‌သေချာတာကတော့ ကိုလံဘတ်စ်တို့လို ကမ္ဘာတစ်ပတ်ရွက်လွှင့်ပြီးစသိခဲ့ကြတာတော့မဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ လုံးဝန်းတဲ့ ပုံသဏ္ဍာန်မျိုးရှိသင့်ကြောင်း ပထမဆုံးစပြောခဲ့တဲ့လူကတော့ ဂရိသင်္ချာပညာရှင် ပိုက်သာဂိုရပ်စ်ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က ကမ္ဘာကြီး ဘာကြောင့်လုံးဝန်းတဲ့ပုံစံရှိရကြောင်း လက်တွေ့ကျကျ ရိုးရှင်းစွာနဲ့ပဲရှင်းပြနိုင်ခဲ့ပါတယ်။ အရစ္စတိုတယ်က လကြတ်ခြင်းဖြစ်စဉ်အတွင်းမှာ လနဲ့ နေရဲ့ကြားထဲကို ကမ္ဘာရောက်နေတယ်ဆိုတာသိခဲ့ပြီး လကြတ်တိုင်းမှာ လပေါ်မှာသွားထင်နေတဲ့ ကမ္ဘာရဲ့အရိပ်ဟာ အမြဲတမ်း အဝိုင်းပုံသာ ဖြစ်နေခဲ့တာကိုသတိထားမိခဲ့ပါတယ်။ အကယ်၍များ လူတွေပြောနေကြသလို ကမ္ဘာက အဝိုင်းပြားကြီးတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင် အဝိုင်းပြားတည့်တည့်ကိုနေထိုးချိန်မှာသာ အရိပ်အဝိုင်းပေါ်သင့်ပြီး တစောင်းအထားဖြစ်နေချိန်မှာတော့ အရိပ်ဟာ ဘဲဥပုံရှည်မျောဖြစ်နေသင့်တယ်လို့ အရစ္စတိုတယ်ယူဆခဲ့ပါတယ်။ ဒာပေမယ့် လကြတ်တိုင်းအမြဲတမ်း ကမ္ဘာရဲ့အရိပ်ဟာ အဝိုင်းပုံသာပေါ်နေခဲ့တာကြောင့် အဲ့သလိုအဝိုင်းဖြစ်နေခြင်းဟာ ကမ္ဘာဟာလုံးဝန်းနေခြင်းကြောင့် ဘယ်ထောင့်ကပဲ နေထိုးသည်ဖြစ်စေ ကမ္ဘာရဲ့ အရိပ်ဟာ အဝိုင်းပုံဖြစ်နေတာဖြစ်ရမယ်လို့ အရစ္စတိုတယ် သုံးသပ်မိခဲ့ပါတယ်။ နောက်တစ်ချက်အနေနဲ့ အရစ္စတိုတယ်ဟာ ကမ္ဘာရဲ့မတူညီတဲ့ နေရာတွေမှာ ကြယ်တွေရဲ့ ရွေ့လျားပုံလမ်းကြောင်းတွေဟာလည်း မတူညီကြတာကို သတိထားမိခဲ့ပါသေးတယ်။ ဒါကြောင့် ဒီသုံးသပ်ချက်နှစ်ချက်ကို ခြေခံပြီးတော့ အရစ္စတိုတယ်က ကမ္ဘာကြီးဟာ စက်ဝိုင်းပုံရှိရုံတင်မဟုတ်ပဲ လုံးဝန်းတဲ့ စက်လုံးပုံရှိကြောင်း ကောက်ချက်ချနိုင်ခဲ့ပါတယ်။ အမှန်တကယ်လည်း အဲ့သလို သူ့ရဲ့အယူအဆတွေဟာ ရာနှုန်းပြည့် မှန်ကန်နေခဲ့ပါတယ်။ ကျွန်တော်တို့တွေ အီကွေတာပတ်ဝန်းကျင်မှာ ကြယ်တွေကို ကြည့်တဲ့အခါမှာ အီကွေတာ ပတ်ဝန်းကျင်ကနေကြည့်ရင် ကြယ်တွေဟာ မျဉ်းဖြောင့်အတိုင်း အရှေ့ကနေ အနောက်ကို ရွေ့လျားနေတာကိုမြင်ရမှာဖြစ်ပြီးတော့ ဝင်ရိုးစွန်းဒေသတွေမှာတော့ ကြယ်တွေဟာ စက်ဝိုင်းပုံလမ်းကြောင်းအတိုင်း လည်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

       

______________________________________

ကမ္ဘာ့ရဲ့ အဝန်းကို ရိုးရှင်းစွာတိုင်းတာပြခဲ့သူ

#Eratosthenes(အယ်ရိုတော့စ်သနီးစ်)


       ကမ္ဘာဟာ လုံးနေကြောင်း သက်သေပြနိုင်ခဲ့သူနောက်တစ်ဦးကတော့ ဂရိအသင်္ချာပညာရှင် အယ်ရိုတော့စ်သနီ့စ်(Eratosthenes) ဖြစ်ပါတယ်။ သူသည်လည်း လီယိုနာဒိုဒါဗင်ချီတို့လို ဘက်စုံထူးချွန်သူတစ်ဦးလို့ပြောလို့ရပြီး သူဟာ နက္ခတ္တဗေဒ၊ သင်္ချာ၊ ပထဝီဝင်နဲ့ အတွေးအခေါ်ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ကမ္ဘာကြီးဟာ လုံးဝန်းနေကြောင်း သက်သေပြနိုင်ခဲ့ရုံသာမက ကမ္ဘာကြီးရဲ့ အဝန်း(circumference)ကိုလည်း တုတ်ချောင်းတွေနဲ့ နေရဲ့ အရိပ်ကိုသာ အသုံးပြုပြီး တိုင်းတာပြနိုင်ခဲ့ပါတယ်။ အယ်ရိုတော့စ်သနီ့စ်ဟာ ကမ္ဘာ့မြေပုံတစ်ခုထုတ်နိုင်ဖို့ စိတ်အားထက်သန်ခဲ့တာကြောင့် အရင်ဦးဆုံး ကမ္ဘာကြီးရဲ့ အရွယ်အစားကို သိဖို့ လိုအပ်လာခဲ့ပါတယ်။ သူဟာ နိုင်းမြစ်အနီးက ယခု အီဂျစ်နိုင်ငံပိုင် အယ်လီဇန်းဒြီးယား(Alexandria)မြို့မှာနေထိုင်ပါတယ်။ သူဟာ ဆိုင်ယီးနီ(Syene)မြို့မှာ ရှိတဲ့ ရေတွင်းတစ်ခုကိုတွေ့စဉ်က မွန်းတည့်ချိန်မှာ နေရဲ့ အရိပ်ဟာ အဆိုပါရေတွင်းရဲ့ တည့်တည့်ကို တိကျစွာထိုးနေခဲ့ပြီး အပြင်ကို အရိပ်တစ်စွန်းတစ်စမှထွက်နေတာကိုမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူဟာ သူ့ရဲ့ နေရပ်မြို့ဖြစ်တဲ့ အယ်လီဇန်းဒြီးယားမြို့ကို ပြန်ရောက်ချိန်မှာ အဆိုပါရေတွင်းနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူဟာ မြေပြင်မှာ တုတ်တံတစ်ချောင်းစိုက်ခဲ့ပြီး တုတ်တံရဲ့ အရိပ်ကိုသူလေ့လာခဲ့ပါတယ်။ ဆိုင်ယီးနီမြို့က ရေတွင်းကို နေထိုးစဉ်က ဘေးကိုဘာအရိပ်မှမထင်ခဲ့တဲ့ မွန်းတည့်ချိန်တိတိကို