ဒီနေ့ "အိုအို" သိပ်ပျော်တယ်။ အိုအိုတို့ရွာက ကမ်းခြေမှာ စက်လှေတွေ မဆိုက်စဖူး အဆိုက်ထူး တဲ့အတွက် ကြောင့်ဆိုရင် မမှားဘူးပေါ့။ ရွာရှေ့ခပ်လှမ်းလှမ်းက ကျွန်းကြီး ရှည်မျောမျော လန်းပိ ကျွန်းကိုသာ နေ့တိုင်း ငေးနေရတာ၊ မြို့က စက်လှေတွေဆိုက်တဲ့ မြင်ကွင်းမျိုးက ထူးခြားနေတာ ကိုး။ လှေပေါ်က သစ်တွေ ဝါးတွေ ချတဲ့အထိ အိုအိုငေးလို့ကောင်းတုန်း၊ နောက်မှသတိရပြီး အိမ်ပြေး ပြန်လာတော့ အိမ်မှာ အဖေက လူစိမ်း တွေနဲပ အလုပ်ရှုပ်နေပြီ။အဖေက အလုပ်ရှုပ်နေရာက အိုအို ငေးနေတာကို သဘောပေါက်လို့ ထင်ပါရဲ့ လှမ်းပြောလိုက် တယ်။
"အိုအိုငယ် အဖေတို့ ဗိုလ်ချိုကျွန်းမှာ ဆလုံပွဲတော် လုပ်မလို့၊ အဲဒါ မင်းလည်း ကူညီရမယ်"
"ဆလုံပွဲတော်" အိုအို ဒီစကားကို နားမလည်ဘူး။ ဆလုံဆိုတာကိုတော့ သိတာပေါ့။ အိုအို ကိုယ်တိုင် ဆလုံပဲဟာ။ ဒီလိုလေ ... အို့အို့ အဖေက အထက်သား၊ မယ်မယ်ကတော့ ပင်လယ်သူ ဆလုံမပေါ့။ အဖေက ပခုက္ကူသားအစစ်တဲ့၊ ဘယ်လိုပင်လယ်ရောက်ပြီး ဆလုံနဲ့ ဖူးစာဆုံတယ် မသိ၊ အဖေက မြိတ်မှာ အလုပ် လာလုပ်ရင်း အဲဒီကမှ ဘုတ်ပြင်း၊ ဘုတ်ပြင်းကနေ ဗိုလ်ချိုကျွန်း ရောက်လာတယ်လို့ ပြောတယ်။အဖေ့စီးပွားရေးက ဆလုံတွေ ရေအောက်ဆင်းငုပ်တဲ့ ပင်လယ်မျှော့ဖြူ၊ မျှော့မည်း၊ ပြီးတော့ ဘဲဝန်းခွံ၊ ငါးကြီးအန်ဖတ်၊ ပငိုကောင်လို အကောင်တွေက အစဝယ်ပြီး ပြန်ရောင်းတဲ့ အလုပ်လုပ် ပါတယ်။ ရွာမှာတော့ စားနိုင်သောက်နိုင်ထဲမှာ ပါပါတယ်။ အဖေ့အလုပ်က ဆလုံတွေနဲ့ အဆက် အဆံများတော့ အိမ်ကို ဆလုံတွေ အဝင်အထွက်များတာပေါ့။အခုအဖေက ရွာမှာ ဆလုံပွဲတော် လာလုပ်မယ်ပြောတော့ အိုအိုအတွက် ထူးဆန်နေတာပေါ့။ ပွဲတော်ဆိုတာ ဘာလဲ။ ဇာတ်ပွဲသွင်းတာမျိုးလား အခုအချိန် သွားမေးရင် အငေါက်ခံရမှာ သေချာ တယ်။ မယ်မယ်ကို မေးရင်ကော မယ်မယ်က နင့်အဖေ မေးလို့ ပြောမှာပါပဲ။ မယ်မယ်က ဘာကလေးပဲဖြစ်ဖြစ် အဖေပြောမှ အဖေပြောတာ အတည်။ အိမ်မှာ အဖေပြီးမှ ပြီးတယ်။မယ်မယ်မှ မဟုတ်ပါဘူးလေ ရွာကလူတွေ အတော်များများ အဖေ့စကားဆို နားထောင်ကြတယ်။ တစ်ခုခုဆို အဖေ့လာ တိုင်ပင်တယ်။ အဖေက အားလုံးထဲမှာ ထူးခြားနေတဲ့ အထက်သားဟာကိုး၊ အထက်သားဆိုလို့ ကျွန်းပေါ်ကို တစ်ခါတစ်လေ တက်လာတတ်တဲ့ ရဲဘော်တွေက လွဲရင် အိုအိုတို့ မြင်မှ မမြင်ဖူးပဲကိုး။အဖေကတော့ အိုအိုကို တစ်ခါပြောဖူးတယ်။ ခေါင်းကို လက်နဲ့ထောက်ပြီး "လူဆိုတာ ခေါင်းရှိရ တယ်"တဲ့။ အိုအို လေးတန်းရောက်နေပြီမို့ ဒီစကားဟာ ဦးနှောက်ကောင်းရတယ်လို့ ပြောတယ်ဆို တာနားလည် ပါတယ်။ ဆလုံတွေဆိုတာကလည်း ခေါင်းမရှိတာများတာကိုး။"သား အိုအိုငယ် စာတတ်အောင် သင်နော်၊ သားဟာ အမေဆလုံက မွေးလို့ ဆလုံတိုင်းရင်းသား ဆိုတာ ငြင်းလို့မရပါဘူး၊ ဒါပေမယ့် ဆလုံဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် စာတတ်မှ ဖြစ်မယ်။ စာမတတ် ရင် သူများအောက်မှာ နင်းပြားဖြစ်မယ်၊ ပင်လယ်နေတဲ့ ဆလုံတွေဟာ အကြွေးတင်ရင် ဆပ်မဆုံး တော့ဘူး၊ သူများ ခေါင်းပုံဖြတ်သလောက် ခံရတာဟာ စာမတတ်လို့ပေါ့"
အဖေက အဲဒီလို ခဏခဏ ပြောတယ်။ ညနေစောင်းတော့ တောင်ရဲ့ အနောက်ဘက်ကမ်းခြေဆီ သားအဖ နှစ်ယောက် ထွက်လာရင်း အဖေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။"သားဟာ မကြာခင် အရွယ်ရောက်တော့မှာမို့ ကိုယ့်လူမျိုးဇစ်မြစ်ကို သိထားသင့်တယ်။ ဆလုံ တိုင်းရင်းသားတွေဟာ ရေမှာပျော်မွေ့ပြီး ဘဝဝမ်းစာရှာဖွေရတဲ့အတွက် မွေးနှုန်းထက် သေနှုန်းများ နေပြီ။ အစိုးရက အဲဒါတွေ သိလို့ ဆလုံတွေကို စုစည်းပြီး ရွာတည်ပေးတယ်။ စာသင်ကျောင်းတွေ တည်ထောင်ပေးတယ်။ အခု ဆလုံတွေရဲ့ ဘဝမြှင်တင်ဖို့အတွက် ဆလုံပွဲတော်လုပ်ပြီး ဆလုံတွေ ကို စုစည်းစေဦးမှာ၊ မြို့က ဧည့်သည်တွေ လာမယ်၊ အဖေတို့ ရွာခံတွေက ဧည့်သည်တွေအတွက် တည်းခို ဆောင်တွေ၊ ပြခန်းတွေ၊ ဆေးခန်းတွေ ဆောက်ရမယ်။ အဲဒါ ငါ့သားလည်း နိုင်သလောက် ကူပေါ့ကွာ"
"အခု တောင်ရှေ့မျက်နှာပြင်မှာ အဆောင်မလုံလောက်လို့ တောင်နောက်မှာအဆောင်ဆောက်ဖို့ နေရာ လာကြည့်တာ၊ နောက်ပြီးအိုအို စုဆောင်းထားတဲ့ ပစ္စည်းတွေ ဘာရှိလဲ ။ ခရုခွံလှလှကြီးတွေ ရှိရင် အဖေ့ကို ပေး၊ အဲ ... ငှားပေါ့။ ဆလုံပြခန်းမှာ အထူးအဆန်းတွေ တည်ခင်းပြထားမယ်""ရှိတယ် အဖေ၊ ပိုက်လှေလာတပ်တုန်းက အိုအိုရထားတဲ့ ခရုခွံကြီးတွေ ရှိတယ်။ ပြီးတော့ မြန်မာ လို အိုအို မခေါ်တတ်တဲ့ အကောင်တွေလည်း ရှိသေးတယ်။ ပွဲတော်ကျရင် ဇာတ်ပွဲတွေဘာတွေ လာက, ဦးမှာလား"
