ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက် ဉာဏ်ကောင်းဖို့ ကျက်သမျှ စာတွေမှတ်မိဖို့ဆိုတာတော်တော့်ကို အရေးပါပါတယ်။ စာအရလွယ်အောင် ကျက်ထားသမျှ မှတ်မိအောင်ဘယ်လိုကျက်ရမလဲလို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူအများစုကို မေးကြည့်မယ်ဆိုရင် ထပ်ခါထပ်ခါကျက်ပါလို့ ပဲ အကြံပြုကြမယ်ထင်ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ တော့ ဒီအဖြေဟာပြည့်စုံတဲ့ အဖြေတစ်ခုမဟုတ်ပါဘူး။ စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့်နည်းလမ်းများပထမဆုံးအနေနဲ့ ဘာမှမလုပ်သေးခင်မှာစာကျက်မယ့်သူဟာ ဘယ်လိုကျက်မှတ်တတ်တဲ့ အလေ့အထရှိသလဲဆိုတာကို ဆန်းစစ်ရပါ့မယ်။
အကြားအာရုံနဲ့ မှတ်သားတာကို အားသန်သလား၊အမြင်အာရုံနဲ့ မှတ်သားတာကို အားသန်တာလား၊ ဒါမှမဟုတ် အတွေ့အကြုံအပေါ် အခြေခံပြီး လေ့လာမှတ်သားတတ်တဲ့ သူလားဆိုတာကိုသိဖို့လိုအပ်ပါတယ်။
တစ်နည်းအားဖြင့် နားထောင်ပြီးကျက်တတ်တဲ့သူ၊အော်ကျက်တတ်တဲ့သူလား၊ ဖတ်ပြီးကျက်တတ်သူလား၊ရေးကျက်တတ်သူလားလို့ ခွဲနိုင်ပါတယ်။ အများစုကတော့ ပုံစံနှစ်မျိုး အနည်းဆုံး ရောယှက်နေတဲ့သူတွေဖြစ်တတ်ကြပါတယ်။ ကိုယ်အားအသန်ဆုံးဖြစ်တဲ့ မှတ်သားကျက်မှတ်မှု ပုံစံပေါ်မူတည်ပြီး ဘယ်အဆင့်တွေကို အလေးပေး လုပ်ဆောင်ရမလဲဆိုတာ ဖော်ပြပေးမည် ဖြစ်ပါတယ်။
၁. ပြင်ဆင်ခြင်း
ပထမဆုံးကတော့ နေရာဖြစ်ပါတယ်။ တစ်ချို့ကဘယ်လိုနေရာဖြစ်ဖြစ် ကျက်တတ်ပေမဲ့ ကိုယ့်အတွက် အနှောင့်အယှက်ကင်းတဲ့နေရာဖြစ်ရင်တော့ စာကျက်တဲ့အခါမှာ အာရုံပိုစူးစိုက်နိုင်ပါလိမ့်မယ်။ လူကိုလည်း သက်တောင့်သက်သာဖြစ်အောင်
မပူလွန်းမအေးလွန်းတဲ့ အခြေအနေမျိုးဖြစ်အောင် စီမံထားသင့်ပါတယ်။
ဒုတိယတစ်ချက်က အာဟာရဖြစ်ပါတယ်။
ပြည့်စုံလုံလောက်တဲ့အစာအာဟာရ စားသောက်ထားဖို့လိုပြီး အလွန်အမင်း ဗိုက်ပြည့်အောင်လည်းမစားရပါဘူး။ ဗိုက်တအားပြည့်တဲ့အခါ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာတွေ ဖြစ်တတ်ပြီး အိပ်လည်းငိုက်တတ်ပါတယ်။ အစာမစားထားရင်လည်း
ဗိုက်ဆာပြီး စာကျက်တဲ့ဆီမှာ အာရုံမရောက်တော့ပါဘူး ဖြစ်လာပါလိမ့်မယ်။
ရေနွေးကြမ်းနည်းနည်းလောက် သောက်ဖို့အကြံပြုချင်ပါတယ်။ လက်ဖက်ခြောက်ဟာဝမှတ်ဉာဏ်ကောင်းမွန်စေတဲ့ သဘာဝအထောက်အကူပစ္စည်းဖြစ်ပါတယ်။ လက်ဘက်ရည်ကြမ်းမှာပါတဲ့ ဓာတ်တွေဟာ အာရုံကြောတွေကို ကောင်းမွန်စေပြီးဝဦးနှောက်ဆဲလ်တွေကို သက်တမ်းပိုရှည်စေပါတယ်။
