" ဤမီးတိုင် "

ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တစ်တိုင်ဆီမီး
ထိန်ထိန်ညီးတည့်။
သူ့အလျှံမှ
တဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့်။ ။
ကဗျာလေးကတိုတယ် တွေးတောစရာက. . . .
စာဆိုရှင် ငွေတာရီ၏ ဤမီးတိုင်။ ဆီမီးတိုင်၏ အလင်းရောင်ဖြင့် ပတ်ဝန်းကျင် ထွန်းလင်းသလို ထို အလင်းရောင်ကို ကူးယူသွားခြင်းဖြင့် ဆီမီးတိုင်တွင် အလင်းရောင် လျော့မသွား။ အလင်းရောင် ပို၍ပင် ကျယ်ပြန့်စွာ ထွန်းလင်းလာနိုင်ပါသည်။
အလင်းရောင်ကို ထွန်းညှိသူရှိသည်။ အလင်းရောင်ကို ငြိမ်းသတ်သူရှိသည်။ အလင်းရောင်ကို ကွယ် ထားသူရှိသည်။ အလင်းရောင်ကို ကူးဆက်လင်းစေသူရှိသည်။
✨✨✨✨
တချို့ကတော့ မိမိကိုယ်၌သာ မှောင်ရုံမျှမက ဘေးပတ်ဝန်းကျင်ကိုပါ မှောင်စေသည်။ တချို့ကတော့ မိမိရော ဘေးပတ်ဝန်းကျင်ပါ အလင်းရအောင် ဆောင်နှင်းပေး၏။ အလင်းရောင် ထွန်းညှိဖို့ လိုပါမည်။
🔥🔥🔥🔥🔥
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သိဒ္ဓတ္ထမင်းသားသည် လောကအတွက် အလင်းရောင်ကို ထွန်းညှိလိုက်ပါသည်။ ထိုအလင်းရောင်သည်ကား စကြဝဠာသိုက်တစ်သောင်းမျှမက ထွန်းလင်းတောက်ပတော်မူလေသည်။
ကိလေသာ အမိုက်မှောင်တို့မှ ရှင်းလင်းပယ်ခွာတော်မူ၍ ၃၁ ဘုံသား လူ၊ နတ်၊ သတ္တဝါတို့၏ ဉာဏ် အလင်းရောင်များအား လင်းလက်စေခြင်းငှာ အလင်းထွန်းညှိတော်မူပါပေ၏။
" အန္ဓီဘူတော အယံလောကော "
အယံလောကော= ဤလောကသည်၊ အန္ဓီဘူတော= အမိုက်မှောင်သဖွယ် ဖြစ်၏။
🙈🙉🙊
အမိုက်အမှောင်လောကကြီးအား ဓမ္မသစ္စာတရား အလင်းရောင်တို့ဖြင့် လင်းလက်စေခဲ့ပြီ။ စမ်းတဝါး သောလမ်းတို့ကို ထင်လင်းစေခဲ့ပြီ။ ကမ်းကိုလည်း မြင်စေခဲ့ပြီ။ ကူးခပ်နိုင်ရန်အတွက် လှေ၊ တက်တို့ကိုလည်း ထင်ရှားစေခဲ့ပါပြီ။
အစအဆုံးမဲ့လှသော သံသရာဝဲသြဃအတွင်းတွင် မျက်လုံးစုံမှိတ်ခူးခပ်နေသည်မှာ မမောနိုင်မပမ်းနိုင်၊ မရောက်နိုင်၊ မရပ်နိုင်။
မြတ်စွာဘုရားရှင်ထွန်းညှိလိုက်သော ဓမ္မအလင်းရောင်ကြောင့် ကမ်းကို မြင်နိုင်ပြီဖြစ်သည်။ ကျယ်ဝန်း လှသော သံသရာပင်လယ်၏ အနားသတ်ကို သိရှိရပြီဖြစ်ပါသည်။
😇😇😇
" မိမိကိုယ်သာ အားထားရာ " ဟု ဆိုခဲ့ပြီ။ ကိုယ်တိုင်စိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရမည်ဖြစ် ပါသည်။ အလင်းရောင်ရှိတုန်း ကြိုးစားကြမှသာလျှင် ခရီးလမ်းပေါက်မည်။ ဒီအမှောင် မှောင်သွားပါက မည်၍ မည်မျှ အမှောင်တိုက်ကြီးစိုးနေမည် မသိနိုင်။ သေချာသည်ကား ကြာဦးမည်။ ကမ္ဘာနှင့်ချီ ကြာမြင့်ပါ လိမ့်ဦးမည်။
