“ပေါ်ဦး … နင် မိုးတားစား အမတ်ကြီးကို ဘယ်လိုမြင်သလဲ” လို့ မေးပါတယ်။
ဘုရင်က အတော်လေး ပြဿနာရှာတာပဲ။ အကောင်းမေးမှန်းမသိ။ အဆိုးမေးမှန်းမသိ။ ကြိုက်လို့မေးမှန်း မသိ။ မကြိုက်လို့ မေးမှန်းမသိ။ ဖြေရခက်လှတယ်။ ဒါကြောင့်
“အရှင်မင်းကြီး မြင်သကဲ့သို့ မြင်ပါတယ်ဘုရား” လို့ လျှောက်ထားလိုက်တယ်။ ဘိုးတော်က
“ပေါ်ဦးရယ် … ငါတော့ မိုးတားစားအမတ်ဟာ ပညာဂုဏ်ကြွ၊ မာန်စွယ်ထနေတယ်လို့ ထင်သကွဲ့” လို့ မိန့်တယ်။ ဒီတော့မှ ပြောခွင့်ရပြီး ဦးပေါ်ဦးက
“မှန်လှပါ အမြီးပေါက်သူတို့မှာ အကြောင်းမဲ့ ပေါက်သည်မဟုတ်ပါဘုရား”
“နင့်စကား ရှင်းအောင်လျှောက်စမ်း”
“မိုးတားစား အမတ်ဟာ ပညာတည်းဟူသော အမြီးပေါက်နေပါတယ်ဘုရား။ ဒါပေမဲ့ ဆင်၊ မြင်း၊ ခြင်္သေ့တွေမှာ ပေါက်တဲ့ အမြီးနဲ့ မတူပါဘုရား”
“ရှင်းစမ်း”
“ဆင်၊ မြင်း၊ ခြင်္သေ့တွေမှာ ပေါက်တဲ့ အမြီးတွေက မှတ်၊ ခြင်၊ ယင်တွေလည်း ခြောက်ရတယ်။ ကိုယ့်အင်္ဂါကို လုံအောင်လည်း ဖုံးရပါတယ်ဘုရား”
“ဟဲ့ ဒါဆိုရင် မိုးတားစားမှာ ပေါက်နေတာ ဘာအမြီးလဲ”
“မှန်လှပါ မိုးတားစားမှာ ပေါက်နေတာ ခွေးမြီးပါဘုရား။ ခွေးမြီးဆိုတာ ရမ်းဖို့နဲ့ နှန့်ဖို့လောက်ပဲသိတာ။ ခွေးမြီးက အမြဲထောင်ပြီး ကိုယ့်အရှက်တောင် ကိုယ်လုံအောင် မဖုံးနိုင်ပါဘူး။ ဒါ့အပြင် မှတ်၊ ခြင်၊ ယင်လည်း မကာကွယ် နိုင်တော့ ယားလာရင် မြေလူးတာပေါ့။ နှန့်ဖို့နဲ့ ရမ်းဖို့လောက်သာ သိပြီး ကိုယ့်ပစ္စည်းကို ကိုယ်လုံအောင် မဖုံးနိုင်တဲ့အပြင် ဖင်ခေါင်းကျယ်တာကို လူမြင်အောင်ပြနေတဲ့ ပညာရှိပါဘုရား” လို့လျှောက်ထားလိုက်တယ်။ ဘိုးတော်ကလည်း
“ပေါ်ဦးရယ် နင်ဟာလေ တစ်ဘက်သားကို ပြောရမယ်ဆိုရင်” ဆိုပြီး ရယ်မှနန်းတော်တွင်းရှိတဲ့ လူတွေလည်း ရယ်နိုင်ကြတယ်။
အမှန်တော့ ဘိုးတော်က ဘုရင်လည်။ သူပြောချင်တာကို ကိုယ်တိုင်မပြောဘဲ ပေါ်ဦးကိုပြောခိုင်းတာ။ အေးလေ တိုင်းပြည်မှာကလည်း ခွေးမြီးကောက်တွေ တယ်ပေါသကိုး။
