နေ့စဉ် သစ္စာတရားတွေကို သိ,သိပေးနေပါ ...

---------------------------------------------

သစ်စာတရားဆိုတာ 
တခြားမှာသွားရှာရမှာမဟုတ်ဘူး 
မိမိတို့ခန္ဓာငါးပါးရဲ့ အမြဲတရစပ်
ဖောက်ပြန်ပြောင်းလွဲနေတဲ့
သဘောတရားကို စောင့်ပြီးကြည့်နေရမှာ ...

လောကီလူသားတွေဟာ ဝမ်းရေးအတွက်
အလုပ်တွေကို မိုးလင်းမှ မိုးချုပ် 
နေဝင်သည့်တိုင် နေ့စဉ်လုပ်နေရပါတယ်..
လုပ်ရင်း ကိုင်ရင်း သစ္စာတရားတွေကို
နှလုံးသွင်း ဆင်ခြင်ဖို့ရာ အရေးကြီးပါသည် ။

ဝမ်းရေးအတွက်
မနက်မိုးလင်းလာရင်ထ ခန္ဓာကိုယ်,ကို 
သန့်စင် အညစ်ကြေးစွန့် ၊ စားသောက် 
ဝတ်စားပြီး ငွေရှာတဲ့ အရပ်ဆီသို့ သွားရောက်ကြရပါတယ် ..

ဒါတွေဟာ.. 
ခန္ဓာကိုယ်ထဲက အမူအရာလေးတွေ
ဖောက်ပြန် ပြောင်းလည်းသွားတာနော် ...
နဂိုရုပ်မှ နောက်ရုပ်ကို ပြောင်းသွားတာပါ

ဒီလို ခန္ဓာထဲက အမူအရာတွေ
ပြောင်းတိုင်း ပြောင်းတိုင်း သိပေးနေပါ ..
အမူအရာတွေပြောင်းတာက ဒုက္ခသစ္စာ ၊
အမူအရာပြောင်းတိုင်း ပြောင်းတိုင်းကို 
နောက်မှ ဥာဏ်နဲ့လိုက်, လိုက်ပြီး
သိနေတာက မဂ္ဂသစ္စာ...

တစ်ခါ သွားရင်းလာရင်း
ပတ်ဝန်းကျင်မှာ တွေ့မြင်လာတဲ့ 
လူ့အသုံးအဆောင် အရာဝတ္ထု ပစ္စည်း 
ကောင်းလေးတွေကို ပိုင်ဆိုင်ချင်လာတယ် ..
ဒီအခါမှာ လိုချင်တပ်မက်တဲ့ 
လောဘတဏှာတွေပေါ်လာတတ်ပါတယ် ..

မိမိတို့ အသိုင်းအဝန်းမှာ ကိုယ်ခင်တဲ့ 
မင်တဲ့ လေးစားရတဲ့ သူတွေ
ကိုယ်ယုံကြည်တဲ့ အကြောင်းအရာတွေကို
သူတစ်ပါးမှတိုက်ခိုက် ပြောဆိုလာကြသောအခါ
မိမိတို့သည် မကျေနပ်တဲ့ အလိုမကျသော
ဒေါသတရားတွေပေါ်လာမယ် ..

နေ့စဉ်ဘဝထဲမှာ ဒီလိုတရားတွေ 
ပေါ်လာတာက ... 
အရှုခံ တရားတွေ ဖြစ်ပေါ်လာတာပါတဲ့
ဒါတွေကို ပေါ်တိုင်း ပေါ်တိုင်း ...
အသိလိုက်ပေးနေပါတဲ့ 

ထိုကဲ့သို့ သိသိပေးနေတော့ 
ဘာတွေ အကျိုးကျေးဇူးရှိသလဲဆိုတော့ 
မျက်စိ,နား,နှာ,လျှာ,ကိုယ်,စိတ် ဆိုတဲ့
ဒွါရခြောက်ပေါက်က ဖြစ်ပေါ်လာတဲ့
ကောင်း / မကောင်း နှစ်သက်ခြင်း
မနှစ်သက်ခြင်းဆိုတဲ့ အာရုံတွေကို 
ချက်ချင်းကြီး မတုန့် ပြန်တော့ပါဘူး...