ရောက်တဲ့အချိန်မှာတော့ သူ့နေရပ်ဖြစ်တဲ့ အယ်လီဇန်းဒြီးယားမှာ စိုက်ထားတဲ့တုတ်တံရဲ့အရိပ်ဟာ မြောက်ဘက်ကို အနည်းငယ်ထွက်နေခဲ့ပါတယ်။ အဲ့လိုထွက်နေတဲ့အရိပ်ရဲ့အစွန်းနဲ့ တုတ်ချောင်းရဲ့ အစွန်းကို ကြိုးနဲ့ ဆက်ဆွဲလိုက်ချိန်မှာတော့ ဖြစ်ပေါ်လာတဲ့ တြိဂံရဲ့ထိပ်ထောင့်ဟာ ၇.၂ဒီဂရီရှိနေခဲ့ခဲ့ပါတယ်။ အဲ့လိုအရိပ်ထွက်လာရတဲ့ အကြောင်းအရင်းကတော့ အယ်လီဇန်းဒြီးယားမြို့ဟာ အီကွေတာရဲ့ အပေါ်ဘက် ကမ္ဘာ့မြောက်ဘက်ပိုင်းမှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။ အခုဏက ရေတွင်းဘောင်ကနေ အရိပ်မထွက်တဲ့ ရေတွင်းတည်ရှိတဲ့ ဆိုင်ယီးနီ မြို့ကတော့ အီကွေတာနဲ့ အလွန်နီးကပ်တဲ့နေရာမှာ တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် ဒီပြသနာက ဒါကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ တော်ရုံပဲတွေးတတ်တဲ့လူကတော့ အလယ်တည့်တည့် မဟုတ်ပဲ နေက ဘေးကနေ တစောင်းထိုးလိုက်တာကြောင့် အရိပ်ထွက်လာတယ်လို့ပဲ ခပ်ပေါ့ပေါ့ပဲ ကောက်ချက်ချမိမှာပါ။ ဒါပေမယ့်ပြသနာက ဒီလောက်မရိုးရှင်းပါဘူး။ ဘာလို့လဲဆိုတော့ နေလုံးကြီးက ကမ္ဘာထက် အဆပေါင်းများစွာပိုကြီးပါတယ်။ အကယ်၍ ထိုခေတ်က ဗဟုသုတနည်းသေးတာကြောင့် နေလုံးဟာ ကမ္ဘာထက် သေးတယ်လို့ပဲ ယူဆခဲ့ရင်တောင်မှ နေလုံးရဲ့ အရွယ်အစားဟာ အတော်ကြီး ကြီးမားနေဦးမှာဖြစ်တာကြောင့် ကမ္ဘာပေါ်ကို သူ့ရဲ့ အလင်းရောင်ဟာ သေချာပေါက်တည့်တည့်ပဲ ကျရောက်မှာပါ။ အရိပ်တစ်ခုဖြစ်ပေါ်လာဖို့အတွက်ဆိုရင်တော့ အလင်းထုတ်လွှတ်တဲ့ ပင်ရင်းရဲ့ လမ်းကြောင်းက စောင်းနေရမယ်၊ ဒါမှမဟုတ်ရင် အလင်းကိုလက်ခံတဲ့ ကားချပ်က စောင်းနေရပါမယ်။ ဒီတော့ အလင်းလွှတ်တဲ့ ပင်ရင်းက မစောင်းနေတာ သေချာသွားပြီဆိုတော့ စောင်းစရာက အလင်းကိုလက်ခံတဲ့ ကားချပ်သာ ကျန်ပါတော့တယ်။ ကမ္ဘာဟာလည်း အလင်းကို လက်ခံတဲ့ ကားချပ်တစ်ခုသဖွယ်ဖြစ်နေတာကြောင့် ကမ္ဘာကြီးရဲ့ မျက်နှာပြင်ဟာ စောင်းနေတာသေချာသွားပါပြီ။ ဒီတော့ ပြန်သတိထားရမှာက အခုဏက ဆိုင်ယီးနီမြို့ကရေတွင်းရေတွင်းနေရာမှာကျတော့ အရိပ်ကဘယ်ဘက်ကိုမှ မထွက်တာကြောင့် ကမ္ဘာကြီးဟာလည်း ဘယ်ဘက်ကိုမှ မစောင်းနေဘူးလို့ ကောက်ချက်ချရဦးမှာ။ ဒါပေမယ့် ဆိုင်ယီးနီမြို့ထက်စာရင် အီကွေတာနဲ့ ပိုဝေးတဲ့ အယ်လီဇန်းဒရီးယား မြို့မှာကျတော့ အရိပ်က မြောက်ဘက်ကိုထွက်နေပြန်တော့ ကမ္ဘာကြီးက မြောက်ဘက်ကို စောင်းနေတယ်လို့ ကောက်ချက်ချစရာဖြစ်သွားပြန်ပါပြီ။ ဒီတော့ ကမ္ဘာကြီးက စောင်းလိုက်တည့်လိုက်နဲ့ ဘာဖြစ်နေရတာလဲ။ ကမ္ဘာ့မျက်နှာပြင်က ခုံးနေတာ သေချာသွားပါပြီ။ တစ်ခုပြောစရာရှိတာက သူစိုက်တဲ့တုတ်တံက စောင်းနေတာလည်းဖြစ်နိုင်ပြီး သူတုတ်တိုင်စိုက်လိုက်တဲ့နေရာက မြေပြင်ကလည်း စောင်းနေတာဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် သင်္ချာပညာရှင်တွေ အဲ့လောက် မညံပါဘူး။ သူတို့ခေတ်အခါကတည်းက ချိန်သီးတွေ ရေချိန်တွေရှိနေခဲ့တာကြောင့် သူသေချာတိုင်းထာခဲ့မယ်လို့ ယုံကြည်ပါတယ်။ 


       ဒီတော့ သူဘယ်လိုတိုင်းတာ တွက်ချက်ပြီး အဖြေထုတ်ခဲ့သလဲဆိုတာဆက်ပြောပါမယ်။ အခုဏက အရိပ်မထွက်တဲ့ ရေတွင်းရှိတဲ့ ဆိုင်ယီးနီမြို့နဲ့ အရိပ်ထွက်တဲ့ တုတ်ချောင်းရှိတဲ့ အယ်လီဇန်းဒြီးယားမြို့ဟာ ၅၀၀၀စတေဒီယာ(5000stadia) ကွာဝေးပါတယ်။ ''stadia'' ဆိုတာကတော့ ရှေးခေတ်ဂရိအတိုင်းအတာယူနစ်တစ်ခုဖြစ်ပြီးတော့ 5000stadia ဟာ ကီလိုမီတာ၈၀၀ သို့မဟုတ် ၄၉၇မိုင်အကွာအဝေးရှိပါတယ်။ အခုဏက အရိပ်ကနေ တုတ်ချောင်းကိုဆက်ဆွဲတဲ့မျဉ်းကြောင့်ဖြစ်လာတဲ့တြိဂံရဲ့ အပေါ်ထောင့်ဟာ ၇.၂ဒီဂရီ(7.2°)ရှိနေခဲ့တာကြောင့် အယ်လီဇန်းဒြီးယားမြို့ရှိတဲ့နေရာကနေ ကမ္ဘာ့စက်ဝန်းရဲ့ အလယ်ဗဟိုကို ဆက်ဆွဲတဲ့မျဥ်းနဲ့ ရေတွင်းရှိတဲ့ ဆိုင်ယီးနီ မြို့နေရာကနေ ကမ္ဘာ့စက်ဝန်း အလယ်ဗဟိုဟို ဆက်ဆွဲတဲ့ မျဥ်းနှစ်ကြောင်းဆုံမှတ်နေရာရဲ့ ကြားထောင့်ဟာ ၇.၂ဒီဂရီ(7.2°) ရှိရမယ်လို့ သင်္ချာနည်းအရနားလည်ရပါမယ်။ စက်ဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင် ၃၆၀ဒီဂရီရှိဖို့လိုအပ်တာကြောင့် ၇.