ငွေတိုးချေးစားသူများနှင့် တရားစွဲဆိုခွင့်
ငွေတိုးချေးစားသူများအက်ဥပဒေကို ၁၉၄၅ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည်၊၊ ၁၉၆၂ ခုနှစ် တွင် ယင်း ဥပဒေ ကို ပယ်ဖျက်၍ ၁၉၆၂ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေကို အသစ်ရေးဆွဲခဲ့သည်။ သို့ရာတွင် ဥပဒေ အသစ်ကို အမိန့်ကြော်ငြာစာ ထုတ်ဆင့်၍ အတည်မပြုသေးပေ။ ထို့ကြောင့် ယခုအခါ ၁၉၄၅ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေသာလျှင် အတည်ဖြစ်လျက်ရှိသည်၊၊ (ဒေါ်တင့်နှင့်ဒေါ်သန်းမေ၊ ၁၉၆၆ ရုံးချုပ် ၁၁၉၇)။
ငွေတိုးချစားသူများသည် မှတ်ပုံတင်ရန်လိုသည်။ မှတ်ပုံတင်ရှိမှသာလျှင် တရားရုံးတွင် အနိုင်ဒီကရီရနိုင်မည်။ မှတ်ပုံတင်လက်မှတ်မှာ အနိုင်ဒီကရီ ချမှတ်နိုင်ချိန်တွင် အတည်ဖြစ်ရန်လိုသည်။ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးနေလျှင်သော်လည်းကောင်း၊ အသစ်မလဲလှယ်ရသေးလျှင် သော်လည်းကောင်း အနိုင်ဒီကရီမရနိုင်ပေ။ အနိုင်ဒီကရီရပြီးပြန်လျှင်လည်း မှတ်ပုံတင်လက်မှတ် သက်တမ်းရှိနေမှသာလျှင် ဒီကရီအတိုင်း ဆောင်ရွက်စေ လိုမှု လျှောက်ထားနိုင်ခွင့်ရှိသည်။
ငွေချေးစားသူသည် မူလ တရားမကြီးစွဲဆိုစဉ်က ငွေချေးစားသူ ဟုတ်, မဟုတ် ဆိုသည့် ပြဿနာ မပေါ် ပေါက်ခဲ့၍ အဆုံးအဖြတ် မရှိစေကာမူ ဒီကရီရရှိ၍ ဒီကရီအတိုင်း အကျိုးသက်ရောက်အောင် ဆောင်ရွက်ရန် လျှောက်ထားမှုတွင် တရားရှုံးက တရားနိုင်သည် ငွေချေးစားသူဖြစ်ကြောင်း ကန့်ကွက်ပိုင်ခွင့်ရှိသည်။ မှတ်ပုံတင်မဲ့ ငွေချေးစားသူ ဟုတ်, မဟုတ် ဆိုသည့်အချက်ကို ယင်းအမှုမျိုးတွင် စိစစ်ခွင့်ရသည်။
ငွေတိုးချေးလျှင် အာမခံနှင့် ချေးယူသည့်ငွေအတွက် ကျပ်တစ်ရာလျှင် အတိုးတကျပ်သာရခွင့်ရှိသည်။ အာမခံမရှိပဲ ငွေချေးလျှင် တလတကျပ်ခွဲနှုန်းသာရယူခွင့်ရှိသည်။ သို့ရာတွင် အတိုးအရင်းပေါင်းပြီး အတိုးနှုန်း ထပ် ယူသည့် စာချုပ်လုပ်ထားလျှင် ၎င်းစာချုပ်သည် ပျက်ပြယ်သည်။အတိုးသည်ငွေရင်း၏ တဆထက်ပို၍ ရနိုင်ခွင့်မရှိပေ။ ငွေချေးရာတွင် စာချုပ် စာတမ်းရေးမှတ်ရာ၌ ချေးယူငွေကို အတိအကျဖော်ပြနိုင်ရန် လိုသည်။ ထိုနည်းအတူ အတိုးနှုန်း၊ စာချုပ်နေ့စွဲနှင့် ပေးဆပ်ရန် အချိန်ကာလစသည်တို့ကိုလည်း တိကျ ပြည့်စုံစွာ ရေးရန်လိုသည်။ အဆိုပါ အချက်များကို မရေးပဲ ကွက်လပ်ဗလာထားရှိပါက ယင်းစာချုပ်သည် ပျက်ပြယ်သည်။