၂. သင်သမျှစာကို အသံသွင်းထားပါ။
ဒီနည်းဟာ ဖတ်စာအုပ်တွေမရနိုင်တဲ့အခါမျိုး စာသင်ခန်းထဲက သင်ကြားမှုကို အဓိကထား လေ့လာကျက်မှတ်ရမယ့်အချိန်မျိုးမှာ အသုံးဝင်ပါတယ်။ အခုခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူအသံဖမ်းနိုင်တဲ့အတွက် ဆရာပြောသမျှအရာအားလုံးကို
အချိန်မရွေး ပြန်နားထောင်နိုင်ပါတယ်။
စာတစ်ပုဒ်ကို မှတ်မိချင်တယ်ဆိုရင် အဲ့ဒီစာကို ကိုယ်တိုင်ပြန်ဖတ်ပြီး အသံသွင်းထားပါ၊ ပြီးရင် ပြန်နားထောင်ပေးပါ၊ အကြားအာရုံနဲ့ မှတ်သား တတ်သူတွေအတွက် ဒီနည်းလမ်းဟာ တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၃. အားလုံးကိုချရေးပါ
ဘာစာကိုမှ မကျက်မှတ်သေးခင်မှာ ကိုယ်ကျက်မှတ်မယ့် အချက်အလက်တွေကို အစအဆုံးချရေးဖို့လိုပါတယ်။ ဒီနည်းလမ်းဟာ ကျက်ရမယ့် စာနဲ့ပိုပြီး ရင်းနီးလာစေပါတယ်။ အသံဖမ်းထားတာကို နားထောင်နေရင်းနဲ့ ချရေးမယ်ဆိုရင် ပိုပြီးများများမှတ်မိနိုင်ပါတယ်။ ဒီလိုချရေးတဲ့နည်းလမ်းဟာ အတွေ့အကြုံနဲ့ မှတ်သားတတ်သူတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။
၄ .မှတ်စုကို အပိုင်းလိုက်ခွဲထားပါ။
ကျက်မယ့်စာတွေကို မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ချရေးပြီးပြီဆိုရင်တော့ အဲ့ဒီမှတ်စုကို အပိုင်းလိုက ်ပြန်ခွဲပေးဖို့လိုပါတယ်။ ဒီနည်းကတော့ အမြင်အာရုံနဲ့ လေ့လာတတ်သူတွေ အတွက်ဖြစ်ပါတယ်။ ကဏ္ဍတစ်ခုချင်းစီအလိုက် ကွဲပြားအောင် ရောင်စုံမှင်တွေသုံးပြီး အပိုင်းလိုက် ပိုင်းခြားပြထားရင် ပိုကောင်းပါတယ်။
ဒီနည်းလမ်းနဲ့ တစ်ပိုင်းချင်းစီကို ဖတ်ရင်း သက်ဆိုင်ရာအကြောင်းအရာတွေကို ဦးနှောက်ထဲမှာ အပိုင်းလိုက်ခွဲပြီး စတင်နှိုင်းယှဉ်မှတ်သား မိလာပါလိမ့်မယ်။
၅. အပိုင်းလိုက် ထပ်ခါထပ်ခါကျက်မှတ်ပါ။
စာတစ်ကြောင်းချင်းစီကို ထပ်ခါထပ်ခါဖတ်ပြီး မကြည့်ဘဲ ပြန်စဉ်းစားကြည့်ပါ။ တစ်ကြောင်းချင်းစီကို မှတ်မိပြီဆိုရင် အရင်မှတ်မိထားတာနဲ့ ပြန်ပေါင်းစဉ်းစားပါ။ ဒီနည်းနဲ့ အပိုင်းတစ်ပိုင်းလုံးကို လုံးဝမှတ်မိလာတဲ့အထိ ထပ်ခါထပ်ခါကျက်မှတ်ရပါ့မယ်။ စိတ်ရှည်ဖို့တော့လိုအပ်ပါတယ်။ အစအဆုံး လုံးပြီးကျက်တာထက် ဒီနည်းက ပိုမြန်မြန်ရလွယ် မှတ်မိလွယ်ပါတယ်။
