ပိုက်သာဂိုရပ်_(Pythagoras)


ကမ္ဘာ့ပထမဆုံး သင်္ချာပညာရှင်အဖြစ် အများက သတ်မှတ်ထားသူမှာ ဂရိလူမျိုးတွေးခေါ်ပညာရှင်နှင့် သင်္ချာပညာရှင်ကြီး ပိုက်သဂိုရ (Pythagoras) (ဘီစီ ၅၈၂-၅၀၀) ဖြစ်ပါသည်။
ပိုက်သဂိုရ အရင်က သေးလ် (Thales) အမည်ရှိ ဂရိလူမျိုး တွေးခေါ်ပညာရှင်နှင့် သင်္ချာပညာရှင်ကြီးတဦး ပေါ်ပေါက်ခဲ့ဖူးပါသည်။ သို့သော် သေးလ်ကိုမူ ကမ္ဘာ့ပထမဆုံး ဂျီသြမေတြီ ပညာရှင်ကြီးအဖြစ် သတ်မှတ်ထားကြပြီး ပိုက်သဂိုရကိုမူ ပထမဆုံး သင်္ချာပညာရှင်အဖြစ် သတ်မှတ်ကြပါသည်။ မှန်ပါသည်။ ပိုက်သဂိုရသည် သူ့ဘ၀တလျှောက်လုံး သင်္ချာပညာကို လေ့လာခဲ့ရုံသာမက သင်္ချာနှင့်ပတ်သက်သော အကြောင်းအရာများကို လက်ဆင့်ကမ်း သင်ကြားဖြန့်ဝေပေးခဲ့သူဖြစ်ပါသည်။ သူနှင့် သူ့တပည့်များသည် ပိုက်သဂိုရဂိုဏ်းကို ထူထောင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး သင်္ချာအသင်းကြီးကို တည်ထောင်နိုင်ခဲ့ပါသည်။ ထို့အပြင် ယခု သင်္ချာဘာသာရပ်တွင် သင်ကြားနေရသော ပိုက်သဂိုရ သီအိုရမ်ကို တီထွင်ခဲ့သူလည်း ဖြစ်ပါသည်။

ပိုက်သဂိုရကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ခန့် (ဘီစီ-၅၈)က မွေးဖွားခဲ့ပါသည်။ သူ၏ဘ၀သည် လျှို့ဝှက်ဆန်းကြယ်လှပါသည်။ ဘာသာရေးခေါင်းဆောင် တန်ခိုးရှင်ဖြစ်သည်ဟုလည်း ဆိုကြသည်။ သင်္ချာပညာရှင်၊ နက္ခတ်ပညာရှင်လည်း ဖြစ်သည်။
ထုတ်ယူဆင်ခြင်နည်းပြသက်သေပြချက်ကို တီထွင်သူ၊ ဂီတသင်္ကေတများ၏ ဖခင် စသည်ဖြင့် ချီးမွမ်းကြသည်။အဆိုပါဂုဏ်ပုဒ်များအနက် ပိုက်သဂိုရဂိုဏ်းခေါင်းဆောင်၊ မဟိဒ္ဓိပုဂ္ဂိုလ်ဆိုသော ဂုဏ်ပုဒ်များက ပိုမိုထင်ရှားလေသည်။ ထို့ကြောင့် သူ့ကို သူ့တပည့်များက ကြည်ညိုဖွယ်ဖြစ်အောင် လွန်လွန်ကဲကဲဆိုကြသည်။ သူ့ကို အပိုလိုနတ်မင်းကြီးနှင့် လူသားအမျိုးသမီးတဦးက မွေးဖွားသည်ဟုပင် ဆိုကြသည်။ အမှန်တကယ်ပိုက်သဂိုရ၏ဖခင်မှာ မက်ဆာခေါ-ဆိုသူဖြစ်ပါသည်။ သူ့ကို မြေထဲပင်လယ်ဒေသ အိုင်အိုနီးယား ကမ်းရိုးတန်းအနီးရှိ ဆမော့ (Samos) ကျွန်းလေးတွင် မွေးဖွားခဲ့ပါသည်။

ပိုက်သဂိုရသည် ထိုခေတ်က ကျော်ကြားသော သင်္ချာနှင့် တွေးခေါ်ပညာရှင်ကြီးများဖြစ်သည့် သေးလ် (Thales)၊ အနက်ဇီမန်ဒါ (Anaximander၊ အနက်ဇီမီးနက်စ် (Anaximenes) တို့ထံတွင် ပညာသင်ကြားခဲ့ပါသည်။ အသက် ၂၂-နှစ်အရွယ်ရောက်သောအခါ သေးလ်၏တိုက်တွန်းချက်ကြောင့် အီဂျစ်နှင့် ဘေဘီလုံနိုင်ငံများသို့ သွားရောက်ပြီး ကာလရှည်ကြာစွာ နေထိုင်ပညာသင်ခဲ့ပါသည်။ အချို့ကမူ ပိုက်သဂိုရသည် အိန္ဒိယနိုင်ငံအထိ ရောက်ရှိခဲ့သည်ဟုဆိုပါသည်။

ပိုက်သဂိုရသည် လှည့်လည်ပြီး ပညာရှာခဲ့ရာ အသက် ၄၄-နှစ်ရောက်သောအခါမှ ဇာတိမြေ ဆမော့-သို့ ပြန်လည်ရောက်ရှိလာပါသည်။သူ့ဇာတိမြေသို့ရောက်သည်နှင့် ပိုက်သဂိုရသည် သူအနှစ်နှစ်အလလ စုဆောင်းလေ့လာခဲ့သည့် ပညာရပ်များကို သူ့ကိုယ်ပိုင်အတွေးးအခေါ်များနှင့် ပေါင်းစပ်ပြီး တပည့်တပန်းများအား ပြန်လည်သင်ကြား ပေးခဲ့ပါသည်။ ထိုအချိန်က ဆမော့ကျွန်းလေးကို ပိုလီကရိတ်အမည်ရှိ အာဏာရှင်က အုပ်စိုးထားပါသည်။ ပိုလီကရိတ်သည် တပည့်တပန်းများသော ပိုက်သဂိုရကို စိတ်မချနိုင်ဖြစ်နေလေသည်။ ပိုက်သဂိုရနှင့် သူ့တပည့်များက သူ့အာဏာကို လုယူသွားမှာ အလွန်စိုးရိမ်နေလေသည်။ ထို့ကြောင့် ပိုက်သဂိုရကို အမြဲတမ်းထောက်လှမ်းနေလေ့ရှိလေသည်။
တနေ့တွင် ပိုလီကရိတ်က ပိုက်သဂိုရအိမ်တွင် တပည့်တပန်း မည်မျှရှိသည်ကို သိလိုသဖြင့် အမေးလွှတ်လိုက်လေသည်။ ပိုက်သဂိုရက သင်္ချာပညာရှင်ပီပီ သူ့အမေးကို သင်္ချာပုစ္ဆာဖြင့် ပြန်ဖြေလေသည်။ ပိုက်သဂိုရက"တပည့်ထက်၀က်အား ကျမ်းစာရေးရန် တာ၀န်ပေးထားပါသည်။ လေးပုံတပုံကို လောကီပညာရပ်များ လေ့လာရန် တာ၀န်ပေးထားပါသည်။ ခုနစ်ပုံတပုံကို သမာဓိအားကောင်းအောင် တရားမှတ်ခိုင်းထားပါသည်။ ကျန်အမျိုးသမီးသုံးဦးကိုမူ အိမ်မှုကိစ္စများ စေခိုင်းထားပါသည်။ ဤမျှဆိုလျှင် ကျွန်ုပ်အိမ်ရှိလူများကို တွက်ယူသိရှိနိုင်ပါပြီ"ဟု ပြန်လည်ဖြေကြားခဲ့လေသည်။ဤပုစ္ဆာလေးသည် အလယ်ခေတ်က ထင်ရှားခဲ့သော ဂရိတို့၏ သင်္ချာပုစ္ဆာလေးပင် ဖြစ်ပါသည်။

အဖြေမှာ ၂၈-ယောက် ဖြစ်ပါသည်။ပိုလီကရိတ်၏ရန်ကို စိုးရိမ်ရသည့်အတွက် ပိုက်သဂိုရသည် ဇာတိမြေ ဆမော့ကျွန်းလေးကို စွန့်ခွာပြီး အီတလီတောင်ပိုင်းရှိ ကရိုတွန်မြို့လေးသို့ အသက် ၅၀-အရွယ်တွင် ပြောင်းရွှေ့ခဲ့ပါသည်။ ကရိုတွန်မြို့တွင်လည်းပိုက်သဂိုရသည် သူ့အလုပ်ကို ဆက်လုပ်ခဲ့လေသည်။ အဟောကောင်း၊ အပြောကောင်း၊ ဆွဲဆောင်မှုကောင်းလှသဖြင့် သူ့ဟောပြောပွဲတိုင်းမှာ လူစည်ကားလှသည်။ အထက်တန်းလွှာများ ပြည့်နှက်အောင် လာရောက်နားထောင်ကြသည်။ ထိုခေတ်က အမျိုးသမီးများ ဟောပြောပွဲ တက်ခွင့်မရှိဆိုသော ကန့်သတ်ချက်ရှိသော်လည်း ပိုက်သဂိုရ ဟောပြောပွဲများကိုမူ မိန်းကလေးများပါ လာရောက်နားထောင်လေ့ရှိကြပါသည်။ထိုသို့ လာရောက် နားထောင်သူများတွင် ပိုက်သဂိုရတည်းသော တည်းအိမ်ပိုင်ရှင် မိုင်လို၏ သမီးချောလေး သီယာနိုလည်း ပါလေသည်။ နောင်တွင် ပိုက်သဂိုရသည် သီယာနိုနှင့် လက်ဆက်ပြီး သမီးလေး ဒမ်မို-ကို ဖွားမြင်ခဲ့သည်။ ဇနီးဖြစ်သူ သီယာနိုသည် ပိုက်သဂိုရအကြောင်း အတ္ထုပ္ပတ္တိ ရေးသားခဲ့သော်လည်း ထိုစာမူမှာ ပျောက်ဆုံးသွားခဲ့ပါသည်။ရုပ်ချော အဟောကောင်း၊ အပြောကောင်းသော ပိုက်သဂိုရသည် တပည့်တပန်းများကို စုမိသောအခါ ိပိုက်သဂိုရဂိုဏ်းကို ထူထောင်လိုက်လေသည်။
ဂိုဏ်း၀င်တို့မှာ ပိုက်သာဂိုရ၏ တပည့်များဖြစ်ကြပြီး အလွန်လျှို့ဝှက်ကြလေသည်။ ပိုက်သဂိုရ၏ သင်ကြားချက်များကို ဂိုဏ်း၀င်မဟုတ်သူများထံ မပေါက်ကြားစေရအောင် ပညာကို လျှို့ဝှက်ထားကြလေသည်။ ပိုက်သဂိုရသည် သူ့တပည့်များကို စိတ်တည်ငြိမ်အောင် ကမ္မဋ္ဌာန်းထိုင်စေသည်။ (ထို့ကြောင့်လည်း ပိုက်သဂိုရကို အိန္ဒိယနိုင်ငံသို့ ရောက်ခဲ့သည်ဟု အချို့က ယူဆကြခြင်းဖြစ်ပါသည်)။ပိုက်သဂိုရ၏ ယုံကြည်ချက်မှာ လူသေပြီးနောက် လူ၏ဝိညာဉ်သည် အခြားသက်ရှိတခု အတွင်းသို့၀င်သည်။ လူနှင့်တိရစ္ဆာန်သည် ဆက်သွယ်လျက်ရှိသဖြင့် လူကွယ်လွန်သော် နောက်ဘ၀တွင် တိရစ္ဆာန်လည်း ဖြစ်နိုင်သည်။ လူသည် အပြစ်ကင်းစင်စွာ နေထိုင်ပါမှ နောက်ဘ၀တွင် တိရစ္ဆာန်ဖြစ်မည့်ဘေးမှ ကင်းလွတ်နိုင်မည်ဟု ဖြစ်ပါသည်။
ထို့ပြင် ပိုက်သဂိုရဂိုဏ်းသားများသည် မိမိပိုင်ပစ္စည်းအားလုံးကို ဘုံပိုင်အဖြစ် ယူဆရသည်။ တကိုကောင်းဆန်စွာ ကိုယ်ကျိုးအတွက် သုံးခဲ့ပါက အသေဆိုးနှင့်သေမည်ဟုလည်း ယုံကြည်ကြပါသည်။ တဦးတွေ့ရှိသော သင်္ချောတွေ့ရှိချက်မှာလည်း ဘုံပိုင် (တနည်းအားဖြင့် ပိုက်သဂိုရဂိုဏ်းပိုင်) ဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။ ထို့ကြောင့် နှောင်းခေတ်တွေးခေါ်ရှင်တို့က ပိုက်သဂိုရသီအိုရမ်သည် ပိုက်သဂိုရတွေ့ရှိခြင်း မဟုတ်၊ သူ့တပည့်တဦးဦးက တွေ့ရှိသည်ကို ပိုက်သဂိုရဂိုဏ်းက တွေ့ရှိသည်ဟု သတ်မှတ်ထားရာမှ နောက်ပိုင်းတွင် ပိုက်သဂိုရတွေ့ရှ်ိသည်ဟု ပြောင်းလဲခြင်းဖြစ်ရမည်ဟု ယူဆချက်များ ပေါ်ပေါက်လာခဲ့ပါသေးသည်။ထို့ပြင် ပိုက်သဂိုရဂိုဏ်းသားများတွင် ထူးဆန်းသော စည်းကမ်းများလည်း ရှိပါသေးသည်။ ၄င်းတို့အနက် အချို့မှာ ပဲရှောင်ရမည်။ ကျသောအရာကို မကောက်ရ။ ကြက်ဖြူတစ်ဖကိုမထိရ။ ပေါင်မုန့်ကို မချိုးဖဲ့ရ။ ကန့်လန့်တုတ်တံပေါ်သို့ မတက်ရ။ သံဖြင့် မီးကိုမဆွရ။ ပန်းကုံးတခုကို မခူးခြွေရ။ အသည်းမစားရ။ အဝေးသို့ လမ်းမလျှောက်ရ။ တဦး၏အမိုးကို မဝါးမျိုရ။ အိုးကို မီးမှယူသောအခါ ပြာတွင် အိုးရာမထင်စေရ။ အလင်းရောင်တခုဘေးကမှန်ကို မကြည့်ရ-စသည်တို့ ဖြစ်လေသည်။

ပိုက်သဂိုရက သူ့တပည့်များကို လောကီပညာ၊ ဂဏန်းသင်္ချာ၊ ဆေးပညာ၊ နိုင်ငံရေးပညာ၊ ဂီတပညာ၊ အတွေးအခေါ်ပညာ၊ ကိုယ်ကျင့်တရားပညာတို့ကို သင်ကြားပေးပါသည်။ ကမ္ဘာမြေကြီးသည် လုံး၀န်းပြီး နေကို လှည့်ပတ်နေသည်ဆိုသောအချက်ကို ကမ္ဘာပေါ်တွင် ပထမဆုံးသင်ပေးသောကျောင်းမှာ ပိုက်သဂိုရ၏ ကျောင်းပင် ဖြစ်လေသည်။ ထို့ပြင် ပိုက်သဂိုရက သူ့ဂိုဏ်း၏တံဆိပ်ကို ငါးထောင့်ကြယ်ပုံဖြင့် သတ်မှတ်ထားခဲ့လေသည်။ပိုက်သဂိုရသည် တပည့်များကို နိုင်ငံရေးပညာပါ သင်ကြားပေးရကား သူနှင့်အယူအဆ မတူသူ အခြားနိုင်ငံရေးသမားများက လူထုကိုစည်းရုံးကာပိုက်သဂိုရကို တိုက်ခိုက်ခဲ့လေသည်။ ၅၁၀-ဘီစီတွင် ပြိုင်ဘက်များက ပိုက်သဂိုရဂိုဏ်းကြီး တည်နေရာကို မီးတင်ရှို့လိုက်ရာ ပိုက်သဂိုရဂိုဏ်းသားများ ဖရိုဖရဲ ဖြစ်သွားခဲ့လေသည်။ ပိုက်သဂိုရမှာလည်း ဘီစီ ၅၀၀-တွင် မက်တာပွန်တမ်မြို့၌ ကွယ်လွန်ခဲ့လေသည်။ပိုက်သဂိုရ၏ ထင်ရှားသော သီအိုရမ်မှာ ထောင့်မှန်ကြိဂံတခုတွင် ထောင့်မှန်နှင့် မျက်နှာချင်းဆိုင်အနား၏ နှစ်ထပ်ကိန်းသည် ကျန်အနား နှစ်ဖက်နှစ်ထပ်ကိန်းများ ပေါင်းလဒ်နှင့် တူညီသည်ဟူ၍ ဖြစ်လေသည်။ ပိုက်သဂိုရသည် သူ၏သီအိုရမ်ကို မှန်ကန်ကြောင်းလည်း သင်္ချာနည်းဖြင့် သက်သေပြသနိုင်ခဲ့ပါသည်။
Credit : ကျောင်းလွယ်အိတ်