လက်ရှိဥပဒေအရ ငွေထုတ်ချေးသည့်အလုပ်ကို လုပ်ကိုင်သူအား ငွေတိုးချစားသူဟု ခေါ်ဆိုရမည်။ ငွေထုတ် ချေးခြင်းကို လုပ်ငန်းတခုအနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ လုပ်ငန်းအနေဖြင့်မဟုတ်ပဲ မိတ်ဆွေတဦးအား ကူညီသည့်အနေဖြင့် တခါတရံသာ ငွေထုတ်ချေးခြင်းဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူ ဖြစ်သည်ဟု သတ်မှတ်ခြင်း မပြုနိုင်။
ငွေထုတ်ချေးသည့် လုပ်ငန်းတခုတည်းကို အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ် လုပ်ကိုင် စားသောက် သူကိုမှသာ ငွေတိုးချစားသူ ဖြစ်သည်ဟု ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ကောက်ယူရန် မသင့်ပေ။ ဥပမာ လူတ ယောက်သည် ကုန်သည်အလုပ်ကို လုပ်ကိုင်ယင်း ငွေချေးလုပ်ငန်းကိုလည်း လုပ်နေပါမူ ထိုသူအား ငွေတိုးချ စားသူ ဖြစ်သည်ဟု ကောက်ယူရမည် ဖြစ်သည်၊ ထိုသူသည် သာမန် ကုန်သည် တယောက်သာ ဖြစ်သည်ဟု မဆိုနိုင်ပေ။
လူတဦးတယောက်သည် ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ရှိ/ မရှိ ဆိုသော အဖြစ်ပေါ်မူတည်၍ ထိုသူသည် ငွေတိုးချစားသူ ဟုတ်/မဟုတ် ဆိုခြင်းကို ဆုံးဖြတ်ရပေမည်။ ထိုသို့ အဖြေရှာရာတွင် ငွေတိုးချစားသည့်အလုပ်ကို ထင်ထင်ပေါ်ပေါ် လုပ်ကိုင်သူနှင့် တိတ်တဆိတ်လုပ်ကိုင်သူဟူ၍ နှစ်မျိုးနှစ်စားရှိခြင်းကို သတိပြုရမည်။ အတည့်အလင်း ငွေတိုးချေးစားသူကို အလွယ်တကူနှင့် သိနိုင်မည်ဖြစ် သော်လည်း တိတ်တဆိတ်လုပ်သူကိုမူ ဖော်ထုတ်ရန် မလွယ်ကူပေ။ အခြေအနေနှင့် ပတ်ဝန်းကျင် အထောက် အထားများအပေါ် မှီငြမ်းပြု၍ ဖော်ထုတ်ရမည်ဖြစ်သည်။
ရွှေကုန်သည်တယောက်သည် ကုန်သည်လုပ်ငန်းကို ထင်ထင်ပေါ်ပေါ် လုပ်နေသူဖြစ်သော်လည်း လူလေး ငါးဦးအား ငွေတိုးယူ၍ ချေးနေကြောင်း ပေါ်လွင်ထင်ရှားလျှင် ထိုသူသည် ငွေတိုးချစားသူဖြစ်သည်ဟု ကောက်ယူ ဆုံးဖြတ်နိုင်သည်။ ( ဦးထွန်းရွှေနှင့် ဦးဝင်း၊ ၁၉၆၇ ရုံးချုပ် ၁၄၅)။