"လာမှာပေါ့၊ ဇာတ်ပွဲတင်မက ထားဝယ်တို့ကော့ သောင်းတို့က ယဉ်ကျေးမှု အကအဖွဲ့အစည်း တွေလည်း လာမယ်။ ဒီအနီးအနား ရွာနီးချုပ်စပ်က ဆလုံတွေ စုပေါင်း က,တဲ့ ယိမ်းတွေလည်း ပါမယ်"
"ဒါဆို ပျော်စရာကြီး ဝေ့ ..."အိုအိုတော့ ပျော်လွန်းလို့ သောင်ပြင်ဖွေးဖွေးပေါ် လျှောက်ပြေးတာကို အဖေက ပြုံးပြီးကြည့်လို့။ မနက်ဖြန် ကျောင်းရောက်ရင် ကျောင်းကကောင်တွေကို သတင်းထူးပြောရမယ်။ ဒီနေ့တော့ ကျောင်းပိတ်ထားလို့ အဖေ့နောက်လိုက်ပြီး ရှုပ်လိုက်ဦးမယ်။ လှေပေါ်က သစ်ပုံဝါးပုံတွေဆိုတာ အိုအိုတို့အိမ်ရှေ့မှာ ဟည်းဟည်းထလို့။ ရွာက ဆလုံတွေလည်း စကားတွေ ဆူဆူညံအောင် တစ်ယောက်တစ်ပေါက် ဖောက်ဖောက်လှော်လို့။ကလေးတွေကတော့ ဘာသိမှာလဲ သောင်ပြင်မှာ ပျော်လွန်းလို့ ကျွမ်းတွေ ထိုးနေလိုက်ကြတာ။ အိုအိုကတော့ သူတို့အထင်ကြီးတဲ့ လူ (အဖေရဲ့သား)ဆိုတော့ အားလုံးထဲမှာ မျက်နှာရှိနေတော့ တာပေါ့။ ဒီအကြောင်းတွေ သိချင်တဲ့ ရွာသားတွေက ဟိုက "အိုအို" ဒီက "အိုအို" နဲ့။ မျက်နှာတွေ ပွင့်နေလိုက်။အိုး ... ကျောင်းပိတ်လိုက်ပြီတဲ့။ ဆလုံပွဲတော်အတွက် ကျောင်းပိတ်လိုက်ပြီဆိုပဲ။ ဆရာမတွေ လည်း ပွဲတော်မှာ လုပ်အားပေးရမှာမို့ ကျောင်းကို ခဏပိတ်ထားမှာတဲ့။ ကျောင်းပိတ်ရင် ကျောင်းသား ပျော်တာပဲလေ။ အိုအိုတို့လည်း ပျော်တာပေါ့။ တကယ်ဆို ရက်နီးလာတာနဲ့အမျှ အိုအို တို့လည်း မအားပါဘူး။ အဖေ့ကို ကူရ မယ်မယ်ကို ကူရ မြို့က ဧည့်သည်တွေက အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ တည်းခိုဆောင်တွေ အများကြီး ရှိပေမယ့် မြို့က လူကြီးတွေနဲ့ ပတ်သက်တဲ့ လူတွေ အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ မယ်မယ်လည်း အိမ်ကို သန့်ရှင်းရေးတွေ ဘာတွေ လုပ်ရတာ မောလို့။
"အိုအိုငယ် မယ်မယ့်ကို ကူညီဦး၊ အိမ်မှာ ဗွီအိုင်ပီတွေ တည်းမှာ"အဖေပြောတဲ့ ဗွီအိုင်ပီဆိုတာ ဘာပါလိမ့်၊ နောက်မှ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ သိရ တယ်။ လာဆိုလည်း လာပေါ့။ တစ်ကျွန်လုံး လှုပ်လှုပ်ရွရွ ... ဆူဆူညံညံနဲ့ ပြခန်းတွေ ဆောက်ကြ၊ သုံးရေ ရဖို့ လုပ်ကြနဲ့။ ရှင်းရှင်းပြောရရင် ရွာမှာက သောက်ရေတွင်းဆိုတာ တစ်တွင်းစ၊ နှစ်တွင်းစ သာရှိတာ၊ အခု လူတွေ အများကြီး လာမှာဆိုတော့ နက်နက်တူးပြီး ဘုံဘိုင်ခေါင်း တပ်ထားတာ ထူးဆန်းနေတယ်။
အို ... ထူးဆန်းတာတွေ မမြင်ဖူးတာတွေတော့ အများကြီးပါပဲ။ အဖေပြောတဲ့ ဗွီအိုပီအရေးကြီးတဲ့ လူတွေ အတွက် နေစရာအဆောင်တွေ အိမ်သာတွေ ဆောက်နေကြတာ ထူးဆန်းနေလို့ သွားကြည့်ရတာအမော။ သူတို့ အတွက် အိမ်သာနဲ့ အများသုံးတဲ့ အိမ်သာ ဘာလို့မတူသလဲ၊ အိုအို စဉ်းစားလို့ မရဘူး။"အဲဒါ ဘိုထိုင်လို့ ခေါ်တယ်။ နိုင်ငံခြားသားတွေလည်း လာမှာလေ။ သူတို့တက်တဲ့ အိမ်သာက အဲဒီ လိုပေါ့။ နိုင်ငံခြားသာက ဆလုံတွေကို သိပ်စိတ်ဝင်စားတယ်။ ဆလုံတွေ ရေငုပ်ကျွမ်းတာ၊ ပင်လယ် ကြမ်းပြင် အောက်က ပစ္စည်းတွေ ဆင်းငုပ်ကာ သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် နေထိုင်တာ သူတို့ စိတ်ဝင် စားတယ်"သာဘဝတရားကြီးနဲနီးနီးကပ်ကပ်နေတယ်ဆိုတာ ဘယ်လိုလဲ အဖေ ဆိုတော့ အဖေက ရယ်တယ်။ အဖေ ရယ်လိုက်ရင် သွားတွေ ဖွေးနေတာ သိပ်လှတယ် ဒီရွာက ဆလုံတွေနဲ့ မတူတာ ပေါ့။ ဒီရွာက ယောကျာ်း မိန်းမအကုန် ကွမ်းတွေစားလို့ သွားတွေ ချေးကပ်ပြီး မည်းနေတာ အရုပ် ဆိုးလိုက်တာ။ အဖေ့အသား ကလည်း ပင်လယ်က လူတွေထက် ပိုဖြူတယ်။ အဖေက အိုအိုထက် တောင် ချောတယ်ပေါ့။
"နင့် မယ်မယ် ကံကောင်းတယ် ... နင့်မယ်မယ် ကံကောင်းတယ်" လို့ ရွာက ဝုကျူးတို့ "အနောင်း" ပြောလေ့ရှိတယ်၊ အနောင်းဆိုတာ ဆလုံကု 'အမေ'ကို ပြောတာပါ။ အိုအိုတို့ကတော့ မြိတ်တို့ ဘုတ်ပြင်းတို့က ခေါ်သလို အမေကို မယ်မယ်လို့ ခေါ်တယ်။ သူတို့နဲ့တော့ ဟိုဒင်း နည်းနည်း ... မတူဘူးပေါ့။ အဲဒါလည်း အဖေ့ကြောင့် နေမှာပါ အဖေက ဒီကခေါ်သလို 'အပေါင်း'လို့ မခေါ်စေချင် ဘူး။ မြန်မာဆန်ဆန် 'အဖေ'လိုဲ့ ခေါ်စေတာပါ။ အင်းလေ ... အဖေက မြန်မာပဲဟာ မြန်မာဆန်တာ ဘာဆန်းလဲ။ဆန်းတာက အဖေ အထက်ကို မပြန်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ မသိဘူး၊ အဖေက အထက် အကြောင်း ပြောပေမယ့် ပြန်ဖို့တော့ တစ်ခါမှ စကားမဟဘူး။ မယ်မယ်ကတော့ အလည်အပတ် လိုက်ချင်ရှာတယ်။ ဟိုမှာ သွားနေဖို့တော့။ အင်း ...
