🚨 ကားအင်ဂျင်တစ်လုံး ဘာကြောင့် Compression ကျတာလဲ?
အင်ဂျင်လုံတယ်ဆိုတာ ဘာလဲ?
အင်ဂျင်ကျရင် ဘာဖြစ်နိုင်သလဲ?

🚙 ကားအင်ဂျင်တစ်လုံး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အင်ဂျင်လုံရပါတယ်။ အင်ဂျင်လုံတယ် ဆိုတာ အင်ဂျင်ကွန်ပရက်ရှင်း (Compression) ကောင်းတဲ့အခြေအနေ ကိုပြောတာပါ။ Compression ကျနေတဲ့ အင်ဂျင်တစ်လုံးဟာ လည်ပတ်မှု မတည်ငြိမ် တော့ဘူး။ အင်ဂျင်ပါဝါ ကျလာပြီး ဆွဲအား မကောင်းတော့ဘဲ ဆီပိုကုန်ပါတယ်။ အင်ဂျင်ရဲ့ Fuel Efficiency ကျဆင်းလာပါတယ်။ အင်ဂျင် Preformance လည်း ကျဆင်းလာ ပါတယ်။ အင်ဂျင်ဝိုင် ပိုစားမယ်။ မီးခိုးထွက်မယ်။

🚍 ဓာတ်ဆီအင်ဂျင်ပဲဖြစ်ဖြစ်၊ ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ် အင်ဂျင် Compression 100 psi (Pound Per Square Inch) အနည်းဆုံး လိုအပ်ပါတယ်။ အင်ဂျင်ဒီဇိုင်း အရွယ်အစားနဲ့ ထုတ်လုပ်သူရဲ့ ပုံစံကိုလိုက်ပြီး ကွန်ပရက်ရှင်း ဖိအား Pressure 140 psi ကနေ 220 psi လောက်အထိ အမျိုးမျိုး ရှိတတ်ပါတယ်။ ဒီဇယ်အင်ဂျင်ဆိုလျှင် Compression Ratio ပိုမြင့်တာကြောင့် Pressure ပိုများပါတယ်။ Compression Pressure 350 psi နဲ့ အထက်မှာပဲရှိပါတယ်။

🚌 Four Stroke အင်ဂျင် အမျိုးအစားမှာ (Valves) ဗား အဖွင့်အပိတ် တိုင်မင် (Timing) ကို ကမ်ရှပ် (Camshaft) က ဆောင်ရွက်ပေး ပါတယ်။ Intake Stroke မှာ အင်ဂျင် ဆလင်ဒါထဲကို လေနဲ့ ဓာတ်ဆီ အရောအနှောတွေက ဗား ပွင့်နေတာကြောင့် ဝင်လာပါတယ်။ Intake Stroke မှ Inlet Valve က ပွင့်နေပြီး Compression Stroke စပြီး မကြာခင်မှာ ဗားပြန်ပိတ်သွား ပါတယ်။ ဆလင်ဒါထဲဝင်လာတဲ့ လေနဲ့ လောင်စာ အရောအနှောကို ပစ္စတင်က ဖိသိပ်ပြီး တွန်းတင်လိုက်တာကြောင့် ထုထည် သေးသွားပါတယ်။ ဓာတ်ငွေ့တစ်ခုကို ထုထည် သေးအောင် ဖိသိပ်လိုက်လျှင် ဖိအား Pressure တက်လာ ပါတယ်။ အပူချိန်လည်း မြင့်တက်သွား ပါတယ်။ Compression Stroke ဆုံးခါနီး အချိန်မှာ မီးပလပ်က မီးပွားပွင့်သွားတာနဲ့ ပေါက်ကွဲမှုဖြစ်ပြီး ပစ္စတင်ကို တွန်းကန်ချ လိုက်ပါတယ်။

🚙 ဒီလိုမျိုး အင်ဂျင်အတွင်းမှာ ပေါက်ကွဲပြီး ပစ္စတင်ကို တွန်းလိုက်တဲ့အားကြောင့် ကရိုင်းရှပ်ကို လည်စေ ပါတယ်။ လည်အားကို ဖလိုင်းဝှီး (Fly Wheel) က အားထိန်းထားပြီး ဆလင်ဒါများကို Firing Order တိုင်မင်အတိုင်း တစ်လုံးပြီး တစ်လုံး ပေါက်ကွဲလည်ပတ် စေပါတယ်။ ဆလင်ဒါအတွင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် အကောင်းဆုံး ဖြစ်ဖို့ အင်ဂျင် Compression ကောင်းရ ပါတယ်။ အင်ဂျင်ဝိုင်စား၊ ဆီစားပြီး ကျနေတဲ့ အင်ဂျင်တစ်လုံးမှာ ကွန်ပရက်ရှင်း ကျနေတတ် ပါတယ်။