🌟💫💥🌟
သဘာဝဓမ္မအလင်းရှိပင်ရှိသော်လည်း အတ္တအရောင်များကြောင့် မှောင်နေတတ်ပါသည်။
အတ္တမြူတို့ကို ဓမ္မအလင်းဖြင့် ဖယ်ခွင်းရမည်။
အလင်းရောင်ကောင်းကောင်းရမှသာလျှင် လမ်းဖြောင့်ဖြောင့်တန်းတန်းကို မြင်နိုင်ပါမည်။ လျှောက်နိုင်ပါမည်။
လမ်းဖြောင့်ဖြောင့်တန်းတန်းလျှောက်နိုင်မှသာ ခရီးပန်းတိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် အလင်းရောင်လေး ရှိစဉ်ခိုက် ကြိုးစားလျှောက်လှမ်းကြဖို့ လိုပါလိမ့်မည်။
👣👣👣👣👣👣👣
-------------တစ်ခါတုန်းက မျက်မမြင်အဘိုးအိုတစ်ဦးသည် တောင်ဝှေးအကူအညီဖြင့် တစ်ရွာဝင်တစ်ရွာထွက် သွားလာနေသည်။ ရွာတစ်ရွာအရောက်တွင် ပတ်ဝန်းကျင်၌ မှောင်မိုက်နေပြီဖြစ်သည့်အတွက် အဘိုးအိုအား မီးအိမ်ဆွဲသွားရန် လူငယ်တစ်ဦးက အကြံပေးသည်။
" ငါက ကန်းနေတာပဲ မီးအိမ်ဆွဲသွားတော့ရော ဘာထူးမှာလဲ " ဟု အဘိုးအိုက ဆိုသည်။
" မီးအိမ်ကို ဆွဲပြီးလာတာကို မြင်ရရင် အဘိုးကို တခြားလူတွေ ဝင်မတိုက်အောင် ရှောင်သွားနိုင်တာ ပေါ့" ဟု လူငယ်က ပြန်ဖြေသည်။
လူငယ်၏ အကြံဉာဏ်ကို လက်ခံပြီး မီးအိမ်ကိုဆွဲလျက် ခရီးဆက်၏။ သို့သော် လမ်းခုလတ် တစ်နေရာတွင် လေအဝှေ့ကြောင့် မီးအိမ်ငြိမ်းသွားသည်ကို အဘိုးအို မသိခဲ့ချေ။ အမှောင်ရောက်လာ သော်လည်း ခရီးဆက်မြဲ ဆက်လျက်ပင်ရှိသည်။
" ဒုန်း "
တစ်နေရာအရောက်တွင် လူတစ်ဦးနှင့် တိုက်မိခြင်းဖြစ်သည်။ ထိုအခါ အဘိုးအိုက
" ဟေ့ ဘာလို့ဝင်တိုက်တာလဲ "
" မမြင်လို့ပါ အဘရယ်၊ လမ်းပေါ်မှာ မှောင်နေလို့ပါ၊ ပြီးတော့ အဘမီးအိမ်က ငြိမ်းနေပြီလေ "
" သြော် မီးအိမ်ငြိမ်းသွားပြီလား..အင်းလေ..နောက်ဆုံးတော့လဲ မမြင်တဲ့အကန်းဖြစ်ဖြစ် လူကောင်း ဖြစ်ဖြစ် အမှောင်ထဲကြ အတူတူပါပဲလား "
အဘိုးအိုကား မီးအိမ်ကို ချထားခဲ့ပြီး ခရီးဆက်ခဲ့လေတော့သည်။
လောကကြီးသည် အမိုက်အမှောင်တို့ဖြင့် ဖုံးလွှမ်း၍ နေပေသည်။
ထိုအမိုက်အမှောင်တို့၏ အထဲတွင် ပိုးစုန်းကြူးမျှအလင်းရောင်ကဲ့သို့ အလင်းပြောက်တို့သည်ကား တချို့နေရာ၊ တချို့ဒေသတို့တွင် လင်းတစ်လှည့် မှိန်တစ်လှည့် ရှိပေ၏။
လောကတစ်ခွင်အတွက် အားကြီးသော အလင်းရောင်တစ်ခု ထွန်းလင်းဖို့သည် ကမ္ဘာနှင့်ချီပြီး ကြာမြင့် လေ၏။ ထိုအလင်းရောင်နှင့် ကြုံကြိုက်ဖို့သည်ကား ခက်ခဲလှစွာတကား။
Credit: Mg Paing