"အိုအို မှတ်ထား၊ မယ်မယ်တို့ ဆလုံတွေဟာ ပင်လယ်ကိုပဲ ချစ်တယ်။ မြန်မာတွေနေရာမှာ လိုက်မနေဘူး၊ မယ်မယ် လိုက်သွားပြီး နေမယ်ဆို နင့်အဘုန်းက ပျော်မှာ မဟုတ်ဘူး။ အဘုန်း မပျော်ရင် မယ်မယ်လည်း မပျော်ဘူး""အဘုန်း" ဆိုလို့ အဘုန်းဆိုတာ အိုအို မယ်မယ်ရဲ့ အဖေပေါ့။ မြန်မာလိုဆို "အဘိုး"ပေါ့နော်။ အိုအိုမှာ အဘွားတော့ မရှိတော့ဘူး။ အဘုန်းက ဒုံးပုလဲအော်မှာ တခြားသမီးတစ်ယောက်နဲ့ နေတယ်။ ကျောင်းပိတ် ရင် အဘုန်းတို့ရွာမှာ သွားနေရင်းရေကူးသင်ရတာ ပျော်စရာကောင်းတယ်။ အဘုန်းလာရင် ပင်လယ်စာ တွေ ပါလာတတ်တယ်။ သဲပလုပိ်ု့ ငါးပလုပ်တို့လို စားလို့ရတဲ့ အရာတွေပေါ့။ အခုဆလုံ ပွဲတော်မှာ အဘုန်းလည်း လာမယ်တဲ့။ ပျော်စရာတွေကတော့ တစ်လှေကြီးပါပဲ။ပြောရင်းဆိုရင်းက တဖြည်းဖြည်းနီးလာပြီ။ မနက်ဖြန်ဆို ပွဲတော်အကြိုနေ့၊ ဧည့်သည် လှေသင်္ဘောတွေ ဆိုက်တော့မှာတဲ့။ မြိတ်တို့ကော့သောင်းတို့ဘက်က လူတွေကတော့ ရိုးနေပြီ။ အိုအိုရန်ကုန်ကလူတွေကို မြင်ချင်တာ၊ ရုပ်ရှင်မင်းသားတွေ မင်းသမီးတွေလည်း ပါမယ်တဲ့။ အိုအိုလား ဝေဠုကျော်ကို ကြိုက်တယ်။ ခိုင်သင်းကြည်ကို ကြိုက်တယ်၊ သူတို့ပါလာရင် ကောင်းမှာ၊ နိုင်ငံခြားသားဆိုတာကြီးကိုလည် အိုအိုမြင်ဖူး ချင်လိုက်တာ။ မြင်ရင်တော့ ဆရာမသင်ထားပေးသလို How are you လို့ နှုတ်ဆက်လိုက်မှာပေါ့။တကယ်တမ်း ကျွန်းပေါ်ကိုဧည့်သည်တွေ တက်လာတော့ အိုအိုတို့မှာ အပျော်လွန်ပြီး မူးတောင်မူး ကုန်တယ်။ လူတွေ...လူတွေများလှတဲ့ လူတွေ။ ဦးထုပ်ဆောင်းထားတဲ့လူ၊ ဂျင်းဘောင်းဘီဝတ်ထားတဲ့လူ၊ တိုက်ပုံ အကျ ဝတ်ထားတဲ့လူ၊ မိန်းမတွေမှာလည်း ဆံပင်အနီနဲ့မိန်းမ အဝါနဲ့မိန်းမ၊ နေကာမျက်မှန်နဲ့မိန်းမ၊ ဂါဝန် ကားကား ကြီးနဲ့မိန်းမ၊ ပုပုရွရွလှလှချောချော အို ဘယ်သူ့ကိုကြည့်ရမှန်းတောင် မသိဘူး။ မူးလိုက်တာ။
"အို...လုအဝှီး... နာကျိဆမ်း...ဂျလန်ကပ်တိုင်း-အိုး...ကူဂျက်နာ ကျိဆန်း..."အိုအိုတို့ နားမယဉ်တဲ့ ဆလုံသီချင်းကလည်း ခလုပ်နှိပ်လိုက်ရင် အသံထွက်တဲ့ ဆီကနေထွက်လာလိုက်တာ၊ မယ်မယ် တို့ကတဲ့ အကလောက်မကြိုက်ပါဘူး၊ ရွာမှာပျော်ပွဲ ရွှင်ပွဲနတ်တင်ပွဲဆို မယ်မယ်တို့ ရွယ်တူတွေ စုပေါင်း က, နေကျ။ ထမင်းချက်တဲ့ ဒန်အိုးကြီးတွေ ပလတ်စတစ်ပုံးတွေကို ယောကျာ်းတွေက အားရပါးရတီး၊ မိန်းမတွေက အားရပါးရက၊ အမယ်ကြီးတွေက အားရပါးရဆို၊ အခုတော့ ခလုပ်နှိပ်ရင် အသံမြည်တဲ့ ဟာကြီးနဲ့ ဆိုနေတာ ဆလုံသီချင်းတဲ့လား၊ ကတဲ့လူတွေ ဝတ်ထားတာက မျက်စိနောက်စရာ၊ အဲဒါ ဆလုံ ဝတ်စုံတဲ့လား။ အိုအိုရယ်ချင်တယ် ၊ ဆလုံဝတ်စုံအစစ်ဆိုရင်.......အပေါ်ပိုင်းအဝတ်မဝတ် ဘူးလေ အဲဒါ ဆလုံဝတ်စုံပေါ့။ထားဝယ်သူလေးတွေ ရေအိုးရွက်ပြီးက, တာ သိပ်ကြည့်လို့ကောင်းတယ်။ ရဟယ်ရှင်×××ရဟယ် ရှင်××× လို့ဆိုပြီးကတဲ့ ယိမ်းလည်းကောင်းတယ်။ ဖျော်ဖြေရေးတွေ ခဏနားတော့ အိုအိုလည်း ပွဲကြည့်စင်နားက တိုးထွက်လာမိတယ်။ ဟူး...ချွေးတွေကိုရွှဲလို့။ ကမ်းခြေသောင်စပ်ဘက် လေကောင်း လေသန့်ရှုဖို့ ထွက်လာလည်း လူတွေကသောင်ပြင်မှာ ခြေရာချင်းထပ်နေလေတော့ လူကြဲပါးမယ်ထင် ရတဲ့ အနောက်ဘက် ကမ်းခြေဘက် ထွက်လာမိတယ်။အနောက်ဘက်ကမ်းခြေကို သွားချင်ရင် ကုန်းမြင့်ပြေပြေကို တက်ရဦးမှာပါ။ အဲဒီဘက်အခြမ်းမှာတော့ တည်းခိုဆောင်အချို့အပြင် ဘာမှမရှိဘူး။ အေးအေးဆေးဆေး ရေကူးချင်သူတွေတော့ သွားကြမယ် ထင်တယ်။အိုအိုတစ်ယောက်တည်း တောတန်းကလေးကနေ ကွေ့ပတ်တက်လာတော့ မမျှော်လင့်တဲ့အသံ တစ်သံကို ကြားလိုက်ရတယ်။
အလို...ကောင်းမငယ်တစ်ယောက်ငိုနေပါလား။ အဝါပွင့်ပါတဲ့ ဂါဝန်ကလေးနဲ့ ကောင်းမငယ်ဟာ အိုအိုနဲ့ ရွယ်တူလောက် ရှိဦးမှာပါ။
"ဧည့်သည်ကောင်မငယ်...ဧည့်သည်ကောင်မငယ်"ငိုနေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပေမယ့် အိုအို့အသံကို နားလည်ဟန်မတူဘူး။ သူ့ကို ကောင်မငယ် လို့ခေါ်တာ ထူးဆန်းနေသလား။ ဒါပေမယ့် အသံတော့ထွက်လာတယ်။
"ငါ့ကို...ငါ့ကိုကူညီပါ။ အန်တီ...အန်တီ"
သူပြောနေတဲ့အန်တီဆိုတာ အိုအိုနားမလည်ဘူး။
"အန်တီ..ဘာလဲ"
"ဟိုဒင်း...အဒေါ်...အဒေါ် ငါ့အဒေါ်နဲ့ကွားသွားလို့"ရပြီ...ဒီလောက်ဆို သဘောပေါက်ပြီ၊ ငါကူညီမယ်လို့ပြောပြီး ကောင်မငယ်ရဲ့ လက်ကိုဆွဲ တော့တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရုန်းတယ်။ အင်းလေ အိုအိုပုံစံက သူတို့မြို့ကကောင်တွေ လိုမဟုတ်လို့ နေမှာပေါ့။ သူ့ကို ကိုယ်ကလည်း ကူညီရဦးမယ်၊ သူဖြစ်နေပုံက အိုအိုနဲ့ မတူသလို မတန်သလို။ အိုအိုဆလုံ ဖြစ်နေလို့လား။အဖေရှိတဲ့ ဆလုံအထိမ်းအမှတ်ပစ္စည်းတွေပြထားတဲ့ အခန်းမှာတော့ လူတွေဆိုတာ ကြိတ်ကြိတ်တိုးလို့၊ ဟော...ဖျော်ဖြေရေးအစီအစဉ်တောင် ပြန်စတော့မယ်။ အဖေက အိုအိုနဲ့ ဝါဝန်မလေးကို မြင်တော့အံ့အားသင့်လို့။ အကြောင်းစုံပြောပြတော့ အဖေက ဝါဝန်မလေးကို စိတ်မပူနဲ့ သမီး၊ ဦးလေးကူညီမယ်တဲ့။ အဖေ့ကိုတော့ စကားသံကြောင့် သူကချက်ချင်းယုံကြည်သွားတဲ့ပုံပါပဲ။
ပြန်ကြားရေး ကိုရောက်တော့ အသံချဲ့စက်နဲ့ နာမည်တစ်ခုကို အော်ပေးလိုက်တာ မကြာခင် အဆင်ပြေသွားပါတော့တယ်။ စောစောကသူပြောတဲ့ အန်တီဆိုတာနေမှာပေါ့။ သြော်အန်တီဆိုတဲ့မိန်းမက တော်တော်ချောတာပဲ။ ပင်လယ်သူတွေနဲ့ကွာပါ့။ ဟာ...ဟ ဂါဝန်ဝါမလေးက ဒီလိုတော့ပြုံးလို့ပျော်လို့၊ သူပြုံးရင်ပါးချိုင့်ကလေးပေါ်သွားတာ ချစ်စရာ။"ကျေးဇူးတင်လိုက်တာဟယ်၊ ငါ့အန်တီနဲ့ပြန်တွေ့အောင် ကူညီတာ၊ ငါ့နာမည်ချယ်ရီတဲ့။ နင်နာမည်ရော..."
"နာမည္လား ဗီတာ"
"ဗစ္တာလား"
"ဟင်အင်း ဗီတာ"
"ခေါ်ရခက်လိုက်တာဟာ ငါတော့ဗစ်တာပဲ ခေါ်မယ် လာ...ဟိုမှာသွားကြည့်ရအောင်၊ ပွဲပြန်စတော့မယ်"ဟင်...သည်လိုဆိုတော့ ဂါဝန်မလေး...အဲလေ ချယ်ရီကအိုအို့ကို လက်တွေဘာတွေ ဆွဲလို့။ စောစောကနဲ့ တခြားစီ။ ဒါဆိုစောစောကနဲ့ သူ့လက်ကို အကိုင်မခံတာ အိုအို ဆလုံဖြစ်နေလို့ မဟုတ်ဘူးပေါ့။
ဟော...
အို...လုအဝှီးနာကျိဆမ်း×××ညရောက်တော့ မီးပုံပွဲနားမှာ လူတွေအုံပြီး ကနေကြတာ ငြီးငွေ့လာလို့ အဖေရှိတဲ့ပြခန်း ဘက်သွားရင် ကောင်းမလား၊ အိမ်ပြန်ရင် ကောင်းမလား၊ ဗွီအိုင်ပီတွေနဲ့ တိုးကျပ်နေတဲ့ အိမ်မှာလည်း အိပ်စရာမရှိ၊ ရေလယ်မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောကြီးဆီက ဗျောက်အိုး မီးပန်းတွေတက်လာတာ ငေးကြည့်ရင်း ချယ်ရီတစ်ယောက်ဘယ်လိုနေမှာပါလိမ့်လို့ တွေးနေမိတယ်။"ငါတို့ရောက်တော့ အဆောင်တွေက ပြည့်နေပြီဟ၊ ငါ့အန်တီက ကုမ္ပဏီမှာ လုပ်တော့ အဖွဲ့နဲ့လာတာ၊ အဖွဲ့သားတွေက များတော့ အဲဒီဘက် မျက်နှာကအဆောင်တွေဆီ ရောက်သွားတာ၊ အလာတုန်းက သင်္ဘောကြီးပေါ်မှာ ကြောက်လိုက်တာဟယ်၊ ငါ့မှာ တစ်ချိန်လုံး အန်နေတာ၊ ဒီရောက်တော့ ပင်ပန်းပြီး အိပ်ပျော်သွားတာ သူများနိုးလို့ ကိုယ်မနိုးတော့ ကျန်ခဲ့တာပေါ့၊ အန်တီက အိပ်စေဆိုပြီး ချန်ခဲ့တာပါ။ ငါနိုးတော့ ရှေ့မှာ ပင်လယ်ပဲမြင်ရတာ ကြောက်တာပေါ့။ ကြောက်တာနဲ့ အန်တီတို့နောက် လိုက်မယ်ဆိုပြီး ထွက်လာတာ လမ်းမှားပြီး နင်နဲ့တွေ့တာလေ"ချယ်ရီ့အသံကလေးက နားထောင်ကောင်းလိုက်တာ၊ သူ့အန်တီက အဖေနဲ့ တွေ့ပြီး အိုအို ကို အဖေ့သားမှန်းလည်းသိရော ချယ်ရီကို စိတ်ချသွားတယ်ထင်ပါရဲ့။ ကမ်းခြေမှာ ခရုကောက်သွားမယ်ဆို ထည့်တာပဲ။ အိုအိုတို့ အဘိုး ဒုံးပုလဲအော်က ရောက်လာပြီး ဆလုံ ရိုးရာ လှေတော်ပြိုင်ပွဲဝင်တာ သွားကြည့်မယ်ဆိုလည်း ထည့်တာပဲ။ တောထဲက သစ်တုံး ကြီးသုံးတုံးကို ရွယ်တူဖြတ်ပြီး အဖွဲ့သုံးဖွဲကခွဲလို့ လှေတော်ပြိုင်ကြတာ၊ အဘိုးက ခါးတောင်းမြိုင်အောင် ကျိုက်ပြီး သစ်တုံးကို ထွင်းကလော်နေတော့ ချယ်ရီက ဖင်ပြောင်ကြီး ဖင်ပြောင်ကြီးလို့ လက်ခုပ်လက်ဝါးတွေတီး ရယ်နေပုံက ချစ်စရာ၊ အဘိုးနဲ့ အတူ ပါလာတဲ့ ဝါးပလုပ်ကို သကြားနဲ့ခေါက်ပြီး ကျွေးတာကို ကြိုက်ပေမယ့် သဲပလုပ်ကို တော့ ဟိုအကောင်နဲ့တူလို့ ရွံသတဲ့။အိုအိုလည်း ချယ်ရီဆို ဘယ်လိုစေတနာပေါက်နေမှန်းမသိ အဖေတောင်းကုန်းက မပေးဖြစ် ဘဲ ဥစ္စာခြောက်ထားတဲ့ ခရုခွံလှလှလေးတွေထုတ်ပေးတော့ ချယ်ရီမှာ ပျော်သွားလိုက်တာ။ သူ့လည်ပင်းက ကြိုးကလေးကို အမှတ်တရ ဖြုတ်ပေးတော့ အိုအို မယူရဲဘူး။ မြို့ကလူတွေ ချမ်းသာတော့ တန်ဖိုးကြီးပစ္စည်းတွေ သုံးမှာပေါ့ အိုအိုတို့နဲ့ မတန်ပါဘူး။
"ယူပါ...ဗစ်တာရဲ့ ဒါက ပြဿနာမရှိပါဘူး၊ ဖန်စီပစ္စည်းပါ"
"ဖင္စီ ဟုတ္လား"ဖင်စီမဟုတ်ပါဘူး၊ ဖန်စီပါ၊ ဖန်စီဆိုတာ ပေါ့ပေါ့ ပါးပါး ဈေးချိုချိုနဲ့ ဝယ်ယူ အသုံးပြုလို့ရတဲ့ ပစ္စည်း ဆန်းဆန်းလှလှလေးတွေကို ပြောတပြါ။ ဒီဖန်စီဆွဲကြိုးလေးကို ချယ်ရီ သိပ်ကြိုက်တယ်။ ဗီတာ့ကို အမှတ်တရပေးတာလေ။ ဗစ်တာပေးတဲ့ ရောင်စုံခရုကလေးတွေကိုတော့ ဧည့်ခန်းက စာအုပ်စင်မှာ အလှထားမယ်နော်"
"ဒါဆို ကမ်းခြေက ကောက်သွားတဲ့ ခရုခွံအသေးလေးတွေကရော ဘယ်မှာသုံးမှာလဲ""အင်း... အဲဒါက အပေါက်ကလေးတွေ ဖောက်ပြီး အကျႌလက်ဖျားတွေ၊ ကော်လာ အနားတွေမှာ သီမယ်လေ၊ ပင်လယ်က ရတဲ့ပစ္စည်း ရန်ကုန်ရောက်တော့ ဆန်းနေမှာပေါ့"
အိုအိုတော့ ချယ်ရီပြောနေတာတွေကို နားမလည်တော့ဘူး။ ခရုခွံတွေ အကျႌမှာ ထည့်သီ မယ်ဆိုတာ အင်းလေ သူတို့မြို့ကြီး ပြကြီးက အိုအိုတို့ နားမလည်တာတွေနဲ့ အပြည့်ဖြစ်နေမှာပါ။ ဒါမဆန်းပါဘူး၊ အိုအိုတို့ ဆီမှာလည်း သူတို့နားမလည်တာတွေ အများကြီး မဟုတ်လား။ ဒါတွေ မြင်ဖူး၊ တွေ့ဖူးချင်လို့ မြို့ကနေ သင်္ဘောကြီးနဲ့ တကူးတက လာတာမဟုတ်လား။ အဖေတို့ ပြတဲ့ ဆလုံပြခန်းတွေမှာ လူတွေ တိုးနေတာကြည့်ပါလား။ ပြခန်းနဲ့ ကပ်နေတဲ့ ပန်းချီ အရောင်းခန်းမမှာ လည်း ဆွဲထားတဲ့ပုံက ပင်လယ်မြင်ကွင်းတွေချည်း အဲဒီအထဲမှာ အမေ့ပုံတောင် ပါသေးရဲ့။ အဖေ ကတော့ နင့်အမေဟာ မြို့မှာသာဆို မော်ဒယ်ဂဲလ်ဖြစ်ပြီတဲ့။ မော်ဒယ်ဂဲလ်ဆို ဘာလဲအဖေ ဆိုတော့ ပန်းချီဆွဲဖို့ ရှေ့မှာ သရုပ်ပြထိုင်ပေးတဲ့လူကို ပြောတာတဲ့။ ပွဲတော်ပြင်ဆင်နေဆဲ ရက်တွေ မှာအမေ့ပုံကို ပန်းချီဆရာတွေ လာဆွဲကြတာလေ၊ ပုံထဲမှာ အမေကတော့ ရှင်းရှင်းကလေးပဲ၊ ထဘီ ရင်လျားမှာ ခရုပုတီးတစ်ကုံးဆွဲလို့။ အဖေကတော့ အမေ နားမလည်တဲ့ စကားနဲ့ နချရယ် ဘူးသီးလို့ စနေလေရဲ့။အခုအချိန်ဆို ချယ်ရီ ဘယ်မှာရောက်နေပါလိမ့်၊ မီးပုံပွဲမှာ မရှိတာတော့ သေချာပါတယ်။ နယ်လှည့်ဆက်ဆံရေးတပ်က လာပြတဲ့ ဇာတ်ပွဲမှာရော ရှိမှာလား၊ ဒါမှတဟုတ် အနောက်ဘက်က အဆောင်မှာ စောစောစီးစီး ပြန်အိပ်နေပြီလား။ မနက်ဖြန် နေ့ခင်းလောက် သင်္ဘောကြီး ပြန်ထွက် မယ်ဆိုတော့ ချယ်ရီတို့လည်း ရန်ကုန်ပြန်ပြီပေါ့။ နောက်တစ်ခါ ပြန်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် ချယ်ရီ ပြန်ခါနီး တစ်ခုခု ပေးချင်စိတ်တွေ များနေလို့ ဘိုတဲတွေဘက် လာခဲ့ပါလို့ မှာထားတယ်။ မေ့များမေ့နေလို့ကတော့...လူတွေဟာ လာတုန်းကလည်း ကပျာကရာ၊ ပြန်တော့လည်း ကသုတ်ကရက်၊ ကော့သောင်း၊ ဘုတ်ပြင်းဘက် ထွက်မည့် လှေတွေက ရေလယ်မှာဆိုတော့ သမ္ဗာန် ကလေးတွေနဲ့ ကူသယ်ခေါက်သည်ပေါ့။ ပျားအုံကို တုတ်နဲ့ထိုးသလို မွစိတက်နေတဲ့ လူတွေကို ဖြတ်ကျော်ပြီး ဘိုတဲတွေဆီ ထွက်လာတော့ အဲဒီဘက်ကမ်းခြေမှာ လူတွေရှင်းလင်းနေရဲ့။ ဘိုတဲတချို့မှာ ဘိုတွေ ရှိနေတုန်း၊ သူတို့မှာ ဓာတ်ပုံတွေ ရိုက်မဆုံးသေးဘူး။အိုအို ရောက်ပြီး မကြာဘူး၊ ချယ်ရီရောက်တာ။ ဒီနေ့တော့ ဂါဝန်ဝါမလေး မဟုတ်တော့ဘူး၊ ဂါဝန်ပြာမလေး ဖြစ်နေပြီ။ ကောင်းကင်က ပြာပြာ ရေပြင်က ပြာပြာ၊ ဂါဝန်ကပြာပြာ...
"ဟေး... ဗစ်တာ၊ အန်တီတို့အဖွဲ့ ကျွန်းကို တစ်ပတ် ပတ်ကြည့်မယ်ဆိုပြီးလှေနဲ့ ထွက်သွား ကြပြီ၊ နင်ငါ့ကို လက်ဆောင်ပေးဦးမယ်ဆို မြန်မြန်ပေးလေ"
"ပေးမှာပေါ့ဟ... ပေးချင်လို့ ဒီကိုခေါ်ထားတာ ခဏလေး"အိုအိုလေ ပြောပြောဆိုဆို အပေါ်အကျႌချွတ်ပြီး ဘောင်းဘီတိုကလေးနဲ့ ဝုန်းဆို ရေထဲခုန်ချ လိုက်တာပေါ့။ ဘိုတဲတွေက ရေထဲထုတ်ထားတာဆိုတော့ ခုန်ချတာနဲ့ ရေနက်ထဲရောက် သွားရော နည်းနည်းလေး ဆက်ငုပ်လိုက်တာနဲ့ အိုအို လိုချင်တဲ့ အရာကို စမ်းမိ တယ်။ ဒါတိုင်း ဒီလောက် ယူရမခက်ပါဘူး၊ အခုစိတ်လှုပ်ရှားနေလို့လား မသိဘူး ခဲရာခဲဆစ် ဖြုတ် နေရတာ၊ ကျိုးသွားပဲ့သွားလို့ မဖြစ်ဘူး။ ဒါမျိုးက မကျိုးမပဲ့မှ အဖိုးတန်တာ။ ဟော... ရပြီ... ရပြီ..အိုအို ရေပေါ်ကို ဘွားခနဲ့ ပေါ်လာတော့ ဘိုတဲပေါ်မှာ လူတွေအများကြီး ဖြစ်နေပြီ၊ အံ့သြစရာ၊ ဟင်... ချယ်ရီကလည်းငိုလို့။
"ကောင်းလေးတစ်ယောက် ရေထဲဆင်းသွားတာ မပေါ်လာတော့ဘူး။ လုပ်ပါဦး-ကယ်ပါဦး ဗစ်တာ... ဗစ်တာရေ..."
"ရေထဲ ဆင်းသွားတာ ဧည့်သည်လား၊ ဒီကရွာခံလား..."
"ဆလုံဆိုရင် မပူနဲ့ ပြန်ပေါ်လာလိမ့်မယ်"တစ်ယောက် တစ်ပေါက် အသံဗလံတွေ ဆူညံလှချည့်၊ လက်စသတ်တော့ အိုအို မပြောမဆို ရေထဲဆင်းသွားတာ ချယ်ရီလန့်သွားတယ် ထင်ပါရဲ့။ ရေနစ်ပြီလို့လည်း ထင်နေမှာ အိုအိုကို မြင်တော့ လူတွေ သဘောပေါက်သွားကြတယ်။
ချယ်ရီကလည်း အငိုမျက်လုံး အပြုံးမျက်နှာနဲ့
"ဘာဖြစ်ရမှာလဲ၊ နင့်အတွက် ကျောက်ပန်းခက် ဆင်းငုပ်တာလေ"
"ဘုရားရေ...""ဒီကျောက်ပန်းခက်က ရေအောက်မှာနေတာ အောက်မှာ ရေညှိရေမှော်တွေနဲ့ဆိုတော့ ညှီနံ့နံ့နေသေးတယ်၊ မြို့ရောက်ရင် မိုးရေထဲ ပစ်ထားလိုက်၊ ဒါဆို ဖွေးဖွေးဖြူလာမယ်၊ နင့်အတွက် ငါ့ရဲ့ လက်ဆောင်၊ နင်ပြောတဲ့ ဖန်စီတော့ မဟုတ်ဘူးနော်"
စီတော့မှ ချယ်ရီက ဟက်ဟက်ပက်ပက် ရယ်ပြီး ကျောက်ပန်းခက်ကြီးကို လှမ်းပွေ့တယ်။ လူတွေကလည်း အုံကြည့်လို့၊ အဖေတို့ ပြခန်းဘက်ရောက်တော့ အဖေက စက္ကူဗူးကလေး တစ်ခုထဲကို ထည့်ပြီး အပြင်က သေသေချာချာ ကြိုးနဲ့ ချည်ပေးတယ်။"ဗစ်တာရယ်၊ ငါ နင့်ကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ရေအောက်မှ ခဲရာခဲဆစ် ဆင်းငုပ်ပေးတဲ့ လက်ဆောင်ကို အမြတ်တနိုးထားပါမယ်။ နင်တို့ ဆလုံတွေမှာ သဘာဝတရားက ပေးအပ်တဲ့ စွမ်းအင်တစ်မျိုး ရှိတယ်ဆိုတာ ငါယုံသွားပါပြီ။ နင်နဲ့ ခင်မင်ခဲ့ရတာ၊ နင်ကျွေးတဲ့ အစာတွေ စားရတာ၊ နင်ပေးတဲ့လက်ဆောင်တွေ ယူရတာနဲ့ ပတ်သက်ပြီး မြို့က ငါ့သူငယ်ချင်းတွေကို ပြောပြပါ့မယ်။ နင့်ပုံတွေလည်း ဟောဒီ ငါ့ကင်မရာလေးထဲမှာ အများကြီး။ ဘယ်တော့်မှ မမေ့ကြေးနော်။ နောင်နှစ် ဆလုံပွဲတော်မှ ငါလာဦးမယ်၊ နင်မျှော်နေပေါ"အဲဒီနေ့က အနောက်ဘက် အဆောင်ကနေ အိုအို ကိုယ်တိုင် သင်္ဘောကြီးပေါ်ကို လိုက်ပို့ ဖြစ်တာ အမှတ်တရ ပါပဲ။ အဖေလည်း မနေနိုင် မထိုင်နိုင် သူ့ပြခန်းကြီးပစ်ပြီး အိုအို သွားချင်တဲ့ နောက်လိုက်ပေးရတာ။ သင်္ဘောကြီးက အခြားလှေတွေလိုပဲ ရေလယ်မှာပဲ ဆိုက်ထားတာမို့ သမ္ဗာန်သုံးစီးနဲ့ လိုက်ပို့ရတာပါ။ အပေါ်မှာ လူပိုနေခွင့် မရှိလို့ ကျွန်မကြီးဆီ မြန်မြန် ပြန်လာပြီး ဘိုတဲ တွေပေါ်ကနေ သင်္ဘောကြီးကို ခပ်ငေးငေးကြည့်နေမိတာ အိုအို တစ်ယောက်တည်းပေါ့။သင်္ဘောကြီး ထွက်တော့ လက်ရန်းကို မှီပြီး ဗိုလ်ချိုကျွန်းကို ငေးနေတဲ့ ဂါဝန်ပြာပြာကလေး မျက်စိရှေ့က ပျောက်တဲ့အထိ ဘိုတဲပေါ်မှာ အိုအို ထိုင်နေမိတယ်။ သွားကြပြီ၊ သွားကုန်ကြပြီ၊ ရင်ထဲမှာ ဟာတာတာနဲ့ ဘယ်လိုခံစားမှုမျိုးမှန်း မသိတဲ့ ခံစားမှုတစ်မျိုး အိုအို စိတ်ကို လေးပင်စေတယ်။ တစ်ယောက်ယောက်ကို ပြောပြလို့မရတဲ့ ပြောပြလို့ မတတ်တဲ့ ဟာမျိုးပါ၊ အိုအို မပျော်တာ သေချာပါတယ်။