၂ဒီဂရီဆိုတာ စက်ဝိုင်းတစ်ခုရဲ့ အပုံ ၅၀ပုံ၁ပုံ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နှစ်မြို့ကြားအ​ကွာအဝေးဖြစ်တဲ့ ၈၀၀ကီလိုမီတာဟာလည်း စက်ဝိုင်းကြီးတစ်ခုလုံးရဲ့ အပုံ၅၀ပုံ၁ပုံရှိတဲ့ အဝန်းပိုင်းတစ်ခုအလိုအလျောက်ဖြစ်သွားပါမယ်။ ဒါကြောင့် စက်ဝိုင်း တစ်ခုလုံးပြည့်စုံဖို့ဆိုရင် ကီလိုမီတာ၈၀၀ ရှိတဲ့ အဝန်းပိုင်းပေါင်း အခု၅၀လိုအပ်မှာဖြစ်ပါတယ်။ ရှင်းအောင်ထပ်ပြောရရင်၊ စက်ဝိုင်းတစ်ခုမှာ ၃၆၀ဒီဂရီရှိတာကြောင့် ၃၆၀ဒီဂရီဟာ ၇.၂ ဒီဂရီ ရဲ့ အဆ၅၀ ဖြစ်ပါတယ်။ ဒါကြောင့် ၃၆၀ဒီဂရီရှိတဲ့ စက်ဝန်းတစ်ခုရရှိဖို့အတွက် ၇.၂ဒီဂရီရှိတဲ့ စက်ဝိုင်းစိတ်အခု၅၀ ကိုပေါင်းစပ်လိုက်ဖို့လိုအပ်ပါတယ်။ အဲ့လို ၇.၂ဒီဂရီ ရှိတဲ့ စက်ဝိုင်းစိတ်တစ်ခုစီရဲ့ အဝန်းပိုင်းတစ်ခုစီဟာ ကီလိုမီတာ၈၀၀ ရှိရမှာဖြစ်တာကြောင့် အဲ့လိုစက်ဝိုင်းစိတ်ပေါင်း အခု ၅၀ ပေါင်းလိုက်ရင်တော့ စက်ဝိုင်းတစ်ခုအပြည့်ဖြစ်သွားပါပြီ။ ဒါကြောင့် ၈၀၀ကီလိုမီတာရဲ့ အဆ၅၀ဟာ ၄၀၀၀၀ကီလိုမီတာဖြစ်တာကြောင့် ကမ္ဘာ့ရဲ့အဝန်း(စက်ဝန်း) တစ်ခုလုံးဟာလည်း ၄၀၀၀၀ကီလိုမီတာရှိတယ်လို့သူ့ရဲ့ အဖြေထွက်ခဲ့ပါတယ်။(အောက်ကပထမဆုံးပုံကိုကြည့်ရင် သဘောပေါက်ဖို့ပိုလွယ်ပါလိမ့်မယ်)။

       ဒီလိုရိုးရှင်းတဲ့ တွက်ချက်မှုကနေ ထွက်လာခဲ့တဲ့အဖြေဟာ မယုံနိုင်စရာကောင်းလောက်အောင် အမှန်တကယ်နီးစပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်မှာ ကမ္ဘာ့ရဲ့အဝန်းကို အီကွေတာတစ်လျှောက်ကနေတိုင်းတာချက်အရ ၄၀၀၇၅ကီလိုမီတာရှိပြီးတော့ ဝင်ရိုးစွန်းနှစ်ဘက်ကိုဖြတ်ပြီး တိုင်းထားတဲ့ ကမ္ဘာရဲ့အဝန်းကတော့ ၄၀၀၀၈ကီလိုမီတာရှိနေခဲ့ပါတယ်။(ကမ္ဘာကြီးရဲ့ မိမိဝင်ရိုးပေါ်လည်ပတ်မှုကနေဖြစ်လာတဲ့ ဗဟိုခွာအားကြောင့် ကမ္ဘာလုံးဟာ အလယ်ပိုင်းမှာ ဗိုက်ပူကာ အနည်းငယ်စူထွက်နေပြီး ဝင်ရိုးစွန်းနှစ်နေရာမှာတော့ အနည်းငယ်ပြားနေတာကြောင့် ဝင်ရိုးစွန်းကနေ တိုင်းတာတဲ့ ကမ္ဘာ့ရဲ့အဝန်းဟာ အီကွေတာကနေ တိုင်းတာရရှိတဲ့ ကမ္ဘာ့ရဲ့အဝန်းထက် အနည်းငယ်သေးနေတာဖြစ်ပါတယ်)။ ဒါကြောင့် ထိုခေတ်အခါက ဒီလိုအတိကျဆုံးရလာဒ်မျိုး ထွက်ပေါ်အောင် တွက်ချက်နိုင်ခဲ့တဲ့ အယ်ရိုတော့စ်သနီ့စ်ရဲ့ တိုင်းတာနည်းနဲ့ သူ့ရဲ့အယူအဆတွေဟာ တကယ်ကို နည်းပညာရှင်ဆန်ခဲ့ပြီး တွက်ချက်မှုဟာလည်း လုံးဝမှန်ကန်ခဲ့ပါတယ်။ 