ဟဒယမှာ အသိဝင်ပေးနေတဲ့အတွက်
လောဘတွေဖြစ်ကြော မရှည်တော့ပါ
ဒေါသတွေ ဖြစ်ကြောတိုသွားပါသည်
မောဟများ အကြာကြီး ဖြစ်ခွင့် မရတော့ပေ..

အဲဒီလို ဖြစ်ပေါ်လာသော
လောဘတဏှာတွေသည်
သမုဒယသစ္စာတွေပါ .. 
သိ,သိပေးနေတာက မဂ္ဂသစ္စာပါ....

ဒီလို သိနေတဲ့ အခိုက်အတန့်
အချိန်ကလေးမှာ လောဘတဏှာ
ရှိသေးလားလို့ ရှေ့စိတ်ကို နောက်စိတ်မှ
ဆင်ခြင်ကြည့်လိုက်တော့
မရှိပါတော့ပါဘူးတဲ့ .. 

နာမ်တရားတို့မည်သည်
တစ်ချိန်တည်းမှာ ၂-ခု ပြိုင်ဖြစ်ရိုး 
ထုံးစံမရှိကြဘူး
တစ်ခုစီဖြစ်ကြရပါတယ်လေ ...

ဒါကြောင့် သိနေတဲ့နာမ်တရားလေး
မဂ် ပေါ်တဲ့အခိုက်မှာ..
လောဘဖြစ်နေတဲ့စိတ်ကလေးက
ပျောက်ကွယ်ပေးရပါတယ်..
အဲဒီလိုပျောက်ကွယ်တာလေးသည် 
နိရောဓသစ္စာပါ..

အဲဒီလို နောက်မှ 
မဂ္ဂသစ္စာနဲ့ သိသိပေးနေတော့ကာ ..
တဏှာ, ဥပါဒါန် , ကံဆိုတဲ့
သမုဒယသစ္စာတွေ ထပ်မဖြစ်တော့ဘဲ
ချုပ်သွားခြင်းသည် နိရောဓသစ္စာပါ

ပစ္စုပ္ပန်အကြောင်းတရား
သမုဒယချုပ်တော့ 
နောင်အနာဂတ် ဖြစ်ပေါ်လာမဲ့
ဒုက္ခသစ္စာလည်းချုပ်ပါသည်။
သူတို့နှစ်ခုချုပ်သွားခြင်းသည်
နိရောဓသစ္စာပါ ...
ခန္ဓာငါးပါး မဖြစ်တော့တာသည်
နိရောဓပါ ..

အဲဒါကိုလည်းသိ,သိပေးနေရပါမယ် ..
အသိလိုက် ပေးရပါမယ်

နာမ်တရားလေးတွေ ရှိရာမှ မရှိတော့ဘဲ
ချုပ်ပျောက် ချုပ်ပျောက်သွားတာက
နိရောဓသစ္စာ ... 

နောက်မှနေ၍
သိပေးနေတာက မဂ္ဂသစ္စာ ..
ဒီတော့ သစ္စာလေးချက်စုံသွားပြီနော် ..

အဲဒီလိုသိနေတာလေးတွေက
ဘာကိုသိတာလဲဆိုတော့ 
သစ္စာတရားတွေကိုသိနေတာပါဟု
ကျေးဇူးတော်ရှင်မိုးကုတ်
ဆရာတော်ဘုရားကြီး၏ ဩဝါဒကို
ဦးထိပ် ခံယူ၍ ရေးသားမျှဝေ
လိုက်ရပါသည် ခင်ဗျာ ...

☀ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး