တစ်ခါတစ်ရံ၌ လွန်စွာအားနာ၊ လွန်စွာ အနစ်နာခံတတ်သော ကျွန်ုပ်သည် ဘာမဟုတ်ညာမဟုတ် ကိစ္စမှအစ ဘာဟုတ် ညာဟုတ်ကိစ္စအထိ အားနာတတ်လွန်း၍ ခံခဲ့ရသည့် အကြိမ်ပေါင်းမှာလည်း မရေမတွက်နိုင်ပေ။ ‘အားနာခြင်းသည် လူတိုင်းနှင့် မသင့်လျော်’ ဟူသော စကားပုံအတိုင်း နေရာတိုင်း လူတိုင်းကို အားနာရန် မသင့်လျော်ကြောင်းကို သိသော်လည်း ကျွန်ုပ်၏ မသိစိတ်တွင် အချိန်အတန်ကြာ ကိန်းအောင်းနေသော ထိုအားနာခြင်းကား နေရာတိုင်း၊ အချိန်တိုင်း၊ လူတိုင်းအတွက် လွှမ်းမိုးနေချေပြီ။ ထို့ကြောင့် ထိုအားနာခြင်းကို ဖျောက်ဖျက်ပစ်နိုင်ရန်အတွက် ကျွန်ုပ်မှာ လွန်စွာအားထုတ်ရပေမည်။

ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်သည်ကား မည်သူ့ကိုမှ အားမနာတော့ဟူ၍ စိတ်ပိုင်းဖြတ်၍ တွေ့ကရာလူကို အားမနာတမ်း ငေါက်ငမ်းရန် နေအိမ်မှ မြို့ထဲသို့ ခါးကော့ရင်မော့၍ (ခေါင်းမော့ ရင်ကော့ရန်အတွက် အားမရှိ၍ ဖြစ်သည်။) မပြုံးမရယ် ခပ်တည်တည် ချီတက်လာချေတော့သည် တမုံ့။

ဤသို့ချီတက်လာသော ကျွန်ုပ်မှာ ပန်းဆိုးတန်းလမ်းရောက်တော့မှ စဉ်းစားမိ၏။ ဤအတိုင်း ကျွန်ုပ်ဆက်သွားနေလျှင် စာရေးဆရာ၊ ပန်းချီဆရာ တစ်ဦးဦးနှင့် လမ်းတွင် မဖြစ်မနေဆုံရမည်။ ထိုသို့ဆုံလျှင် ထိုသူမှ ပိုက်ဆံ မရမကချေးမည်။ ဤတွင် ကျွန်ုပ်မှာ စာရေးဆရာအချင်းချင်းပဲလေဟူသော အားနာစိတ်နှင့် ပိုက်ဆံချေးမိမည်။ ထိုသို့ ချေးမိသည်နှင့် ကျွန်ုပ်မည်သူ့ကိုမှ အားမနာတော့ဟူသော အဓိဌာန်ပျက်ပြီ။ (မချေးလျှင်လည်း စာရေးဆရာ အချင်းချင်း အားနာစရာကြီး။ သူ့မရှိကိုယ်ချေး၊ ကိုယ့်မရှိ သူမပေးနေလာခဲ့တာ) ဒါဆို မည်သို့လုပ်ရမည်နည်း။

ဟုတ်ပြီ။ လမ်းဘေးက လေဘေးထည်တွေ အရင်ဝင်ဝယ်လိုက်မည်။ သူတို့တင်ထားသော စျေးကို အားမနာတမ်း ထက်ဝက်ဆစ်ပစ်မည်။ ဒါဆို ကျွန်ုပ်၏ အားနာစိတ် အတန်အသင့်တော့ လျော့နည်း သွားနိုင်ပေမည်။ ဒါမှ ရဲရဲတင်းတင်းငြင်းမည်။ သို့ကလိုစဉ်းစားမိပြီး ကျွန်ုပ်မှာ ဘယ်သူ့ကိုမှ အားမနာနိုင်တော့ဘူးဟေ့ဟူသော ခံယူချက်ဖြင့် မျက်နှာကို လေပူဖောင်းရှုံးအောင် တင်းထားလိုက်ပြီး လေဘေးထည်ရောင်းရာဆိုင်သို့ ခြေလှမ်းကျဲကြီးနှင့် လှမ်းဝင်လိုက်သည်။

ပြီးနောက် လေဘေးအင်္ကျီတစ်ထည်ကို ဟန်မြင့်မြင့်မာန်ဝင့်ဝင့် လှမ်းကိုင်လိုက်ပြီး . . .

“ဒါ ဘယ်လောက်လဲဟေ့”

ကျွန်ုပ်၏ အောင်မြင်ခန့်ညားသော အမေးကို ကြားသည်နှင့် လေဘေးရောင်းသော အနှီသူငယ်မှာ ကသုတ်ကရက် ပြေးလာပြီး . . .

“ဟာ . . . အဘ ဘယ်လောက်လဲ မေးနေရသေးလား။ အဘက ဝယ်နေကျဖောက်သည်တွေပဲ၊ ခုနစ်ရာပဲပေး။ မနေ့ကတောင် အဘဘကြီး ရှော့ပင်တစ်ထည် ဝင်ဝယ်သွားသေးတယ်။ သူ သူငယ်ပြန်ရင် ဝတ်ဖို့တဲ့။ အဘလည်း သူငယ်မပြန်သေးဘူးနော်။ ကျွန်တော်တောင် အဘ သူငယ်ပြန်ရင် ကစားဖို့ ဝက်ဝံရုပ်တွေ ဝယ်စုထားတယ်။ စျေးကတော့ ပုံမှန်စျေးပဲ။ ဒါနဲ့ အဘ ပန်းခြံမှာ အတွဲလိုက်ချောင်းဖို့ မှန်ပြောင်းကလေးပါ ဝယ်သွားပါလား။ ကောင်းတယ် အဘရဲ့ ဒီမှန်ပြောင်းနဲ့ဆို အဘ အပင်ပန်းခံပြီး သစ်ပင်ပေါ် ကုပ်ကပ်တက်နေစရာ မလိုတော့ဘူး။ ယူလေအဘ ခုနစ်ရာတည်း”

သူ၏လောကွတ်စကားများကြောင့် ကျွန်ုပ်မျက်လုံး ပြူးသွားရပြီး

“ဟဲ့ . . . ပေါ်ကုန်ပြီ။ အဲလေ . . . မပေါ်တော့ဘူး။ ဟုတ်ပေါင် ဟဲ့ . . . အတွဲချောင်းတာ ငါမဟုတ်ဘူးဟဲ့”

ကျွန်ုပ်၏ စကားကို လေဘေးသည်မှ ရယ်ကျဲကျဲလုပ်ပြီး . . .

“သြော် . . . အဘ မဟုတ်ဘူးလား မသိဘူးလေ။ ထမင်းချိုင့်ကြီးနဲ့ ရွှေဂုံတိုင်မှာ ခဏခဏတွေ့လို့ ကျွန်တော်က တခြားအဘတွေလို ထင်နေတာ။ အဲဒီမှာ အဘတို့လို အရွယ်တွေ အများကြီး အဘရဲ့။ သူတို့လည်း ထမင်းချိုင့်တွေနဲ့ ဝါသနာဘာဂီ”

“တော် . . . တော်ပါကွာ။ ကိုင်း ဒီအင်္ကျီက ဘယ်လောက်”

ကျွန်ုပ်အမေးကို လေဘေးသည်မှ . . .

“ခုနစ်ရာလေ အဘ”

ကျွန်ုပ်သိပြီ။ ဒီကောင် ထက်ဝက်စျေးတင်ပြောမှန်း။ ကြည့်လေ 
သူ့အင်္ကျီက ခုနစ်ရာ ဘယ်လိုမှ မတန်။ အလွန်ဆုံးတန်လှ နှစ်ရာ၊ သုံးရာပေါ့။ သည်ထက်တော့ ဘယ်လိုမှ ပိုပေး၍မရ။ ထို့ကြောင့် ဒီကောင့်ကို အားမနာတမ်း ဆစ်လိုက်မဟဲ့ဟု အားတင်းလိုက်စဉ် လေဘေးသည်မှ မျက်နှာငယ်လေးဖြင့် . . .

“အများကြီးတော့ မဆစ်လိုက်ပါနဲ့ အဘရယ်။ ကျွန်တော်လည်း ဒီတစ်ထည်ရောင်းမှ လေးငါးရာမျိုး အဲလေ . . . လေးငါးဆယ်မျိုး မြတ်တာ။ ဒီကြားထဲ အဘတူမကလေ ခေါင်းကိုက်တယ် ကိုက်တယ်နဲ့ ဆေးရုံတင်လိုက်တော့ ခြေသလုံး ကြွက်တက်တာပါတဲ့”

“ဟဲ့ . . . ခြေသလုံး ကြွက်တက်တာနဲ့ ခေါင်းက ဘယ့်နှယ် ကိုက်ရတာလဲ”

ကျွန်ုပ်၏အမေးကို ထိုသူငယ်မှ ပို၍ ညှိုးငယ်သော ရုပ်သွင်ဖြင့် . . .

“မသိပါဘူး အဘရယ် ခြေသလုံးကို ကြွက်တက်တော့ ကြောင်က ခေါင်းကိုက်ဆင်းလာတာလားမှ မသိတာ။ ဒီကြားထဲ အကြီးကောင်ကလည်း အပူနာတဲ့။ အဲဒါ ဆရာဝန်သွားပြတော့ . . .”

“တော် . . . တော်ပါတော့ကွာ။ မင်းဆက်ပြောနေရင် မင်းတို့ မိသားစုအတွက် ငါပါ အလှူခံထွက်မိနေဦးမယ်”

ကျွန်ုပ်၏ စကားကို လေဘေးသည်လေးမှ မချင့်မရဲပုံစံဖြင့် . . .

“အဘ မယုံလို့လား တကယ်ပါအဘရယ်။ အဲဒါနဲ့လေ အငယ်ကောင်က”

“တော် . . . တော်ပါဆိုကွာ”

သူ၏ စကားများကြားမှ ကျွန်ုပ်မှာ စျေးမည်သို့ ဆစ်ရမှန်းမသိရလောက်အောင် အားနာနေမိတော့၏။ မဖြစ်ခံနိုင်ရိုးလား မိတ်ဆွေ။ သူပြောသည့်အကြောင်းအရာများမှာ တကယ့်ကို သနားစရာ။ သူ့သားကြီး အပူနာဖြစ်၍ ဆရာဝန်သွားပြတော့ ဆရာဝန်က သွားပိုးစားနေသည်ဟု ဆို၍ သွားသုံးချောင်းနုတ်ပေးလိုက်ကြောင်း၊ ထို့ကြောင့် သူ့သားအငယ်ကောင်မှ မကျေမနပ်ဖြင့် သွားပြောရာ ဆရာဝန်မှ အဆစ်အနေနှင့် သွားနောက်တစ်ချောင်း နုတ်ပေးလိုက်သည့်အပြင် နှာခေါင်းတစ်ဖက်ကိုပါ ချုပ်ပေးလိုက်ကြောင်း၊ ထိုသတင်းကို ကြားသဖြင့် သူ့မိခင်မှာ ခေါင်းကိုက်နေရာမှ ထလိုက်သွားရာ သူ ကိုက်နေသော ခေင်းမှာ ငါးရံ့ခေါင်းဖြစ်နေသဖြင့် အရိုးစူးသွားကြောင်း၊ ထို့ကြောင့် ဆရာဝန်မှ ရာသက်ပန် အရိုးမစူးရအောင် လည်စိ(စေ့) ဖြတ်ပေးလိုက်ကြောင်း စသည်ဖြင့် ဖြစ်ကြောင်းကုန်စင်ကို သနားစဖွယ်တင်ပြနေသောကြောင့် ကျွန်ုပ်မှာ အင်္ကျီကို စျေးဆစ်ရန် မည်သို့မှ မစွမ်းသာတော့။

ထို့ကြောင့် သူပြောသည့် ခုနစ်ရာတန်အင်္ကျီကို မတန်မှန်း သိသော်လည်း အားနာစိတ်နှင့် ခုနစ်ရာပေးဝယ်လိုက်သည့်အပြင် သူတို့မိသားစု သုံးဖို့ဟူ၍ နောက်ထပ်ငွေတစ်ရာပင် ထပ်ဆောင်းပေးလိုက် မိချေတော့သည် တမုံ့။

လေဘေးရောင်းသည့် သူငယ်မှာလည်း ကျေးဇူးတုံ့ပြန်သောအနေဖြင့် ကျွန်ုပ်ဝယ်ယူခဲ့သော နှစ်ရာတန် အင်္ကျီကို ခုနစ်ရာနှင့် မတန်တန်အောင် ကျွတ်ကျွတ်အိတ် ခုနစ်လုံးနှင့်ထုပ်၊ စက္ကူနှင့် ဆယ့်ခြောက်ပတ် ပတ်ပေးသည့်အပြင် ကျွန်ုပ်ပျင်းလျှင် ဆော့ရန်အတွက် သားရေကွင်း ဒိုးကြီး သုံးကွင်းနှင့် ဆာလျှင် စားရန် မုန့်ပျားသလက်နှစ်ခုကိုပါ ကျွန်ုပ် အတန်တန် ငြင်းနေသည့်ကြားမှ မရမက ထည့်ပေးလိုက်လေသည်။

အဲသဟာမှ တကယ့်အခက်။
 
ဝင်ငွေမရှိသည့်ကြားထဲ ငွေရှစ်ရာ အဆစ်ထပ်ကုန်ပြန်ပြီ။ ကျွန်ုပ်မှာ တစ်လစာ တစ်လ စားသုံးရန်မနည်း အလျဉ်မီအောင် ရှာဖွေစုဆောင်းနေရသောကြောင့် ဤမျှ ငွေကြေးကိုပင် အပိုအဖြစ်မသုံးစွဲနိုင်၊ သုံးစွဲမိပြီဆိုလျှင်လည်း မည်သို့ ပြုလုပ်ရမည်နည်း။ ထိုငွေရအောင် ပြန်ရှာရန်သာ ရှိတော့ချေမည်။ ငွေက မည်သို့ ဝင်ငွေရအံ့နည်း။ ထို့ကြောင့် ကျွန်ုပ်လွယ်အိတ်အတွင်းသို့ ရေးပြီးသား ရှိလိုရှိငြား စမ်းကြည့်လိုက်သည်။

ရွေ . . နိပ်ပဟ ဘယ်လူပျိုဘဝတုန်းက ရေးထားမှန်း မသိသော စာမူကြမ်းတစ်စောင် တွေ့ပဟ။ ဤစာမူကလေး မဂ္ဂ္ဂဇင်းတိုက်တစ်ခုခုသို့ ပို့လိုက်ပါက ချက်ချင်း တစ်ထောင်မျိုး ထောင့်ငါးရာမျိုးတော့ ပေါ်နိုင်ပေါ့။
 
ကျွန်ုပ်လည်း ဝမ်းသာအားရဖြင့် စာမူကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း စာမူမပို့သော (တစ်ခါမှ မရောက်ဖူးသော) မဂ္ဂ္ဂဇင်းတိုက် အသစ်တစ်ခုဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းဝင်လိုက်လေသည်။

အလို . . .

မှားပဟ . . .

မှားသမှ တက်တက်စင်အောင် မှားပြီ။
ကျွန်ုပ် မဂ္ဂ္ဂဇင်းတိုက်အမှတ်နှင့် ဝင်လာမိသော နေရာမှာ မဂ္ဂ္ဂဇင်းတိုက် မဟုတ်ဘဲ ရှေ့နေတစ်ဦး၏ ရုံးခန်းတစ်ခုပင် ဖြစ်နေသည်။ 

ရှေ့နေ မုန်းမောင်မောင်ဥ (မဆလာကြီး) တဲ့။

ကျွန်ုပ်ကို မြင်သည်နှင့် အနှီရှေ့နေမှာ တစ်ခါမှ မမြင်ဖူးသော်လည်း မတွေ့တာကြာသော ရွှေမျိုးငှက်ပျောခိုင်ကြီးထမ်းပြီး ရောက်လာသလို ဝမ်းသာအားရဖြင့် . . .

“ဟာ . . . အဘ၊ လာလေ ဝင်ထိုင်ပါ။ ဘာဖြစ်လာပြန်ပြီလဲ။ ထဘီခိုးလို့လား။ ဒန်အိုးပေါက် ပျောက်လို့လား၊ တူမလေးလင်နောက်လိုက်ပြီ ထင်ပါ့။ ဒါမှမဟုတ် ကြီးတော်နွား သူများမှားကျောင်းသွားလို့ မှတ်တယ်”

ဟူ၍ ရွှန်းရွှန်းဝေ နှုတ်ဆက်လေသည်။ ကျွန်ုပ်မှာ သူပြောသမျှ တစ်ခုမှ မဟုတ်သော်လည်း အခန်းမှားဝင်လာမိသော အားနာစိတ် ထိန်းမနိုင်သိမ်းမရဖြစ်မိပြီး . . .

“မဟုတ်ပါဘူး ဟို . . . ဟိုလေ”

ကျွန်ုပ်၏ ယောင်နနစကားကိုရှေ့နေမှ သဘောကျသလိုဖြင့် အရှေ့စားပွဲကို ဖျန်းခနဲနေအောင် ပုတ်ပြီး . . .

“အဲဒါကို ပြောတာ။ အဲ့ဒါကိုပြောတာ သိပြီ။ ကျုပ်သိပြီ။ သူကြီး နှုတ်ခမ်းမွေးနဲ့ တံမြက်စည်း မှားဆွဲလာမိပြီ မဟုတ်လား”

သူ၏ မဆီမဆိုင်စကားကြောင့် ကျွန်ုပ်မှာ ပို၍ စိတ်ညစ်သွားပြီး . . .

“ဘယ့်နှယ် နှုတ်ခမ်းမွှေးနဲ့ တံမြက်စည်း မှားဆွဲရမှာလဲ။ မဟုတ်ရပါဘူး။ အခုဟာက ဟို . . . ဟိုလေ”

ကျွန်ုပ်မှာ အခန်းမှားဝင်မိကြောင်း ပြောလိုက်ချင်သော်လည်း စိတ်အားထက်သန်စွာ ကျွန်ုပ်၏ စကားကို ငံ့လင့်နေသော အနှီရှေ့နေကို ကြည့်ပြီး ကျွန်ုပ် လွန်စွာ အားနာရမိချိမ့်တကား။ မည်သို့ ဆက်ပြောရမှန်း မသိအောင် ဖြစ်နေမိလေတော့၏။ ဤသို့ အူကြောင်ကြောင်ဖြစ်နေသာ ကျွန်ုပ်ကိုကြည့်ပြီး ရှေ့နေမှ အားတက်သရောဖြင့် . . . 

“ပြောပါ အဘရဲ့ အားမနာပါနဲ့ လာနေကျ ဖောက်သည်တွေပဲဟာ။ ဘအမှုအပ်မလို့လဲ။ ရဲရဲသာပြော”

အင်း . . . လာနေကျ ဖောက်သည်တဲ့။ ကျွန်ုပ်လည်း တစ်သက်နှင့်တစ်ကိုယ် အမှုအခင်းတစ်ခါမှ မဖြစ်ရပါဘဲ ဘယ့်နှယ် ရှေ့နေနဲ့မှ လာနေကျဖောက်သည် ဖြစ်ရတာတုံး။ ဟိုစာရေးဆရာဆိုဟုတ်သေး။ သို့သော် ကျွန်ုပ်မှာ လွန်စွာအားနာတတ်သူပီပီ ရှေ့နေဆီရောက်လာပြီးမှ ဘာမှ မကူညီနိုင်လျှင် အားနာစရာကြီးဟူ၍ စဉ်းစားမိပြီး . . .

“ဟိုလေ . . . အခုတော့ အမှုမရှိသေးဘူး။ အဲ . . . ရှေ့နေတော့ ကြိုငှားထားမယ်လေ။ နောက်မှ အမှုရှာပြီး အဘလာခဲ့လို့ မရဘူးလား”

ကျွန်ုပ်၏စကားကို ရှေ့နေမှ ဇဝေဇဝါမှပင် မဖြစ်ပဲ . . .