         ဒီတော့ သူဘာများအမှားလုပ်မိလို့ အဖြေကအနည်းငယ်လွဲချော်သွားခဲ့ရသလဲဆိုတာကို ကျွန်တော့်ရဲ့ ထင်မြင်ချက်သတ်သတ်နဲ့ပြောရမယ်ဆိုရင် သူဟာ ကြိဂံရဲ့ထိပ်ထောင့်ကို တိုင်းတာတဲ့နေရာမှာ အနည်းငယ် လွဲချော်ခဲ့ဟန်ရှိပါတယ်။ ထောင့်တိုင်းတဲ့နေရာမှာ ထောင့်ရဲ့ယူနစ်အဖြစ် ဒီဂရီကိုသုံးကြမှန်းတော့လူတိုင်းလည်းသိကြပြီးသားဖြစ်မှာပါ။ အဆိုပါဒီဂရီကို အပိုင်းပိုင်းထပ်ပိုင်းမယ်ဆိုရင်တော့ ၁ဒီဂရီမှာ မိနစ်၆၀ရှိပြီးတော့ အဆိုပါ ၁မိနစ်ကို စက္ကန့်၆၀အဖြစ်ထပ်ပိုင်းထားပါသေးတယ်။ ဒါကြောင့် သူဟာ ထောင့်တိုင်းတဲ့အချိန်မှာ ၁ဒီဂရီရဲ့ အပုံ၃၆၀၀ပုံ၁ပုံဖြစ်တဲ့ ၁စက္ကန့်လောက်လွဲချော်သွားခဲ့ရင်တောင် ကမ္ဘာ့အဝန်းကိုတိုင်းတဲ့နေရာမှာ ၁၁ကီလိုမီတာကျော်ကျော်လောက်လွဲချော်သွားမှာဖြစ်ပြီးတော့ အခု ၇၀ကီလိုမီတာကျော်ကျော်လွဲချော်နေပုံကိုထောက်ရင် သူဟာ ထောင့်တိုင်းတဲ့နေရာမှာ ၆စက္ကန့်စာလောက်လွဲချော်ခဲ့ဟန်ရှိပါတယ်။ ၆စက္ကန့်ဆိုတာဟာ ၁ဒီဂရီရဲ့ အပုံ၆၀၀ပုံ၁ပုံသာရှိတာကြောင့် ပုံမှန်ကိစ္စတွေမှာ ဘယ်လိုမှအရေးမပါပဲ မသိသာတဲ့အရာတစ်ခုဖြစ်ပေမယ့်လည်း ကမ္ဘာလိုကြီးမားတဲ့ အရာဝတ္ထုကြီးရဲ့ အဝန်းကိုတိုင်းတာရာမှာတော့ မိုင်နဲ့ချီတဲ့လွဲချော်မှုကိုဖြစ်စေခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူ့ရဲ့ ထိုခေတ်အခါကတိုင်းတာချက်မှာတောင် ဒီဂရီတွေ မိနစ်တွေအထိမှန်ကန်ခဲ့ပြီး ''၇ဒီဂရီ၊၁၂မိနစ်''(7.2°) ဆိုတဲ့ တိုင်းတာချက်ရလာဒ်အတိအကျရရှိအောင် ဂရုတစိုက်တိုင်းတာခဲ့ပါတယ်။ အကယ်၍များ သူ့ရဲ့ တြိဂံထောင့်တိုင်းတာမှုဟာ အခုလို ၆စက္ကန့်စာလောက် လွဲခဲ့တဲ့နေရာမှာ ၁ဒီဂရီရဲ့ အပုံ၆၀ပုံတစ်ပုံလောက်ဖြစ်တဲ့  ၁မိနစ်၊ ၂မိနစ်လောက်သာ အမှတ်မထင်လွဲချော်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာ့အဝန်းကိုတွက်ချက်တဲ့နေရာမှာ မိုင်ပေါင်းထောင်နဲ့ချီပြီး လွဲချော်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းတာမှုမှာ ၁ဒီဂရီရဲ့ အပုံ၆၀၀ပုံတစ်ပုံဖြစ်တဲ့ ၆စက္ကန့်စာလောက်လေးပဲလွဲပြီး ကမ္ဘာ့အဝန်းကိုတွက်ချက်မှုမှာ ၇၄ကီလိုမီတာ(၄၅မိုင်)လောက်လေးပဲ လွဲချော်ခဲ့တယ်ဆိုတာဟာ သူ့ခေတ်သူ့အခါအရ မယုံနိုင်စရာကောင်းလောက်အောင် တိကျသေချာမှုတစ်ခုပဲဖြစ်ပါတယ်။ အရမ်းကိုပြောင်မြောက်လွန်းပါတယ်။

_________________________________________


       တချိန်တုန်းကလည်း ကမ္ဘာကြီးဟာပြားတဲ့ပုံသဏ္ဌာန်မျိုးရှိတယ်လို့ သိပ္ပံပညာရှင် ဂျွန်ဟမ့်ဒန် (John Hampden) ကရှင်းလင်းတင်ပြခဲ့ဖူးပါတယ်။ ကမ္ဘာပြားတဲ့အတွေးအခေါ်ရှိသူ ဂျွန်ဟမ့်ဒန်ဟာ သူ့ရှင်းလင်းချက်ကိုမှားကြောင်းသက်သေထူပြနိုင်သူတိုင်းကို ပေါင် ၅၀ဝ ငွေသားချီးမြှင့်မယ်လို့လည်းကမ်းလှမ်းခဲ့ပါတယ်။ ထိုအခါ မှာတော့ ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အဲလ်ဖရက်ဝေါလေ့စ် (Alfred Wallace) ကဂျွန်ဟမ့်ဒန်ရဲ့ကမ္ဘာပြားအတွေးအမြင်မှားယွင်းကြောင်းကို သက်သေထူပြနိုင်ခဲ့ပြီး ဆုကြေးငွေပေါင်၅ဝဝကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။​ ဝေါလေ့စ်ဟာ တူးမြောင်းတစ်လျှောက် အကွာအဝေးတူမှတ်တိုင်သုံးခုကို စိုက်ထူလိုက်ကာမှတ်တိုင်တစ်ခုစီဟာရေမျက်နှာပြင်အထက် ၃၄လက်မ အမြင့်စီမှာအတိအကျရှိပါတယ်။ ထိုအချိန်မှာ ကမ္ဘာပြားတဲ့အမြင်ရှိသူကတော့ မှတ်တိုင်တွေရဲ့ ထိပ်တွေအားလုံးဟာ မျဉ်းဖြောင့်အတိုင်း တညီတည်း ဖြစ်နေရမယ်လို့တွေးထင်ခဲ့ကြပါတယ်။ အမှန်တကယ်မှာတော့ ပထမမှတ်တိုင်ကနေ နောက်ဆုံးတစ်ခုကိုကြည့်လိုက်တဲ့အခါမှာ အလယ်အတိုင်ရဲ့ ထိပ်ဟာ အပေါ်ကိုခုံးတက်နေတာကိုသာတွေ့ခဲ့ကြရတာကြောင့် ဝေါလေ့စ်ရဲ့လက်တွေ့စမ်းသပ်ချက်ကလည်း ကမ္ဘာလုံးကြောင်းကို ရိုးရှင်းစွာပဲ ထပ်မံသက်သေပြခဲ့ပြန်ပါတယ်။

___________________________

#MyanmarSciencePlatform