သောင်ပြင်ဖြူဖြူမှာ ကျွတ်ကျွတ်အိတ်တွေ ပလူပျံလို့။ ပြခန်းတွေဆီက ဖြုတ်သိမ်းတဲ့ သစ်ဝါးတွေဟာ အပုံလိုက်၊ ဆလုံတဲတွေရှေ့မှာတော့ ဆလုံအဘွားအိုတွေဟာ ပူလွန်းလို့ ထင်ပါရဲ့ ထဘီရင်လျားနဲ့ သဲပြင်မှာဆင်းပြီး လူးလှိမ့်နေလေရဲ့။ သူတို့က သူတို့သဘာဝ အတိုင်း နေပေမယ့် လက်ကျန် မပြန်သေးတဲ့ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်နေတာတော့ အိုအို မကြိုက်ပါဘူး။ ဆလုံဆိုတာ သဲတောမှာ တိုးနေတဲ့ လူလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ပွဲတော် မစခင်တက်ကြွသလောက် ပွဲတော်ပြီးဆုံးသွားတဲ့အခါ အိုအို စိတ်တွေ မပျော်ရွှင် တော့တာ ဘာကြောင့်လဲ၊ ချယ်ရီဆိုတဲ့ မြို့သူလေးကြောင့် ထင်တယ်။ အသံစာစာကလေးကို နားထဲက မထွက်ဘူး။ ပါးချိုင့်ကလေးကိုရော၊ အငိုမျက်လုံး အပြုံးမျက်နှာကလေးကိုရော... လက်က အဖေ့ကို ကူနေရပေမယ့် စိတ်ကတော့ အဝေးမှာ၊ မျက်စိက သင်္ဘေးကြီးထွက်ခွာရာ ပင်လယ်ပြင်ဆီ။တဖြည်းဖြည်းနဲ့ ဗိုလ်ချိုကျွန်းဟာ အရင်အတိုင်း နေသားတကျ ဖြစ်သွားပါပြီ။ အိုအိုတို့ ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ စာတွေလည်း ပြန်သင်နေရပြီ။ အဖေက အိုအိုကို စာကြိုးစားတဲ့၊ စာတတ်မှ လူရာဝင်မှာတဲ့၊ ငါ့သားကို မြို့ကြီးပြကြီးပို့ပြီး ပညာသင်စေမယ်တဲ့။ ဆလုံတွေ ဘဝမြှင့်တင်ဖို့ ဆလုံတွေ စာတတ်မှ ဖြစ်မယ်တဲ့။ ကျောင်းမှာတော့ ဆလုံပွဲတော်ရဲ့ ပျော်စရာ ရွှင်စရာ အကြောင်းတွေတစ်ယောက်တစ်ပေါက် ပြောလို့မကုန်ကြဘူး။ တစ်ခါမှ မတွေ့ဖူးတာတွေ ကြာရဆိုတော့ ပြောမဆုံးဖြစ်နေတော့တာပေါ့။ ဒီကြားထဲမှာ အိုအို တစ်ယောက်ပဲ အသံတိတ်နေတာ။ မပြောချင်ဘူး၊ အိုအို ကြုံတွေ့ခဲ့ရတာတွေဟာ အိုအိုတစ်ယောက်တည်းနဲ့ သက်ဆိုင်တယ် မဟုတ်လား။ တခြားလူတွေ ကြားသွားမှာ စိုးတာလည်း ပါတာပေါ့။ ဘာကြောင့် မှန်းမသိ၊ ချယ်ရီအကြောင်းကို ဘယ်သူမှ မသိစေချင်ဘူး။ ဒါကြောင့် လူကြားထဲမှာ ဒီအကြောင်း တွေ မပြောဘူး။ ဒါပေမယ့် အဖေက သိတယ်၊ ဘာဖြစ်လို့လဲ မသိဘူး၊ အိုအို ပင်လယ်ဘက် မျှော် နေတဲ့ကိစ္စကို အဖေသိနေတယ်။ အဖေက တစ်ခွန်းပဲ ပြောတယ်။"ချယ်ရီနဲ့ ပြန်တွေ့ ချင်ရင် စာကြိုးစား"တဲ့။
အချိန်တွေဟာ မြန်မြန်ကြီး ကုန်ဆုံးသွားတယ်။ ကောင်းကင်ကြီးက ပြာဆဲ၊ ပင်လယ်ပြင် လည်းပြာဆဲ၊ ဂါဝန်ပြာမလေးရေ... အခုဆိုရင် ခြောက်နှစ်ဆိုတဲ့ အချိန်ဟာ ဖြတ်သန်းလွန် မြောက် ခဲ့ပြီ။ ကျွန်တော်တောင် ဘုတ်ပြင်း အ.ထ.က က ဆယ်တန်းအောင်ခဲ့ပြီလေ။ ရွာကို ပြန်ရောက်တော့ အဟောင်းတွေ အသစ်ဖြစ်ပြီး ဂါဝန်ပြာ မလေးကို လွမ်းနေပါရော။"အိုအိုလို့ မပြောနဲ့တော့လေ ငါ့သား ကလေးမဟုတ်တော့ဘူး၊ ဆယ်တန်းတောင် အောင်ပြီ။ အိုအို ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကလေးလို့ပြောတဲ့အဓိပ္ပာယ် မဟုတ်လား၊ အခု ငါ့သား ယောကျာ်းရင့်မကြီးဖြစ်ပြီ။ အဖေနဲ့ လှေလှော်ပြိုင်မလား၊ အနောက်ကမ်းခြေမှာ သွားပြေးကြမလား"အဖေက သူ့သားရဲ့ သန်မာထွားကြိုင်းလာမှုကို အားရနေလေရဲ့။ အနောက်ကမ်းခြေဆိုလို့ နောင်နှစ်ဆလုံပွဲတော်မှာ လာဦးမယ် ဆိုသွားသူကို သတိရမိပြန်တယ်။ နောင်နှစ် ဆလုံပွဲတော်က ဖြစ်မှမဖြစ်တော့ဘဲ မိန်းကလေးရယ်၊ ကံကြမ္မာက တို့နှစ်ယောက်ကြားမှာ ရက်စက်လှချည့်။ အပျော်တွေ တို့မြည်းဖူးသွားတဲ့ ဆလုံတွေလည်း ပွဲတော် အပေါ် မျှော်လင့်ချက်တွေနဲ့ မောခဲ့ကြတာ အခုဆို ခြောက်နှစ်မြောက်ပါပြီအဖေဟာ စာကြိုးစားခဲ့တဲ့ သားအပေါ် ကတိတည်ဖို့ ကြိုးစားရှာတယ်၊ အမေကတော့ အဖေ့အစီအစဉ်ကို လက်မခံချင်ပါဘူး။ ဘုတ်ပြင်းမှာ သွားထားခဲ့ရတဲ့သားကို အခု ရန်ကုန်ပို့ဦး မယ်ဆိုတော့ အမေဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် အိမ်မှာ အဖေ့ဆုံးဖြတ်ချက်က အတည်ပါ။"ကိုယ့်မိတ်ဆွေ ဦးစောဂျက်က အဏ္ဏဝါစိုး ကုမ္ပဏီဆိုပြီး ငါးပုစွန်အိတ်စပို့လုပ်ငန်း လုပ် နေတယ်။ အရင်တုန်းက ဝါးကျွန်းနဲ့ ယိုးဒယားပေါ့၊ အခု ရန်ကုန်မှာ ဖွင့်နေပြီ၊ အဲဒီမှာ အလုပ်လုပ် ရင်း ဘွဲ့တစ်ခုရအောင် ယူရမယ်။ ပင်လယ်ကြီး ရှိနေသရွေ့ ပင်လယ်နဲ့ အသက်မွေးမှုလုပ်ငန်းတွ ဘယ်တော့မှ မတိမ်ကောဘူး။ ပင်လယ်သားတစ်ယောက် အနေနဲ့ ဒီလုပ်ငန်းကို လေ့လာသင်ယူပြီး နိုင်ငံတကာဆီ တိုးဆန့်လှမ်းဝင်နိုင်ရမယ်။ ငါ့သား ရှေ့ကို ရောက်သွားရင် အဖေ့ပင်လယ် ထွက်ကုန် ဈေးကွက်လည်း ကျယ်ပြန့်လာနိုင်တယ်။ ဒါကြောင့် မင်း ရန်ကုန်ကို သွားမှ ဖြစ်မယ်။ဒီလိုဆိုတော့ အမေ့ခများဘာမှ မပြောရှာတော့ပါဘူး။ ကျွန်တော့် အောက်မှာလည်း မောင်လေး ညီမလေး သုံးယောက်တာဝန် ရှိနေသေးတာကိုး။ ဒီလိုနဲ့ ရွာကနေ ကျွန်တော် ထွက်ခွာဖို့ ပြင်ဆင်ရပါတော့တယ်။ ကော့သောင်း လှေကြုံစောင့်ရင်း ကော့သောင်းကမှ ရန်ကုန်ကို လေယာဉ်နဲ့ သွားရမှာပါ။ သွားခါနီးတော့ အဖေက...