“ဟာ . . . ရပါတယ် အဘ။ ရှေ့နေငှားဖို့သာ အဓိကပါ။ အမှုကို အဘမရှာနိုင်လည်း ကျွန်တော်ရှာပေးမယ်လေ။ စိတ်သာချ ကျွန်တော်လိုက်ရင် ထောင်ကို လွတ်လွတ်ကျွတ်ကျွတ်ကြီး ကျရမှာပါ”

သူ၏စကားကြောင့် ကျွန်ုပ်မှာ မျက်လုံးပိုပြူးသွားရပြီး . . .

“တော် . . . တော်ပါကွယ်။ ကိုယ့်ဘာသာကိုယ် အမှုရှာယူပ့ါမယ်။ မောင်ရင်သာ ကွင်းလုံးကျွတ်ကျဖို့ အဲလေ လွတ်ဖို့ တာဝန်ယူပေးပါ”

ကျွန်ုပ်၏ စကားကို ရှေ့နေလေးမှ အားတက်သရောဖြင့် . . .

“စိတ်ချ အဘ။ အဘ အမှုအဆင်ပြေရင် ကျွန်တော်အားလုံးနဲ့ ညှိပြီး ရမာန်ကြိုယူထားမယ်လေ မကောင်းဘူးလား”

“မကောင်း . . . မကောင်းပါဘူးကွယ်။ ကဲ . . . ကဲ ကျွန်ုပ်လည်း အမှု ရှာထွက်လိုက်ဦးမယ်”

ကျွန်ုပ်၏စကားကို ရှေ့နေကလေးမှ 

“ကောင်းပြီ အဘ။ မြန်မြန် အမှုရှာခဲ့နော်။ အမှုကြီးကြီးသေးသေး ထောင်ကျဖို့ ကျွန်တော် တာဝန်ယူပါတယ်ဗျ။ မြန်မြန်သာ အမှုဖြစ်အောင်လုပ်”

ဟူ၍ အားတက်သရော တိုက်တွန်းလိုက်သေး၏။

အဲသဟာမှ ဒုက္ခ။ အမှုဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကိုလည်း ကျွန်ုပ်မသိ။ အမှုမရှိဘဲ ပြန်သွားဖို့ကလည်း ရှေ့နေကလေးကို အားနာစရာ။ ကိုယ်ကငှားပြီး သူ့ခမျာ မလိုက်ရရှာရော့မယ်။

ကိုင်း . . . မထူးတော့ပေဘူး။ ကိုယ်မကျေနပ်သည့် အယ်ဒီတာ ထိပ်ပြောင်ပြောင်ကို လက်ဝါးဆီ တစ်ဆယ်သားဆွတ်ပြီး ဖျန်းခနဲနေအောင် ရိုက်ထည့်ရ မကောင်းဘူးလား။ ဒါဆို အမှုဖြစ်ပြီ။ 

အို . . . ဒါလည်း မကောင်းသေးပါဘူး။ တော်ကြာ ဟိုဂျာနယ်ထဲ လျှောက်ဖွ၊ ဒီဂျာနယ်ထဲလျှောက်ဖွနဲ့ အမှုလည်း ဖြစ်သေး ငပွကြီးလည်းဖြစ်သေး ဖြစ်နေဦးမယ်။ 

ဒါဖြင့် ဟိုမကြာခဏ ယောက်ျားနဲ့ကွဲတတ်တဲ့ မင်းသမီးနဲ့ လက်ထပ်လိုက်ရ ကောင်းမလား။ ဒါဆို မကြာခင် သေချာပေါက်ပြန်ကွဲပြီး အမှုဖြစ်မယ်။ 

အဲ . . . ဒါလည်း မနိပ်သေးဘူး။ တော်ကြာ ဂျာနယ်တွေက သူ့ကိုကျတော့ သနားစရာကောင်းအောင် ရေးပြီး ကိုယ့်ကိုကျတော့ လူယုတ်မာကြီးလို့ ရေးကြရင်အခက်။ 

ကိုင်း . . . မထူးဘူး။ အမှုမဖြစ်ဖြစ်အောင် တွေ့ကရာလူ ခြေကလိန်ကွပ်ပစ်မယ်ကွာ။ ဒါဆို အမှုဖြစ်ပြီး . . . အဲ . . . နေဦး။ ဘယ်သူ့ကို အရင်ဆုံးခြေကလိန်ကွပ်ရရင် ကောင်းမလဲ။ ဟိုမင်းသားဆို ကောင်းမလား၊ ဟို ဒါရိုက်တာဆိုရင်ရော . . .