စာတစ်ပိုင်းကို လုံးလုံးလျားလျားမှတ်မိတဲ့ အခြေအနေအထိ မရောက်မချင်း နောက်တစ်ပိုင်းကိုဝဆက်မကူးပါနဲ့။ ဒီနည်းဟာ အမြင်အာရုံနဲ့ မှတ်သားမှုနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် အသံထွက်ပြီး ရွတ်ဆိုမယ်ဆိုရင်တော့ အကြားအာရုံနဲ့ပါ မှတ်သားပြီးသား ဖြစ်သွားပါလိမ့်မည်။
၆. အလွတ်ပြန်ချရေးပါ။
အပိုင်းအားလုံးကို မှတ်မိသွားပြီဆိုရင် အလွတ်ပြန်ချရေးကြည့်ရပါ့မယ်။ ဒီနည်းကတော့ ကျက်မှတ်ထားသမျှကို လက်တွေ့မှတ်သားမှု နည်းလမ်းနဲ့ ထပ်အားဖြည့်ပေးတာပါပဲ ဖြစ်ပါတယ်။
၇. ပြန်သင်ပေးပါ။
ဒီနည်းလမ်းကတော့ တကယ့်ကို ထိရောက်ကောင်းမွန်တဲ့ မှတ်သားမှုနည်းလမ်း ဖြစ်ပါတယ်။ ကိုယ်တိုင်လေ့လာမှတ်သားထားတဲ့ အရာတစ်ခုကို တခြားသူတွေကို ပြန်သင်လိုက်တဲ့အတွက် ပိုပြီးမှတ်မိလွယ်ပါတယ်။ အဲ့ဒီလိုသင်တဲ့အခါမှာလည်း ပုံစံအမျိုးမျိုးနဲ့ သင်ပေးလို့ရပါတယ်။ ကိုယ့်အတန်းဖော်တွေကို သင်ပေးနိုင်သလို ကိုယ့်ကိုယ်လည်း ပြန်သင်ပေးတာမျိုး လုပ်နိုင်ပါတယ်။
ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့ မေးခွန်းထုတ်ကြည့်တာပါပဲ၊ ကိုယ်မှတ်သားနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းပုံစံအမျိုးမျိုးနဲ့ ဘယ်လိုမေးနိုင်မလဲဆိုပြီး ထုတ်ကြည့်သင့်ပါတယ်။ ဒီနည်းနဲ့ ဘယ်အချက်တွေကို ပိုအလေးပေး မှတ်သားသင့်တယ်ဆိုတဲ့ အတွေ့အကြုံကောင်းတွေလည်း ရနိုင်ပါလိမ့်မယ်၊ ဒီနည်းလမ်းဟာ လက်တွေ့မှတ်သားတဲ့ နည်းထဲမှာ အကျုံးဝင်ပေမဲ့ အမြင်နဲ့ အကြားအာရုံ မှတ်သားမှုတွေကိုလည်း အလျဉ်းသင့်သလို အသုံးပြုသွားနိုင်ပါတယ်။
၈. အသံသွင်းထားတာတွေ ပြန်နားထောင်ပါ။
ကားစီးနေချိန် ဒါမှမဟုတ် အဝတ်လျှော်နေချိန်လိုမျိုး စာကျက်ဖို့မဟုတ်တဲ့ နေရာနဲ့ အချိန်တွေမှာ အသံသွင်းထားတာတွေကို ပြန်နားထောင်ရပါ့မယ်။ ဒီနည်းနဲ့ မှတ်သားမယ့်အချက်အလက်တွေကို ပိုပြီးစွဲထင်မှတ်မိစေပါတယ်။
၉. အနားယူပါ။
နောက်ဆုံးအဆင့်ကတော့ စိတ်ကို အနားပေးခြင်း ဖြစ်ပါတယ်။ လက်ရှိကျက်မှတ်နေတဲ့အရာကို မစဉ်းစားပဲ ခဏလောက်နေပြီးမှ ပြန်ကျက်မှတ်ပါ။
ဒီနည်းအားဖြင့် သိပ်မမှတ်မိတဲ့ အကြောင်းအရာတွေကို သတိထားမိပြီး ထပ်ကျက်ဖို့လိုသေးတဲ့ နေရာတွေမှာ ပိုအလေးပေး ကျက်နိုင်ပါလိမ့်မည်။
_________________________________