"မင်း ဟိုရောက်ရင် နေရေးစားရေး ကုမ္ပဏီမှာပဲ စီစဉ်ပေးလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေပါအောင် ထည့်နော်၊ ဟောဒီမှာ... လိပ်စာကတ်ပြားလေးတစ်ခု၊ ဒါ ချယ်ရီ့အပေါ် အန်တီ ဒေါ်မြတ်မြတ်စိုးရဲ့ လိပ်စာကတ်ကလေးပါ။ ရန်ကုန် ရောက်လို့ နေသားကျရင် မင်းသွားရှာလို့ရပြီပါ့။ ငါ့သား တာဝန်ကျေသလို အဖေလည်း တာဝန်ကျေပြီနော်"လက်ထဲက လက်သုံးလုံးစာ ကတ်ပြားကလေးကို ကျွန်တော် မျက်လုံးပေါက်ထွက်မတတ် စိုက်ကြည့်နေမိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ပေးသွားတာမို့ ဝါကျင့်ကျင့် ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ မျှော်လင့်ချက်အလင်းတွေ ပြိုးပြက်စေမယ့် အရာကလေးပဲပေါ့။ ဒါကြောင့် အဖေက ကျွန်တော့်ကို စာကြိုးစားခိုင်းတာကိုး၊ ဆလုံတစ်ယောက် ရန်ကုန်ရောက်ရမယ့် ကိစ္စဆိုတာ လွယ်တာမှတ်လို့။ အခုတော့ တကယ်ရောက်ရတော့မယ်ပေါ့။ ချယ်ရီနဲ့လည်း...။ ကျွန်တော် ချယ်ရီပေးသွားတဲ့ ဖန်စီကြိုးကလေးကို လည်ပင်းမှာ စမ်းလိုက်မိတယ်။တောသားမြို့တက်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ကျွန်တော် ဘယ်သွားသွား ဘတ်စ်ကား မစီးတတ်သေးဘူး။ ရန်ကုန်ရောက်တာ တစ်ပတ်ကျော်ပြီ၊ ဘယ်သွားသွား တက္ကစီနဲ့။ အခုလည်း လိပ်စာကတ်ပြား လေးထဲက အတိုင်းသွားဖို့ တက္ကစီပဲ ငှားလာရတာလေ။ မယ်မယ် ပေးလိုက်တဲ့ တင်းပေးခြောက်တွေ၊ ငါးလိပ်ကျောက်အူခြောက်တွေ၊ ရေခူတွေဆိုတာ နည်းတဲ့အထုပ်ကြီး မဟုတ်ဘူး။ ကျွန်တော့်ပုံက ကိုးရိုးကားရားများ နိုင်မလား။ ဘုတ်ပြင်းမှာ ကျောင်းတက်လာရတာဆိုတော့ တောဂိုက်မပေါက် အောင်တော့ ဝတ်ဆင်လာပါတယ်။လိပ်စာအတိုင်းကား့ရပ်တော့ ခြံဝင်းတစ်ခုထဲက တိုက်ပြားကလေးကိုဝင်ဖို့ ရှိန်သွားတယ်၊ အသားဖြူဝဝ အမယ်ကြီးတစ်ယောက်ထွက်လာပြီး မေးတော့ ဒေါ်မြမြစိုးရဲ့ လိပ်စာကတ်နဲ့ အဖေရဲ့မိတ်ဆက်စာကို ပြလိုက် တယ်။ "ဝင်ပါမောင်ရင်……..ဝင်ပါ။ ဗိုလ်ချိုကျွန်း မကြုံဂလတ်ကဆိုရင်တော့ မြတ်မြတ်ရဲ့ မိတ်ဆွေဆိုတာ အဘွား ယုံပါတယ်။ မြတ်မြတ်တော့ မရှိဘူးကွဲ၊ သူ့အလုပ်က နေပြည်တော်ကို ပြောင်းသွားရတော့၊ အင်း……… ချယ်ရီ တော့ရှိတယ်၊ အခု ကွန်ပျူတာသင်တန်းတစ်ခုတက်နေတာ လာတော့မှပါ၊ ဝင်ထိုင်ပြီးစောင့်ကွဲ၊ အဘွားကော်ဖီ ဖျော်လိုက်ဦးမယ်"
ဧည့်ခန်းက မွှေးမွှေးအေးအေးကလေးမို့ ခြေမချရက်စရာ၊ ကြမ်းပြင်ကလည်းပြောင်၊ ဆက်တီ တွေက လည်းလှ၊ ကျွန်တော်ပါလာတဲ့ ပင်လယ်စာ အထုပ်ကြီးအခန်းထောင့်မှချပြီး မရဲတရဲ ဆက်တီထိုင်ခုံပေါ်မှာ ထိုင်လိုက်တယ်။ အလို…….နံရံပေါ်မှာ ဓာတ်ပုံတွေအများကြီးပါလား၊ သေသေချာချာကြည့်တော့ ချယ်ရီတို့ဆလုံ ပွဲတော်လာတုန်းက ရိုက်သွားတဲ့ပုံတွေပါလား။အဲဒိတုန်းက ချယ်ရီက ငယ်ပေမယ့် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်နေပြီ။ ရိုက်နေတာလည်း တဖျပ်ဖျပ်၊ ဟင်..ဒါ…….ဒါ ကျွန်တော်ပုံပါလား။ ဆလုံလှေတစ်စင်းပေါ်တက်ပြီး ပုံပေးနေတဲ့ ကျွန်တော်ပုံ မမေ့ သောဗစ်တာ…………တဲ့ စာတန်းရေးထားသေးရဲ့။
ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ၊ အဖေတို့ပြခန်းရှေ့မှာ ရိုက်တဲ့ပုံ၊ ဘိုဘဲတွေနောက်ခံပြီး ရိုက်တဲ့ပုံတွေကို တကူးတက ဧည့်ခန်းမှာ ချိတ်ထားတာ ချယ်ရီရဲ့ အနွေးဓာတ်လား၊ ဒီမှာ လည်းကျွန်တော် ရေအောက်ဆင်းငုတ်ယူပေးလိုက်တဲ့ ကျောက်ခက်ပန်းကြီးကို မှန်ပုံနဲ့ ထည့်ထားသေးရဲ့။ အောက်မှာ ရေးထားတာက " အသက်နဲ့ထပ်တူ" တဲ့ ဘာတွေလဲ ဘာအဓိပ္ပယ်လဲ။" မောင်ရင် ကော်ဖီ ပူပူလေး သောက်လိုက်ပါဦး။ သြော်……..ဓာတ်ပုံတွေ ကြည့်နေတာထင်တယ်။ ဆလုံကျွန်က ပြလပြီးကတည်းက သူ့မှာ အလုပ်တွေ ရှုပ်နေလိုက်တာလေ။ ပါလာတဲ့ ခရုတွေကိုလည်း တသိမ်း သိမ်းနဲ့ ဟိုအောက်က မုန့်ဗူးထဲမှာ ဘယ်သူမှ ကိုင်လို့မရဘူး၊ ဒီလိုပါကွယ် ချယ်ရီက အဘွားသမီးငယ်က မွေးတဲ့ မြေးပါ။ မိဘနှစ်ပါးစလုံး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားပါပြီ၊ မွေးချင်းကလည်း မရှိတော့ အဖော်မင်ရှာတယ်။ လူတစ်ယောက်ကို ခင်ပြီဆို စွဲလမ်းနေရာ၊ သူ့ကြီးကြီးကပဲ သမီးအရင်းလေးလို ပြုစုကျွေးမွေးခဲ့ရတာပါ။ သူ့မှာ ဆလုံပွဲတော်အကြောင်း ပြောလို့ကို မဆုံးဘူး၊ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့မှာ ပြောစရာကိုမကုန်ဘူး၊ အနီးကပ်နေတဲ့ အဘွားပဲ မပျင်းမရိ နားထောင်ပေးရတာပေါ့။ နောက်နှစ်တွေမှာ သွားမယ်တကဲကဲပေါ့၊ ဆလုံပွဲ တော်က မဖြစ်တော့လို၊ သူကြီးလာရင် ဗိုလ်ချိုကျွန်းကို တစ်ခေါက်လောက်တော့ ပြန်သွားဦးမတဲ့။ အခုလိုများ ဟိုကလူ လာတာမြင်ရင် ဝမ်းသာရှာမှာ….. "အဘွားက မြေးချစ်အဘွားထင်ရဲ့ သုူ့မြေးအကြောင်းပြောလိုက်တာ တပြုံးပြုံးနဲ့ ကျွန်တော်လည်း ကော်ဖီကို သောက်ပါသောက်ပါဆိုလို့ မော့သောက်လိုက်ရ ဘာအရသာမှ မတွေ့ဘူး၊ ပင်လယ်သားတွေဟာ မိုးလင်းရင် ငါးခြောက်ဖုတ်နဲ့ ထမင်းကြမ်းစားမှ ဝမ်းလေးတာမဟုတ်လား မြို့က ကော်ဖီတစ်ခွက်လောက်က ဘယ်ကြားထဲရောက်သွားမှန်းမသိ။
ကျွန်တော်လည်း ဘာပြောရမှန်းမသိလို့မယ်မယ်က ငါးခြောက်တွေ ရေခူတွေထည့်ပေးလိုက်တဲ့ အကြောင်းစကားမရှိစကားရှာ ပြောရတယ်။" ရေခူဆိုတာ အခုမှကြားဖူ စားဖူးတာပါကွယ်၊ အဘွားတို့ ငယ်ငယ်က မကြားဖူး မစားဖူးပါဘူး။ ပင်လယ်လည်း မရောက်ဘူးတော့ ပင်လယ်စာတွေနဲ့ ဝေးတာပေါ့။ ချယ်ရီကတော့ ပွဲတော်က ပြန်လာပြီကတည်းက ပင်လယ်စာတွေ ခံတွင်းတွေလာတာလေ၊ ရေခူတော့် သံဈေးမှာ ဝယ်လို့ရတယ်။ သူ့မှာ ခဏခဏဝယ်ပြီး သုပ်စားရတာ အမော၊ မဆိုးပါဘူးကွဲ့ လူနဲ့တည့်တယ်ပြောတယ်၊ စားလိုက်ရင် ထုတ်……. ထုတ်နဲ့ ဟော………. ပြောရင်းဆိုရင်း"" အဘွားရေ…………..သမီးပြန်လာပြီ"
ခြံဝင်းတံခါးကိုဖွင်ပြီ ဝင်လာတဲ့အသံ ၊ လူမမြင်ရခင် အသံအရင်ကြားရတာ အသံကတော့ မပြောင်းလဲပါ လား၊ ပိုပြီး ကြည်လင်ဝေစည်လာတာကလွဲရင် ငယ်သံမပျောက်သေးဘူး။ ဝင်ပေါက်ဝမှာ ပေါ်လာတဲ့ဘောင်းဘီ ရှည်ဆွဲသားအင်္ကျီ၊ ဆံပင်ညိုညိုဖြောင့်ဖြောင့်နဲ့ ကောင်းမလေးဟာ ချယ်ရီတဲ့လား။
ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။"အဘြား...သူကဘယ္သူ...ဟင္..ဗစ္တာ ဗစ္တာ...."