ငွေတိုးချစားသူတဦးသည် မှတ်ပုံတင်လက်မှတ်မရှိပဲ ငွေရလိုမှု တရားစွဲဆိုလျှင် တရားရုံးက ၎င်း၏အမှုကို ပလပ်ရမည်ဟူ၍ ယခင်က စီရင်ဆုံးဖြတ်ခဲ့ဖူးသော်လည်း တရားရုံးချုပ်၏ နောက်ဆုံးစီရင်ထုံးများအရမူ ယင်းအမှုမျိုးကို ပယ်ရန်မဟုတ်ပေ။ ယင်းအမှုကို ဒီကရီချမပေးပဲ ရပ်ဆိုင်းထားရန်သာဖြစ်သည်။ (ဦးထွန်း လှိုင်နှင့် ဦးချစ်လှ၊ ၁၉၇၀ ရုံးချုပ် ၁၈၅) ။
ငွေတိုးချစားသူတဦးသည် ၎င်းရရှိထားသည့် အနိုင်ဒီကရီအတိုင်း ဆောင်ရွက်ပေးရန် လျှောက်ထားခြင်း မပြုရဟု တားမြစ်ခြင်းမရှိပေ။ ဇာရီရုံးအနေဖြင့် ယင်းလျှောက်လွှာကို လက်ခံပြီးလျှင် တရားရှုံး၏ ကန့် ကွက် ချက်အရသော်လည်းကောင်း၊ တရားနိုင်၏ တောင်းဆိုချက်အရ သော်လည်းကောင်း၊ ယင်းဇာရီမှုကို ပိတ်ထား ရန်သာ ရှိသည်။ (ဦးစံတင်နှင့် ဘာနာစီလားပါ ၂၊ ၁၉၆၉ ရုံးချုပ် ၂၃၂ )။
မြီရှင်တဦးသည် မြီစားထံမှ ချေးငွေအတိအကျကို စာဖြင့်ရေးသားဖော်ပြချက်၊ အတိုးနှုန်း၊ချုပ်ဆိုသည့် ရက်စသည်တို့ကို ကွက်လပ်ထားရှိသည့် အော်ဒီမန်စာချုပ်ကို ယူမထားနိုင်ပေ။ ယင်းသို့ ကွက်လပ်များပါသော အော်ဒီမန်စာချုပ်မှာ ပျက်ပြယ်သည်။ အခြားဥပဒေများက မည်သို့ပင် ဆိုထားစေကာမူ ငွေချေးစားသူများ အက်ဥပဒေအရ ယင်းစာချုပ်သည် ပျက်ပြယ်၍ ယင်းစာချုပ်ကိုမူတည်ပြီး တရားစွဲဆိုခွင့်မရှိပေ။ [ကာမလင် ဆင်းနှင့် ယူစီပေါ(လ်)၊၁၉၇၀ ရုံးချုပ် ၁၁၆] ။
ငွေရှင်က ငွေချေးသူထံက အတိုးနှုန်းယူရန် မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေချေး စာချုပ် တွင် မဖော်ပြခဲ့လျှင် ထိမ်ဝှက်ခြင်းမြောက်သောကြောင့် စာချုပ်ပျက်ပြယ်သည်။ ငွေချေးစဉ်က အတိုး မည်မျှ ပေးရမည်ဟု သတ်မှတ်ခြင်းလည်း မပြု၊ စာချုပ်တွင်လည်း ရေးသားဖော်ပြခြင်းမရှိလျှင် ငွေတိုးချစားသူ မဟုတ်သည့် ငွေရှင်တဦးသည် ငွေရင်းကို တရားစွဲခွင့်ရှိသော်လည်း အတိုးကို တောင်းခံစွဲဆိုပိုင်ခွင့် မရှိချေ။ (ကာစီပရာဆပ်နှင့် ဒလစ်ဆင် ၊၁၉၇၁ ရုံးချုပ် ၃၈)။
( အညွှန်း - ဦးမြစိန် ၊ အသုံးချဥပဒေပေါင်းချုပ် ၊ ဒုတိယအကြိမ်၊၁၉၈၂ မတ်လ၊ စာ ၃၃၅ ) ။

