင်ခြင်ရမှာဖြစ်ပြီး ဉာဏ်အလုပ်ဖြစ်တဲ့ "ဝိပဿနာ" အားထုတ်ခြင်းအလုပ်ကို အားထုတ်ရင်း အလေ့အကျင့်ပြုလုပ်ကြရမှာဖြစ်ပါတယ်။
           ဒါ့ကြောင့်ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသည့် သတိပဋ္ဌာန်တရားလေးပါးဖြစ်တဲ့..
♦️ ကာယာနုပဿနာသတိပဋ္ဌာန်၊
♦️ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
♦️ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
♦️ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊
      ...စတဲ့ သတိပဋ္ဌာန်တရား လေးပါးဖြစ်တဲ့ တရားရှုမှတ်နည်းတို့ဟာ "မောဟ" စိတ်ကို မဖြစ်စေရန် ကျင့်ကြံရမည့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 
           အချိန်တိုင်းသတိကပ်ထားနိုင်မယ်ဆိုရင် "မောဟစိတ်" အတွက် နေရာလွတ် ရှိမှာမဟုတ်တော့ပါဘူး။
          "မောဟစိတ်" အတွက် နေရာမရှိတော့လျှင် "ကုသိုလ်စိတ်"တွေသာ နေရာယူနိုင်တော့မှာသာ ဖြစ်ပါတယ်။
            သံသရာ အစကလည်း မသိမှုမောဟ အဝိဇ္ဇာ နဲ့ပင် စခဲ့ကြရတယ်။ ဒါ့ကြောင့် ဆရာတော်ကြီးတွေက ဘယ်လို မိန့်ကြားထားကြသလဲဆိုတော့ -
           "သံသရာ ဘယ်ကစ..မသိတာက စ၊
သံသရာ ဘယ်မှာဆုံး...သိ တစ်လုံးမှာဆုံး..တဲ့။
             ဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္ဗာန်မပြုခင်နောက်ဆုံး မိန့်မှာခဲ့တဲ့ စကားကတော့...
            "အပ္ပမာဒေန သမ္ပာဒေထ" တဲ့ "သတိတရား နဲ့ အမြဲ နေကြဖို့ " မိန်ကြားသွားခဲ့ပါတယ်။ဗုဒ္ဓမြတ်စွာဘုရား ရဲ့ ဂုဏ်ကျေးဇူးတော်ကားကြီးမားလှပါပေတယ်။
               "မောဟ" ရဲ့ ဆန့်ကျင်ဘက် ကတော့ "အမောဟ" ဖြစ်ပါတယ်။
"အမောဟ"ဟာ ပညာဖြစ်ပါတယ်။ ပညာ လို့ ဆိုလိုက်တာနဲ့ လောကီ ပညာရပ်တွေ ကိုဆိုလိုခြင်းမဟုတ်ပါဘူး။ "လောကုတ္တရာ" ပညာကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။
               "ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရ တို့ကို ပညာ နဲ့ ပိုင်းခြားသိမြင်နေခြင်းဖြစ်ပါတယ်။ အခု ဓမ္မမိတ်ဆွေတို့ သင်ယူနေကြတဲ့ လောကီပညာ ဟာ တစ်ဘဝ အတွက်သာ အထောက်အကူရနိုင်ပါတယ်။"လောကုတ္တရာ" ပညာ ကတော့ သံသရာ တစ်လျှောက်လုံးအတွက် အထောက်အပံ့ရရှိပြီး နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးနိုင်တဲ့..စွမ်းအားရှိပါတယ်။
            ယေဘုယျအားဖြင့် ပြောရရင်...
"အန္ဓပုထုဇဉ် နဲ့ ကလျာဏ ပုထုဇဉ်" ဆိုပြီး ပုထုဇဉ် လူအမျိုးစားနှစ်မျိုး ရှိပါတယ်။
            " အန္ဓပုထုဇဉ်" ဆိုတာက ပညာမျက်စိ ကန်းနေတဲ့ ပုထုဇဉ်ကို ခေါ်တာပါ။ ပညာမျက်စိ ကန်းနေတဲ့သူဟာ အမှန်ကိုမမြင်နိုင်ပါဘူး။ လောကကြီး ရဲ့ မာယာ ကို မမြင်နိုင်ပါဘူး။ အဲဒီ ပုထုဇဉ် ဟာ" မောဟ"အမှောင်တိုက် ကြီးစိုးမိုးနေလို့ အကုသိုလ်တွေကို အချိန်မရွေး ကျူးလွန်နေကြသူများဖြစ်ပါတယ်။
               "ကလျာဏပုထုဇဉ်" ကျတော့ပညာမျက်စိ ရှိနေသူဖြစ်ပါတယ်။ အဲဒီပညာမျက်စိရှိသူတို့ဟာ အရိယာနယ်သို့ မရောက်သေးသော်လည်း ရောက်ရှိရန် အခွင့်အလမ်းများတွေ့ရှိထားသူတွေဖြစ်ပါတယ်။ 
            မောဟ အမှောင်ထုကို သတိ ပညာဉာဏ်ဖြင့် အတော်အတန်ဖြိုခွင်းထားနိုင်သူများလည်း ဖြစ်ပါတယ်။ အရိယာမဂ်လမ်းပေါ်ကို လည်း ပညာ က ဦးတည်ခေါ်ဆောင်နေတာပါပဲ။
" မောဟ" ဦးဆောင်တဲ့ လမ်းကတော့ အပါယ်လမ်းဖြစ်ပြီး၊ "အမောဟ"ပညာ ဦးဆောင်သော လမ်းဟာ နိဗ္ဗာန်လမ်း သာဖြစ်ပါတယ်။
            ဒီလမ်းနှစ်သွယ်ဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။
          ဒါ့ကြောင့် မောဟ ရဲ့ သဘော၊ သဘာဝ တွေကို ခုလိုသိရှိထားရင် ဓမ္မမိတ်ဆွေတို့ထံကို "မောဟ "မဝင်ရောက်နိုင်အောင် တားဆီးထားနိုင်ပြီး ပညာဦးစီးသော ကုသိုလ်များကိုသာ ဝင်ရောက်ခွင့် ပေးနိုင်လာပါလိမ့်မယ်။ အဲဒီလိုသာ ကျင့်ကြံပွားများ အားထုတ်လာနိုင်မယ် ဆိုလို့ရှိရင်တော့ အချိန် ပမာဏ တစ်ခု အတောအတွင်း တရားထူး၊တရားမြတ်တွေ ကို ပိုင်ဆိုင်လာမယ် ဆိုတာ အငြင်ပွားဖွယ်မရှိပါဘူး……။
             အကျဉ်းချုပ်အနေနဲ့ ...
             အကုသိုလ်( ၃ )ပါးမှာ အကြီးဆုံး အန္တာရယ်ဖြစ်တဲ့...
              "မောဟ" ကို "သတိ"နဲ့သာ ပယ်သတ်လို့ ရနိုင်တာ ဖြစ်တဲ့အတွက်၊ ဒီလို "သတိ" အမြဲရှိနေဖို့ဟာလည်း "ဉာဏ်နဲ့ ဆင်ခြင်ရမှာဖြစ်ပြီး ...ဉာဏ်အလုပ်ဖြစ်တဲ့ "ဝိပဿနာ" အားထုတ်ခြင်းအလုပ်ကို အားထုတ်ရင်း အလေ့အကျင့်ပြုလုပ်ကြပါလို့... 

တိုက်တွန်းရင်း 

ဓမ္မဒါနစုကို ကုသိုလ်ပြုလိုက်ပါသည်။

#crd ( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••••••