သူ ကျွန်တော့်ကို ဗစ်တာမှန်း ဘာလို့ချက်ခင်းသိရတာလဲ။ ကျွန်တော့လည်ပင်းက သူပေးသွားတဲ့ ဖန်စီကြိုးကလေးကြောင့်လား။
သူဟာ ပါလာတဲ့ ကျောပိုးအိတ်ကို ပစ်ချပြီး ကျွန်တော်နဲ့ အနီးဆုံးဆီ ပြေးလာပြီး ကျွန်တော့် လက်ကို ကိုင်ဆွဲမယ် လုပ်ပြီးှမှ သတိရပြီး ကိုယ်ရှိန်သတ်လိုက်ပါတယ်။
"ဗစ်တာ...ဘယ်လို ရောက်လာတာလဲဟင် - အခု ဘာတွေလုပ်နေလဲ ဗိုလ်ချိုကျွန်းက အဖေတို့ အမေတို့ရော နေကောင်းလား။ ရုပ်မြင်သံကြားက ရဟယ်ရှင် ထားဝယ်ယိမ်း လာရင် ဗစ်တားကို သိပ်သတိရတယ်။ ပွဲတော်ကို ပြန်သွားချင်တယ်။ စကားပြောပါဦး ဗစ်တာရဲ့၊ နင့်အသံဝဲဝဲလေး မကြားရတာ ကြာပြီ"ကျွန်တော်လား။ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ ပြောမထွက်တာပါ။ ဘုတ်ပြင်းမှာ ကျောင်းသွား တက်တဲ့အကြောင်း၊ ဆယ်တန်းအောင်ပြီဖြစ်တဲ့အကြောင်း၊ အဏ္ဏဝါစိုးကုမ္ပဏီမှာ အလုပ်ဝင်ပြီး ပင်လယ်ပစ္စည်း ကုန်သွယ်မှုကို လေ့လာသင်ယူမယ့် အကြောင်းပြီးတော့...ပြီးတော့ ချယ်ရီကို ခြောက်နှစ်လုံးလုံး လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောချင်တာပေါ့မ။ ဒါပေမယ့် ဘာကစပြီး ပြောရမှန်း မသိဘူး။ လည်ပင်းမှာ ဆိုတို့တို့ နင်တင်တင်နဲ့။"ဟင် ဒီအထုပ်က ဘာထုပ်ကြီးလဲ"
"ငါးခြောက်တွေ ငါးယူလာတာ"
သူ့အာရုံက ငါးခြောက်ထုပ်ဆီ ရောက်သွားပြီး တစ်ခုပြီးတစ်ခု ဆွဲထုတ်ကြည့်နေတော့တယ်။
"ဗစ်တာရယ် နင်လာတာ ဝမ်းသာလိုက်တာဟယ် ငါးခြောက်တွေ ရေခူတွေရတာလည်း ဝမ်းသာတယ်၊ ဟိုဒင်း...ဝါးပလုပ်လေ- မပါဘူးလား။ တခြားဟာက ဒီမှာ ရှာစားလို့ရတယ်၊ ဝါးပလုပ်က မရဘူး၊ ဘယ်မှာမှ မရှိဘူး။ မပါဘူးလား""ဒီလောက် ခရီးဝေးတာ ဝါးပလုပ် သယ်လာလို့ ရမလားဟ။ နင်ကလည်း စဉ်းစားပါဦး၊ ဒီလိုမှန်းသိ ဟိုဟာနဲ့တူတဲ့ သဲပလုပ် ယူလာရင် ကောင်းသား"
"ဗစ်တာ ကောင်စုတ်"
အခုမှ ဗိုလ်ချိုကျွန်းမှာ တွေ့ခဲ့တဲ့ ချယ်ရီစစ်စစ် ဖြစ်သွားတော့တယ်။ သူ့မြေးပျော်နေတာကို အဘွားမှာလည်း ပြုံးလို့။ ဒီကြားထဲ ချယ်ရီက အဘွားရေ သမီးထမင်းဆာပြီ ဗစ်တာကိုလည်း ကျွေးရအောင်တဲ့။ အဘွားမီးဖိုထဲ ဝင်သွားတော့ ကျွန်တော်က ကျွန်တော့ကျောပိုးအိတ်ထဲက ပစ္စည်းကို တယုတယ ထုတ်လိုက်ပါတယ်။
"ဟယ် - လှလိုက်တာ ဒါမ ဘာကောင်လဲဟင် ဗစ်တာ""ပဂဲလို့ခေါ်တဲ့ ကျောက်ပုစွန်ပေါ့၊ ကျောက်ပုစွန်တွေ အများကြီး ရှိတဲ့အထဲက သူက ဆဲဗင်း ကာလာလို့ ခေါ်တဲ့ကောင့်ပေါ့။ အရောင်ခုနှစ်မျိုးရှိတယ်။ အိမ်တွေမှာ အလှကပ်ဖို့ သူ့အခွံက တန်ဖိုးရှိတယ်။ အဖေက ရန်ကုန်လွှတ်မယ်ဆိုတာနဲ့ ငါကိုယ်တိုင် နံရံမှာချိတ်ဖို့ လုပ်လာတာလေ။ အပေါ်က မှန်ပုံးခံလိုက်တော့ တော်ရုံ မပျက်စီးတော့ဘူးပေါ့။ချယ်ရီမှာ ဝမ်းသာလွန်းလို့ ဆဲဗင်းကာလာကို ကြည့်နေလိုက်တာ မျက်တောင်မခတ်တော့ဘူး။ သူတို့လာတုန်းက ဒါမျိုး မမြင်သွားရဘူးလေ။ ရချင်တဲ့ အချိန်မှ ရတာကိုး။
"တော်လိုက်တာ ဗစ်တာရယ် နင်ဟာ ပင်လယ်သား ပီသပါပေတယ်။ လူတစ်ယောက်ရဲ့ အနေအထိုင် အပြောအဆို လှုပ်ရှားမှုကို ကြည့်ရင် သူ့ဒေသကို ကိုယ်စားပြမှုဆိုတာ သိနိုင်သတဲ့။ နင်ဟာ ပင်လယ်နဲ့ ရင်ချင်းဆက်သူဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ပင်လယ်ရဲ့ ဘာသာဗေဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်သူဖြစ်လို့ နင်ရဲ့ပင်လယ်ပစ္စည်း ကုန်သွယ်မှုလုပ်ငန်းဟာ မလွဲ မသွေ အောင်မြင်ပါလိမ့်မယ်"မြို့ကြီးသူ ချယ်ရီပြောသလောက် ကျွန်တော် နားမလည်ပါဘူး။ သူက စကားတတ်တိုင်း ပြောနေ တော့တာ။ ကျွန်တော့လည်း အနေအထိုင် ဆိုတာကလည်း ကျွန်တော်နေတတ်သလို နေတာလေ။ ဟောချက်ချင်းပဲ ဆဲဗင်းကာလာကို နံရံမှာချိတ်ချင်တယ်ဆိုလို့ ချိတ်လို့ရအောင် လုပ်ပေး ရပြန်တယ်။ ပင်လယ်ပစ္စည်းတွေရဲ့ အောက်မှာ စာတန်းရေးထိုးလေ့ရှိတဲ့ ချယ်ရီတစ်ယောက် ဆဲဗင်းကာလအောက်မှာ ဘာရေးမလဲလို့ ကျွန်တော် စိတ်ဝင်စားနေမိတယ်။ ကျွန်တော ရေအောက် ဆင်းငုပ်ယူပေးတဲ့ ကျောက်ခက်ပန်းအောက်မှာတော့ အသက်နဲ့ထပ်တူတဲ့။ အခု သူဘာရေးမှာပါလိမ်မ့ တကယ်ရေးတော့ စောစောက သူပြောသလို ကျွန်တော်သိပ်နားမလည်တဲ့ စကားလုံးတွေတော့ မပါ,ပါဘူး။ ကျွန်တော် နားလည်တဲ့ စကားလုံးလေးနဲ့ ရိုးရိုးလေး ရေးလိုက်တာပါ။
"ရင်နဲ့အမျှ"....တဲ့။
မိချမ်းဝေ
ကလျာ မဂ္ဂဇင်း
ဇန္နဝါရီ ၂၀၁၀