🚍 အင်ဂျင်တစ်လုံးမှာ ဆလင်ဒါ လေးလုံး ရှိတယ် ဆိုပါစို့။ အသုံးပြုတာ သက်တမ်းကြာလာလျှင် Compression ဖိအားက ဆလင်ဒါ တစ်လုံးနဲ့ တစ်လုံး မတူညီနိုင်တော့ပါဘူး။ ဆလင်ဒါ တစ်လုံးချင်းစီရဲ့ ဖိအား ကွာခြားနေတာ (၁၅) ရာခိုင်နှုန်းထက် မပိုသင့်ဘူး။ ဒါကိုစစ်ဆေးဖို့ အင်ဂျင် Compression Test လုပ်ဖို့လိုလာ ပါတယ်။ အင်ဂျင်ကျူးနင်း Tune-up လုပ်ရတဲ့ အချက်တွေထဲမှာ အင်ဂျင် Compression စစ်ဆေးတာလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပါပဲ။ Compression Test လုပ်ကြည့်မှ အင်ဂျင်ရဲ့အခြေအနေကို အကြမ်းအားဖြင့် သိနိုင်မယ်။
 ယာဉ်ပိုင်ရှင် လက်စွဲစာအုပ် Owner's Manual ထဲမှာ အင်ဂျင် Tune-up လုပ်သင့်တဲ့ ကာလ အပိုင်းအခြား Intervals ကို ဖော်ပြထားလေ့ရှိပါတယ်။

🚌 အင်ဂျင်တစ်လုံး Compression ပုံမှန်ရှိပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ပုံမှန် လည်ပတ်နေတဲ့ အင်ဂျင်၊ မီးခိုးမလိုက်တဲ့ အင်ဂျင်၊ ဆီစားမများတဲ့ အင်ဂျင်ကို အင်ဂျင်လုံတယ် လို့ ဆိုနိုင်ပါတယ်။ အင်ဂျင်လုံတယ် ဆိုတာ Compression ကောင်းတဲ့ အခြေအနေပါပဲ။ ဗားတွေလုံရတယ်။ ဂတ်စ်ကတ်လုံရတယ်။ ပစ္စတင် Ring ကွင်းနဲ့ ဆလင်ဒါ စလစ် လုံရတယ်။ အင်ဂျင် Compression Pressure ရှိရပါတယ်။

🚙 အင်ဂျင်အသုံးပြုတဲ့ သက်တမ်းကြာလာရင် Piston Rings ကွင်းတွေစားပြီး ဆလင်ဒါနံရံတွေ စားလာပါတယ်။ Ring ကွင်းနဲ့စလစ်ကြားမှာ ကွာဟချက် များလာရင် လေမလုံနိုင်တော့ပါဘူး။ နောက်ပြီး အင်ဂျင် Head ထဲမှာရှိတဲ့ Intake Valve တွေနဲ့ Exhaust Valves တွေပါ။ ဗားဆီး၊ ဗားဂိုက်တွေစားပြီး ချောင်မယ်။ ဗားအထိုင် မျက်နှာပြင်တွေ ပွန်းစားပြီး လေမလုံတော့ရင် အင်ဂျင် Compression ကျပါတယ်။ နောက်ပြီး အင်ဂျင်ဘလောက်နဲ့ အင်ဂျင် Head ကြားမှာ Seal ဖြစ်စေဖို့ ရှိနေတဲ့အရာက ဂတ်စ်ကတ် Gasket ပါ။ ဂတ်စ်ကတ်မလုံရင်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။
🚙 နောက်တစ်ချက်က ဗားတွေကို အဖွင့်အပိတ် လုပ်ပေးတဲ့ ကမ်ရှပ် (Camshaft) တိုင်မင်နဲ့ ဗားရော့ကာအမ်း တွေပါပဲ။ ဗားအဆုံးအထိ မပွင့်တာ၊ ဗားထောက်နေတာ၊ ဗားကောက်နေတာ တွေကြောင့်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။ Air Cleaner လေစစ်ပိတ်နေလို့ အင်ဂျင် အသက်ရှုကျပ် နေရင်လည်း အင်ဂျင် Compression ကျနိုင် ပါတယ်။ Spark Plug အထိုင်ဝါရှာ မကောင်းလို့ အရစ် တင်းကျပ်တာ လျော့နေလို့လည်း အင်ဂျင် Compression ကျနိုင်ပါသေးတယ်။