ကျွန်ုပ်လည်း မည်သူ့ကို ခြေကလိန်ကွပ်ပြီး အမှုလုပ်ရကောင်းမည်ကို စဉ်းစားနေတုန်း ‘ဖုန်း’ ဟူသောအသံနှင့်အတူ မြေပြင်နှင့် ကျွန်ုပ်မေးဖျား ပြောင်ပြောင်တင်းတင်း မိတ်ဆက်သွား၍ ကျွန်ုပ်လည်း လူးလဲထပြီး လှည့်ကြည့်လိုက်ရာ . . .

ပြီတည်တည်နှင့် စိန်အုံး။ ကျွန်ုပ်လည်း သူ့ကိုတွေ့သည်နှင့် ပို၍ဒေါသထွက်သွားရပြီး . . .

“ဟင် . . . မင်း . . . မင်း ဘာလုပ်တာလဲ”

ကျွန်ုပ်၏ ဒေါသတကြီး စကားကို စိန်အုံးမှ မခိုးမခန့် ပြုံးပြီး . . .

“ခြေကလိန်ကွပ်လိုက်တာလေ။ ကျုပ်လည်း အခန်းမှားဝင်ပြီး ရှေ့နေငှားထားတဲ့ကောင်”

သူလည်း ကျွန်ုပ်လိုပင် မဂ္ဂ္ဂဇင်းတိုက်နှင့် ရှေ့နေအခန်း မှားဝင်မိပြီး အားနာ၍ ရှေ့နေငှားပြီး အမှုရှာနေဟန်တူ၏။ ထို့ကြောင့် ကျွန်ုပ်ကဲ့သို့ပင် မည်သူ့ကို အမှုလုပ်ရကောင်းနိုး စဉ်းစားနေရင်း ကျွန်ုပ်ကိုတွေ့တော့ အမှုတော့ ရပြီဟူသော ဝမ်းသာစိတ်နှင့် ခြေကလိန်ကွပ်လိုက်ပုံရ၏။
 
ကျွန်ုပ်သည်လည်း အနှီငတိကို ကြည့်မရသူပီပီ ပြန်တော့ ဆုံးမပြီး အမှုလုပ်မဟဲ့ဟု ဆုံးဖြတ်ပြီး။

“သြော် . . . အမှုသည်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ပြီပေါ့ ကိုင်းကွာ . . .”

“ဖြန်း . . .”

ကျွန်ုပ်၏ လက်ဝါးဇောင်းကို မထင်မှတ်ဘဲ ခံလိုက်ရသော စိန်အုံးမှာ

“ဟင် . . . ကျုပ်ကို ပါးရိုက်တယ်”

“ရိုက်တယ်ကွာ”

“ဒါဆို ကဲ ကြာ”

“ခွပ်”

“ဟင် . . . မင်းငါ့ကိုထိုးတယ်။ အေး ငါကလည်း ဟောဒီလို”

“ခွပ်”

“ခွပ်”

“ဖြောင်း”

ဤသို့ဖြင့် ကျွန်ုပ်တို့နှစ်ဦးကောင်းမှုနှင့် ရှေ့နေကလေးမှာ အမှု နှစ်ခုလိုက်ရသည့်အပြင် ကျွန်ုပ်တို့နှစ်ဦးမှာလည်း စာချုပ် တစ်ယောက်တစ်စောင် ချုပ်လိုက်ရလေသည်။

ထိုစာချုပ်မှာ အခြားမဟုတ်။ လက်သီးအထိုးကောင်းသော ကျွန်ုပ်တို့ နှစ်ဦး မြန်မာ့လက်ဝှေ့ကျော် ဝမ်ချိုင်းနှင့် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရန် ဖြစ်ချေတော့သည်တမုံ့။

အကြည်တော်