🚍 အင်ဂျင် Comrpession Pressure ဖိအား ဘယ်လောက်ကျ နေပြီလဲ။ ဘာတွေခြားနား နေသလဲ။ ဘာတွေထူးခြား နေသလဲ။ Compression ဖိအားက မကျဘဲနဲ့ ပိုပြီး များနေသလား။ ဆလင်ဒါ လေးလုံး (သို့မဟုတ်) ခြောက်လုံးမှာ ဘယ်အလုံးက Pressure လုံး၀ ကျနေတာလဲ။ ဒါတွေကိုသိဖို့ ဆလင်ဒါ တစ်လုံးချင်းကို Compression Test လုပ်ဖို့ လိုအပ်ပါတယ်။ အင်ဂျင် Compression စစ်ဆေးကြည့်မှ အင်ဂျင်ချို့ယွင်းချက် ဖြစ်နေတဲ့ အခြေအနေကို သိနိုင်ပါတယ်။

🚌 ကားအင်ဂျင်မှာရှိတဲ့ တချို့ဆလင်ဒါတွေ Compression ကျနေပြီး ဆလင်ဒါ တစ်လုံး ကတော့ ထူးထူးခြားခြား Compression ဖိအား အလွန်မြင့်တက်နေတယ် ဆိုရင် တစ်ခုခုမှား နေလို့ပါ။ အင်ဂျင် Combustion Chamber ထဲမှာ ကာဗွန်ချိုးတွေ အများကြီး ကပ်နေတာ ကြောင့် Compression ဖိအား မြင့်တက်နေခြင်း ဖြစ်ပါတယ်။ 

🚨 ကာဗွန်ချိုး ဘာကြောင့်တက်တာလဲ။ 

️️🔧️️ ပလပ်မီးအား မကောင်းတာလည်း ပါတယ်။ သုံးတဲ့ဓာတ်ဆီက အရည်အသွေး ညံ့တာလည်း ပါတယ်။ အပြည့်အ၀ မီးလောင်တာမျိုး မဖြစ်ပေါ်တော့ ကာဗွန်တွေ ချိုးကပ်တာ တဖြည်းဖြည်း များလာတယ်။ ဒီလိုဖြစ်တာ အင်ဂျင်အတွက် မကောင်းတဲ့ လက္ခဏာပါ။ Compression ဖိအားဆိုတာ များတိုင်းလည်း မကောင်းဘူး။ နည်းနေရင်လည်း မကောင်းဘူး။ ရှိသင့်တဲ့ ဖိအားလောက်ပဲ ပုံမှန်ရှိနေသင့်တယ်။

️⚙️ Compression ဖိအား များတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်က အင်ဂျင် မီးခေါက်သံ Detonation ဖြစ်မယ်။ Preignition လို့ခေါ်တဲ့ ပလပ်က မီးပွား မပွင့်ခင် ကတည်းက ကြိုတင်ပြီး ပေါက်ကွဲမီးလောင်တာမျိုး ဖြစ်ပြီး အင်ဂျင်အတွင်း အပူချိန်မြင့်တက်လာမယ်။

️🔧 အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ တုန်ခါကြမ်းတမ်း နေမယ်။ အင်ဂျင်ပါဝါ ကျဆင်းမယ်။ မီးခေါက်သံထွက်တာ၊ အင်ဂျင် အပူလွန်ကဲတာ တွေဖြစ်ရင် အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေ ပျက်စီး ထိခိုက် သွားနိုင်တယ်။

️⚙️ အင်ဂျင် Compression မြင့်တက်လွန်းနေတဲ့ ဆလင်ဒါထိပ်က မီးလောင်ပေါက်ကွဲခန်း ထဲမှာရှိတဲ့ ကာဗွန်ချိုးတွေ အရည်ပျော်သွားအောင် Decarbonizing ဓာတုဆေးရည် Chemical တွေသုံးပြီး ကုစား ရပါတယ်။ Head ဖွင့်ပြီး Head Service လုပ်ပေးဖို့ လိုပါတယ်။

🚨 အင်ဂျင် Compression Test ဘယ်လို စစ်ဆေးမလဲ။ 

️🔧 Compression Test လုပ်ဖို့ Compression Gauge တစ်စုံလိုပါတယ်။ အင်ဂျင် အေးနေရင် စစ်ဆေးမှု မမှန်နိုင်ပါဘူး။ အင်ဂျင်ပူနေတဲ့ အခြေအနေမှာ ရှိရပါတယ်။ အင်ဂျင်ဝိုင် ချောဆီလည်း ပူနေပြီး အင်ဂျင်အတွင်းပိုင်းမှာ လည်ပတ်နေတဲ့ အခြေအနေမျိုး ဖြစ်ရမယ်။ အင်ဂျင် Compression Test လုပ်နေစဉ် ဆလင်ဒါ တစ်လုံးချင်းကို ဖိအား Pressure ဘယ်လောက်ရှိသလဲ ဆိုတာ တိုင်းတာကြည့်ပြီး နှိုင်းယှဉ် စစ်ဆေးတာပါ။

️⚙️ အင်ဂျင်ဆလင်ဒါတိုင်းမှာ ရှိတဲ့ Plug များကို Plug Spanner နဲ့ ချွတ်ပါ။ Spark Plug တပ်ဆင်တဲ့ အပေါက်မှာပဲ Compression Gauge ကို တပ်ဆင်ပြီး အင်ဂျင် ကရိုင်းရှပ်ကို လှည့်ပေး ရပါတယ်။
➽ ဓာတ်ဆီ အင်ဂျင်ဖြစ်တာကြောင့် မီးအန္တရာယ် ကင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အင်ဂျင်မီးပေးစနစ်က မီးပွား မထွက်အောင် Ignition Fuse ကို ဖြုတ်ထားပါ။ Ignition Control Module ကို ဝါယာ အဆက်အသွယ် ဖြတ်တောက်ထားပါ။
➽ Fuel System အလုပ် မလုပ်နိုင်အောင် ဓာတ်ဆီပန့် Fuel Pump ဖျူးစ်ကိုဖြုတ်ထားပါ။
➽ သရော်တယ်တံခါးကို အဆုံးဖွင့်ထားပါ။
➽ ကားသော့ဖွင့်ပြီး စက်နှိုးမော်တာဆွဲ၍ အင်ဂျင်ကို ဆယ်ပတ်ခန့် လည်အောင် လှည့်ပေးပါ။ ဆလင်ဒါ တစ်လုံးချင်းစီ၏ ဖိအား ပမာဏကို မှတ်သားထားပါ။
➽ ဆလင်ဒါတစ်လုံးချင်းစီ၏ Compression ဖိအား ကွာခြားမှုသည် (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ပါ။
➽ Compression ဖိအားသည် အနည်းဆုံး 100 psi ရှိရပါမည်။ ထိုပမာဏထက် နည်းနေပါက အင်ဂျင် မလုံတော့ပါ။

️️🔧 တစ်ခါတစ်ရံ Compression ဖိအား လုံး၀ မပြသော အခြေအနေမျိုးနှင့် ကြုံရတတ်သည်။
 အင်ဂျင် Compression လုံး၀ ကျဆင်းနေသော အကြောင်းရင်းများမှာ
➽ ပစ္စတင်ပျက်စီးနေခြင်း
➽ ဗားမလုံခြင်း၊ ဗားကောက်နေခြင်း၊ ဗားထောက်နေခြင်း။
➽ ဗားစပရိန်ကျိုးနေခြင်း။
➽ ပစ္စတင် Rain ကွင်းကျိုးနေခြင်း။
➽ ဂတ်စ်ကတ်မလုံခြင်း၊ ပျက်နေခြင်း။
➽ အင်ဂျင် Head Bolt ချောင်နေခြင်း။
➽ ကမ်ရှပ် Camshaft ပွန်းစားမှုများလွန်း၍ ဗားမပွင့်နိုင်ခြင်း။
➽ ဗား Seat အထိုင် လုံးဝမလုံတော့ခြင်း။

️⚙️ အင်ဂျင်တစ်လုံး Compression ကျခြင်း၊ မမှန်ခြင်း Compression Pressure မြင့်တက်နေခြင်း များသည် ချို့ယွင်းချက် အားနည်းချက် ရှိသော အခြေအနေများ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အင်ဂျင်တစ်လုံးရဲ့ လုပ်ဆောင်ချက်များ မမှန်တော့ဘဲ အင်ဂျင်ပါဝါ စွမ်းအားများသည် ကျဆင်း နေပါမည်။ Compression Test လုပ်ကြည့်မှသာ ချို့ယွင်း အားနည်းချက်များကို သိနိုင်ပြီး လိုအပ်တာတွေကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။

#Creditခရူဇာ (Auto-Trade)